Thursday, October 3, 2013

ဘတ်ဂျက်တွင် မပါသည့် အရေးကြီး စီမံကိန်းများ ငြိမ်းချမ်းရေး ရန်ပုံငွေမှ ရယူဆောင်ရွက်မည်ဟုဆို

0 comments
3.10.2013

နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးရမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး အသုံးစရိတ် (ဘတ်ဂျက်) တွင် မပါဝင်သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ရန်ပုံငွေမှရယူ အသုံးပြုသွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်အတွင်းရှိ လမ်းတံတား စီမံကိန်းအချို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်အပေါ် ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဘတ်ဂျက်မှာ မပါလည်း ကျွန်တော်တို့ဆီမှာ ငြိမ်းချမ်းရေး တည်ဆောက်မှု ရန်ပုံငွေဆိုတာ ရှိတယ်။ သက်ဆိုင်ရာဒေသ အစိုးရတွေရဲ့ ထောက်ခံချက်နဲ့ ဆောင်ရွက်ပေးမယ်” ဟု ဗိုလ်ချုပ မောင်မောင်အုန်းက ဆိုသည်။

ချင်းပြည်နယ် မတူပီမြို့နယ် အတွင်းရှိ ကားလမ်း စီမံကိန်းတစ်ခုကို ဝန်ကြီးဌာနက ဖောက်လုပ်ပေးမည်ဟု စာဖြင့်အကြောင်း ပြန်ကြားထားသော်လည်း အမှန်တကယ် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ ယင်းအတွက် ဝန်ကြီးဌာန၌ ဘတ်ဂျက် အခက်အခဲ ရှိပါက ကမ္ဘာ့ဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) စသည့် အစီအစဉ်များတွင် ထည့်သွင်း ပေးစေလိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က ပြောကြားသည်။

နပ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ၁၉၈၉ ခုနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အထိ ငွေကျပ်ဘီလီယံ တစ်ထောင်နီးပါး အသုံးပြုခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေကျပ် ၁၄၃ ဒသမ ၄၁၆ ဘီလီယံ အသုံးပြုမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေတစ်ရပ် ထားရှိရန် ပြည်သူ့လွှတ်တော် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here