Tuesday, October 8, 2013

ဇာတ်တော်လာ ကြောက်စရာကောင်းသော ယောက်ျားမာယာများ

0 comments



8.10.2013

ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့ အမည် ပေးရသလဲ ဆိုတော့ မွေးကင်းစကလေးငယ် ကနေ ဘုံ(၇)ဆင့်၊ တိုက်အပေါ်ဆုံးထပ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူးအောင် ထိန်းသိမ်းထားတဲ့ မိန်းကလေး ကို ဖျက်ဆီးဖို့ရန် ကြံစည်နိုင်တဲ့ ယောက်ျားတို့ရဲ့ မာယာဟာ ပေါ့သေးသေး မဟုတ် တာကြောင့် ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့ အမည် ပေးလိုက်တာပါ။ ဒီလို မာယာရှိတဲ့ ယောက်ျားများ ကမ္ဘာပေါ်တွင် ရှိနေတယ် ဆိုတာကို မိန်းကလေးများ သိရှိပြီး သတိထား ရှောင်ကြဉ်နိုင်စေရန် ရေးသား တင်ပြပေးလိုက်တာပါ။

ယောက်ျားလေးတွေ အကြောင်း မရေးလို့လည်း မဖြစ်ပြန်ပြန်ဘူးလေ။ မနေ့က မိန်းမပျက် အင်္ဂါ(၂၅)ချက်ကို ဇာတ်တော်ထဲမှ ကောက်နှုတ် တင်ပြ ပေးခဲ့ရာ ယောက်ျားသားများမှ မိန်းမသားများအတွက် ရှောင်ကြဉ်စရာ ရေးပြီးရင် မိန်းမသားများအနေနဲ့လည်း ဘယ်လိုယောက်ျားသားများကို ရှောင်ကြဉ်ရမလဲဆိုတဲ့ အချက်အလက်တွေ ရှာဖွေရေးသား တင်ပြ ပေးပါဦးဆိုလို့ ခုလို ရေးသားတင်ပြပေးလိုက်တာပါ။

ဘယ်လို ကြောက်စရာကောင်းတဲ့ မာယာတွေလဲ ဆိုတာ သိရအောင် ဇာတ်တော် ကို အကျဉ်းချုပ် ရေးသားပေးပါမယ်။ ဒီဇာတ်လမ်းလေးကို ပြီးဆုံးအောင် ဖတ်ကြည့်ရင် သိရပါလိမ့်မယ်။

တစ်ခါက ရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ဟာ မိတ်ဆွေတွေမို့ နှစ်ဦးဆုံတဲ့အခါ ကြွေအန်ကစားလေ့ ရှိကြပါတယ်။ အဲဒီလို ကစားတဲ့အခါ ပုဏ္ဏားကြီးက သူ့အိမ်မှာ မွေးစားထားတဲ့မိန်းကလေးဟာ ဘယ်သူနဲ့မှ မတွေ့မထိဖူး။ ဖောက်ပြန်ခြင်းမရှိဘူးဆိုပြီး ရွတ်ဆိုကာ အန်စာတုံးပစ်ကစားတယ်။ အဲဒီစကားဟာ မှန်ကန်နေတာမို့ ပုဏ္ဏားကြီးက အမြဲနိုင်ပြီး မင်းကြီး အမြဲရှုံးလေတယ်။

ဒါနဲ့ မင်းကြီးက ပုဏ္ဏားအိမ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူး၊ မတွေ့ထိဖူးတဲ့မိန်းကလေး ရှိမရှိကို စုံးစမ်းခိုင်းရာ ကလေးငယ်ဘ၀တည်းက ဘုံ(၇)ဆင့်တိုက်ပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် ပုဏ္ဏားကြီးမှာရှိတယ်လို့ သိရတာနဲ့ မင်းကြီးက အရက်သေစာသောက်စားတဲ့ လူတစ်ယောက်ကိုခေါ်ပြီး သင်ဟာ ပုဏ္ဏားကြီးအိမ်က အမျိုးသမီးကို ဖျက်ဆီး ပေးနိုင်မလား။ ပေးနိုင်ရင် ငွေပေးမယ်ပြောတော့ အရက်သမားက ရတယ်၊ မပူနဲ့၊ သူမာယာသုံးပြီး ဖျက်ဆီးနိုင်အောင် ကြိုးစားမယ်လို့ပြောပြီး မင်းကြီး ဆီက ငွေယူခဲ့လေတယ်။

