Tuesday, October 15, 2013
ရခိုင်ပဋိပက္ခတွင် အကူအညီ ပေးနေသော ကာတာနှင့် တူရကီ လခြမ်းနီ အသင်းများ ကချင်ပြည်နယ်တွင် ကူညီမည်
Categories :
Tuesday, October 15, 2013
လူသားချင်း စာနာထောက်ထားမှု အကူအညီများ ကချင်ပြည်နယ်တွင် အထောက်အပံ့ ပေးရန်အတွက် ရခိုင်ဒေသတွင် ကူညီပေးနေသော ကာတာနှင့် တူရကီလခြမ်းနီ ကြက်ခြေနီအသင်းများ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အောင်ကျော်ထွဋ်က The Voice သို့ ပြောကြားသည်။
အဆိုပါ လခြမ်းနီ အသင်းနှစ်သင်းသည် ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ အကူအညီ ပေးနိုင်ရေး အတွက် ဆွေးနွေးနေပြီ ဖြစ်ပြီး မည်သည့် အကူအညီများ ပေးသွား မည်ကိုမူ ဆွေးနွေးဆဲဖြစ်ကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုပေါ် မူတည်ကာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ရခိုင်ပဋိပက္ခတွင် ကာတာလခြမ်းနီ အသင်းသည် အကူအညီ လိုအပ်နေသူများအတွက် ၂၀၁၂ နှစ်လယ်ပိုင်းမှစ၍ လုံးချင်းအိမ်များ ဆောက်ပေးခြင်းနှင့် ရွေ့လျား ဆေးခန်းများအတွက် ကျန်းမာရေး ဝန်ထမ်းများ ကူညီပေးခြင်းတို့ကို လုပ်ဆောင်နေပြီး တူရကီလခြမ်းနီ အသင်းသည် အခြေခံ လိုအပ်ချက်ဖြစ်သော ဆန်ကို ထောက်ပံ့ပေးကြောင်း ၎င်းကရှင်းလင်း ပြောကြားသည်။
အဆိုပါ လခြမ်းနီအသင်း နှစ်သင်းသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မိတ်ဖက် ကြက်ခြေနီအသင်းများ၏ အောက်တိုဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သော ညှိနှိုင်း အစည်းအဝေးကို တက်ရောက်ရာ ယင်းမှာ ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် ရခိုင်နှင့် ကချင်ပြည်နယ်များသို့ သွားရောက် ကူညီခြင်း အပါအဝင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်း ပြည်ပ ကြက်ခြေနီ အသင်းများ၏ လုပ်ဆောင်ချက်များကို နိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေအပေါ် မူတည်ကာ တိုးမြှင့်လုပ်ဆောင်ရေး တို့ကိုလည်း ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
လက်နက်ကိုင် ပဋိပက္ခကြောင့် ကချင်ပြည်နယ်တွင် တိမ်းရှောင် ထွက်ပြေးနေရသော ဒုက္ခသည်ဦးရေ သောင်းချီရှိကာ ဝေးလံခေါင်သီပြီး သွားလာရ ခက်ခဲသော ဒေသများက ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေသေးကြောင်း ပြည်တွင်း ပြည်ပ အကူအညီပေးရေး အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်းပြည်ပ ကြက်ခြေနီအသင်းများ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒီယန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျပန်၊ ကာတာ၊ ဆွီဒင်၊ ထိုင်ဝမ်၊ ထိုင်း၊ တူရကီ၊ နော်ဝေနှင့် အပြည်ပြည်ဆိုင်ရာ လခြမ်းနီနှင့် ကြက်ခြေနီအသင်းများ ဖက်ဒရေးရှင်းတို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ဆွေးနွေးခြင်းကို ၁၉၉၄ ခုနှစ်က စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၁ ခုနှစ်ကစ၍ ၂ နှစ်လျှင် တစ်ကြိမ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အတည်ပြုခဲ့ကာ ငါးကြိမ်မြောက် အစည်းအဝေးကို ၂၀၁၃ တွင် ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)