အရက်သမားဟာ ပုဏ္ဏားကြီးအိမ်ရဲ့ အခြေအနေကို လေ့လာကြည့်တဲ့အခါ ဘုံ(၇) ဆင့်စလုံးရဲ့ တံခါးမုခ်တိုင်းတွင် မိန်းမ အစောင့်အရှောက်များ သာထားပြီး ယောက်ျားဆိုရင် အနားမကပ်ရအောင် ပြုလုပ်ထားတာကို တွေ့ရတယ်။ အမှိုက်သွန်လှည်းကိုပင် အ၀င်အထွက် စစ်ဆေးတယ်။ ပုဏ္ဏားကြီး အိမ်က မိန်းကလေးရဲ့ အထိန်းတော်ကြီး တစ်ယောက်သာ ပန်းနံ့သာများဝယ်ရန် နေ့စဉ် အပြင်ထွက်ရတယ်။ ဒါနဲ့ အရက်သမားလည်း ဘယ်ရမလဲ၊ ယောက်ျားမာယာ သုံးမယ်ဆိုပြီး ပုဏ္ဏားကြီး အိမ်အနီး လမ်းမတွင် ပန်းနံ့သာဆိုင်ကြီး တစ်ဆိုင်ကို ခမ်းနားစွာ ဖွင့်ထားလိုက်တယ်။

နေ့စဉ် အပြင်ထွက် ဈေးဝယ်ရတဲ့ အထိန်းတော်ကြီးဟာ ပန်းနံ့သာဆိုင်အသစ် ခမ်းခမ်းနားနား တွေ့ရတော့ စိတ်ဝင်စားပြီး လေ့လာကြည့်တဲ့အခါ ဆိုင်ရှင် အရက်သမားလည်း အထိန်းတော် မိန်းမကြီးကို မြင်တာနဲ့ ခြေရင်းတွင်လှဲပြီး ခြေထောက်ဖက်ပြီး အမေရယ် ဒီလောက်ကြာအောင် ဘယ်သွားနေလဲ အမေ့ကိုရှာလိုက်ရတာ ကြာလှပါပြီလို့ပြောရင်း ငိုနေပါတော့တယ်။ အရက် သမား စီစဉ်ထားတဲ့အတိုင်း နဘေးကလူတွေကလည်း အထိန်းတော်ကြီး ကြားအောင် သားအမိဆိုတာ ဟုတ်မှာပဲ၊ မျက်နှာချင်းကလည်း ဆင်လိုက် တာလို့ ပြောပြီး နဘေးကနေ တွန့်ပေးကြတယ်။ အဲဒီလို ဘေးက၀ိုင်း ပြောပေးမှုကြောင့် အထိန်းတော်ကြီးဟာ မိခင်ပျောက်တဲ့ သားတစ်ယောက်လို့ ထင်မြင်လာပြီး သူပါရော ငိုမိနေလေရဲ့။

ဒီလိုနဲ့ အရက်သမားနဲ့ အထိန်းတော်ကြီးတို့ဟာ သားအမိလို ဖြစ်သွားကြတဲ့ အခါ အရက်သမားက အထိန်းတော်ကြီးကို နန်းတော်တွင်းသာ သုံးဆောင် နိုင်တဲ့ အလွန်လှပတဲ့ ပန်းနံ့သာ အမွေးအကြိုင်တွေ အခမဲ့ပေးပြီး စည်းရုံး လေတော့တယ်။

အထိန်းတော်ကြီးက အဖိုးတန်တဲ့ပန်းတွေ အများကြီးယူလာတော့ ပုဏ္ဏားကြီးရဲ့ မိန်းကလေးက ဒီပန်းတွေ ဘယ်က ရတာလဲလို့ မေးတဲ့အခါ ငါ့သား ပေးလိုက်တာ။ ဒါနဲ့ မိန်းကလေးက အမေ့သား ဘယ်အရွယ်လောက် ရှိပြီလဲလို့ မေးတော့ သမီးနဲ့ရွယ်တူလောက်ပဲ၊ လူချော လူခန့်ကြီးလို့ ဖြေလိုက် တယ်။ ပုဏ္ဏား အဘိုးကြီးမှလွဲပြီး တခြားယောက်ျားလေး မမြင်ဖူးရှာတဲ့ မိန်းကလေးဟာ ရွယ်တူ ယောက်ျားလေး၊ ခန့်ချောကြီးလည်း ပြောလိုက်ရော စိတ်ဝင်စားသွားလေတယ်။

အဲဒီအချိန်ကစပြီး မိန်းကလေးဟာ လူချောလူခန့်ကြီးဆိုတာကို စဉ်းစားကြည့် နေမိတယ်။ အရက်သမားကလည်း မိန်းကလေးအခြေအန ဘယ်လိုရှိလဲ ဆိုတာကို အထိန်းတော်ကြီး မေးတဲ့အခါ မိန်းကလေးက လှတယ်။ ကိန္နရီ လေး လိုပဲ။ အထိန်းတော်ကြီးလည်း အရက်သမားက နေ့စဉ် မိန်းကလေး အကြောင်း မေးတာကို သတိထားမိပြီး စိတ်ဝင်စားနေမှန်း သိတဲ့အတွက် အဲဒီမိန်းကလေးကို တွေ့ရဖို့တောင် မလွယ်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ အရက်သမားလည်း ရိုးရိုးနည်းနဲ့မရရင် ယောက်ျားမာယာ နောက်တစ်နည်း သုံးမယ်ဆိုပြီး ဆိုင်မဖွင့်ဘဲ နေလိုက်တယ်။

အထိန်းတော်ကြီး ပန်းလာယူတဲ့အခါ အရက်သမား ဘယ်သွားလို့ ဆိုင်မဖွင့် တာလဲ။ ဘာဖြစ်နေလို့လဲလို့ စုံးစမ်းကြည့်လိုက်တော့ နေမကောင်းမှန်းလည်း သိရော အရက်သမားထံ သွားမေးလေတယ်။ အရက်သမားက အထိန်း တော်ကြီးကို အကျွန်ုပ် မိန်းကလေးရဲ့ အလှအပကိုသာကြားရပြီး မမြင်တွေ့ ရရင် သေရပါတော့မယ်။ အဲဒါကြောင့် အမေဖြစ်သူ အထိန်းတော်ကြီး ကူညီပေးပါဆိုပြီး မာယာ အကုန်သုံးကာ ပြောပါလေတော့တယ်။

အထိန်းတော်ကြီးလည်း မနေနိုင်တော့တဲ့အဆုံး ကူညီပေးမယ်ပြောပြီး အရက်သမားကို အမှိုက် တွန်းလှည်းတွင်ထည့်ကာ အပေါ်မှ ပန်းများနဲ့ဖုံးပြီး မိန်းကလေး အဆောင်တွင်း ခေါ်ဆောင်ပေးလိုက်တယ်။ မိန်းကလေးလည်း အခန်းတွင်းမှာ ရောက်လာတဲ့ အရက်သမားကို တွေ့တဲ့အခါ သက်တူ ရွယ်တူ ချင်းမို့ ချစ်ခင်မိ သွားရှာတယ်။ သူတို့နှစ်ယောက်ဟာ ပုဏ္ဏားကြီးလာရင် အရက် သမားက ပုန်းနေပြီး ကျန်တဲ့ချိန်မှာ နှစ်ယောက်သား အကြည်စိုက် နေလေရဲ့။

နှစ်ရက်သုံးရက် အတူနေပြီးတော့ မိန်းကလေးက အရက်သမားကို ပြန်ဖို့ သင့်ပြီလို့ ပြောတဲ့အခါ ပုဏ္ဏားကို တံတောင်နဲ့ ထောင်းပြီးမှ ပြန်မယ်လို့ ယောက်ျားဖြစ်ပေမဲ့ မာယာသုံးပြီး ကနွဲ့ကလျ ပြောတာနဲ့ မိန်းကလေးလည်း စီစဉ်ပေးမယ်လို့ ကတိပေးလိုက်တယ်။ ပုဏ္ဏားကြီး မိန်းကလေးအခန်း ၀င်လာတဲ့အခါ မိန်းကလေးက စောင်းတီးပေးပါ၊ ကချင်တယ်လို့ပြောတာနဲ့ ပုဏ္ဏားကြီးက ကောင်းပြီ တီးပေးမယ်ဆိုပြီး စောင်းတီးပေးနေလေတယ်။ ဒါတင်မကဘဲ မိန်းကလေးက သူကတာကို ပုဏ္ဏားကြီးမြင်မှာ ရှက်တယ်။ တစ်ယောက်တည်း ကချင်တယ်ဆိုပြီး ပုဏ္ဏားကြီးမျက်နှာကို အ၀တ်စည်း ထားလိုက်တယ်။

မိန်းကလေးက ပုဏ္ဏားကြီးအနား မထိတထိ ကတဲ့အခါ ပုဏ္ဏားကြီးခများ ပျော်နေရှာတယ်။ မိန်းကလေးက ပုဏ္ဏားကြီးရဲ့ နဖူးပြောင်ပြောင်ကြီးကို တံတောင်နဲ့ ထောင်းချင်လိုက်တာ၊ အူယားနေတာပဲလို့ ပြောတဲ့အခါ ပုဏ္ဏားကြီးက ထောင်းစေဗျာ၊ ထောင်းစေဗျာလို့ ပြောရှာလေတယ်။ ဒါဆို ထောင်းမယ်နော်လို့ပြောပြီး ပုန်းနေတဲ့ အရက်သမားကို ခေါ်လိုက်တဲ့အခါ အရက်သမားက ပုဏ္ဏားကြီး နောက်ကျောမှရပ်ပြီး ဦးခေါင်းကို တံတောင်နဲ့ တအားထောင်း လိုက်တယ်။ ပုဏ္ဏားကြီးမှာ နာလွန်းလို့ ‘’အားခနဲ’’နဲ့ ဖြစ်သွားတယ်။ ဒါနဲ့ ဒီလက်ဟာ မိန်းကလေးလက် မဟုတ်ပါဘူးလို့ ပြောတဲ့ အခါ မိန်းကလေးက ဟုတ်ပါတယ်။ ဒီမှာကြည့်ဆိုပြီး လက်ကို ထိုးပေး လိုက်တယ်။ ပုဏ္ဏားကြီးက ဟုတ်ပါရဲ့၊ လက်ကလေးက နု့ညံ့လိုက်တာ။ ထောင်းလိုက်တော့လည်း နာလိုက်တာ နော်ဆိုပြီး ဖြစ်နေရှာလေရဲ့။

အရက်သမားလည်း မိန်းကလေးကို ဖျက်ဆီးပြီးပြီ ဆိုတဲ့အကြောင်း ရှင်ဘုရင်ကို အကြောင်းကြား လိုက်တယ်။ ဒါနဲ့ ရှင်ဘုရင်နဲ့ ပုဏ္ဏားကြီးတို့ ကြွေအန် ကစားတဲ့အခါ ပုဏ္ဏားကြီး အရင်လိုရွတ်ဆိုပေမဲ့ မှန်ကန်တဲ့စကား မဟုတ်တော့တာကြောင့် ရှုံးလေတော့တယ်။

ဒါကတော့ ယောက်ျားတွေဟာ သူတို့လိုချင်တာ၊ ဖြစ်ချင်တာဆို မရ, ရအောင် ယူမယ်ဆိုပြီး တရားတာ၊ မတရားတာ နားမလည်ဘဲ မာယာသုံးပြီး ယူလေ့ ရှိတယ်ဆိုတာကို သိထားဖို့ရန်အတွက် ဇာတ်တော်ထဲကနေ ကောက်နှုက် တင်ပြ ပေးလိုက်တာပါ။ ဇာတ်တော်အကျယ်ကို ဖတ်ချင်တယ်ဆိုရင်တော့ (အဏ္ဍဘူတဇာတ်၊ ဇာတကအဋ္ဌကထာ၊ ပထမအုပ်၊ စာမျက်နှာ(၃၀၈)တွင် ဖတ်ရှု့နိုင်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ ယောက်ျားမာယာကို သဘောပေါက် နားလည်မယ်ဆိုရင် ကျန်တဲ့ မာယာများကိုလည်း နည်းယူပြီး နားလည်စွာနဲ့ လူမိုက်ယောက်ျားများ ဖျက်ဆီးမှဘေးကနေ မိန်းကလေးများ ရှောင်ကြဉ်နိုင်လိမ့်မယ် ထင်ပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း

Royal Hero Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here