Monday, October 14, 2013

RCSS/SSA နယ်မြေတွင် တိုက်ခိုက်မှု များလာနေ

0 comments
                               RCSS ဥက္ကဌ၏ သမ္မတ တွေ့ဆုံရေး ခရီးစဉ်တွင် ၀န်ကြီး ဦးအောင်မင်း နှင့်အတူ

14.10.2013

ရှမ်းပြည် တောင်ပိုင်း ကွန်ဟိန်း မြို့နယ်ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ လုံခြုံရေး စခန်း တခုကို အောက်တိုဘာ (၁၂) ရက်နေ့၌ အစိုးရ တပ်ဖွဲ့ တို့က ရှောင်တခင် ဝင်ရောက် တိုက်ခိုက် သောကြောင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။

“ ဝိန်းဖွီး ဘိန်းဖြတ် စခန်းကို လုံခြုံရေး ယူထားတဲ့ ကျနော်တို့ တပ်ဖွဲ့ စခန်းကို မိုင်းဇန် မြို့နယ်ခွဲမှာ အခြေ စိုက်တဲ့ အစိုးရ ခလရ (၁၅၀) တပ်ဖွဲ့ တွေက ရှောင်တခင် ၀င်ရောက် တိုက်ခိုက်တာ ဖြစ်တယ်။ တိုက်ပွဲဟာ(၄) နာရီ ခွဲခန့် ကြာသွား ခဲ့ပါတယ်” ဟု ဆိုပါသည်။

တိုက်ပွဲ၌ RCSS/SSA တပ်သား (၂) ဦးကျဆုံးသွားခဲ့ပြီးသေနတ် (၂) လက် ဆုံးရှူံး ခဲ့ပါသည်။ အစိုးရ တပ်များ တဖြည်းဖြည်း အင်အား ဖြည့်တင်း လာနေ သဖြင့်တိုက်ပွဲများ ဆက်လက် ဖြစ်ပွား စရာ ရှိနေ ပါသည်။ တိုက်ပွဲကြောင့် ရွာသားများထွက်ပြေး တိမ်းရှောင် နေရပြီး အစိုးရ တပ်ဖွဲ့ များ၏ တိုက်ခိုက်မှု များသည်ယခု လဆန်း ပိုင်းမှ စပြီး ယခု တိုက်ပွဲ အထိ (၄) ကြိမ်ခန့် ရှိခဲ့ပြီး ဖြစ်ပါသည်။

ဤသို့ကြောင့် RCSS/SSA သည်အစိုးရ တပ်များ လာရောက် တိုက်ခိုက် နေမှု များကိုရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာ ဝန်ကြီးဗိုလ်မှူးကြီ အောင်သူအားယနေ့ မနက် ပိုင်းတွင် တိုင်ကြား လိုက်သည်ဟုဗိုလ်မှူးကြီးစိုင်းလက ဆိုပါသည်။ RCSS ၏ တိုင်ကြား မှုနှင့် ပါတ်သက်ပြီး ရှမ်းပြည် နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ၄င်းမှ ဖြေကြားရန် ငြင်းဆို ခဲ့ပါသည်။

ဝိန်းဖွီး ဘိန်းဖြတ် စခန်းသည်RCSS/SSA မှတည်ထောင် ထားသည့် ဘိန်းဖြတ် စခန်း တခု ဖြစ်ပြီး တိုက်ခိုက် ချိန်၌ စခန်း တွင်းတွင် ဘိန်းဖြတ်သူ (၄၀) ခန့် ရှိပါသည်။ အဆိုပါ စခန်းသည် ၂၀၁၂ ခုနှစ် ကတည်းက တည်ထောင် ပေးခဲ့ပြီးဘိန်း ဖြတ်ပြီးသူ (၂၀၀) ခန့် ရှိခဲ့ပြီး ဖြစ်သည်။

အစိုးရ တပ်များသည် ၄င်းတို့ ချမှတ် ထားသည့် တပ်မတော်မူ အချက် (၆) ချက်ကို ကျူးလွန် ခဲ့ပါက အရေးယူ မည်ဟု တိုင်းရင်းသား အဖွဲ့များကို မကြာခင်က အသိပေး ထားပါသည်။ လူသစ် စုဆောင်းပြီး အင်အား တိုးချဲ့ခြင်း၊ အခွန် ကောက်ခြင်း၊ ခွင့်ပြုချက် မရရှိဘဲ စခန်း အသစ် တည်ဆောက်ပြီး သွားလာ လှုပ်ရှားခြင်း ၊ အစိုးရ အဖွဲ့၏ အုပ်ချုပ် ရေးကို ဝင်ရောက် စွက်ဖက်ခြင်း၊ လူသတ်ခြင်း၊ အစိုးရမှ ဖွဲ့စည်း ထားသည့် ပြည်သူ့စစ် တပ်ဖွဲ့ကို ထိပါးခြင်း ပြုလုပ် ပါက တပ်မတော် အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် သွားမည်ဟု ဆိုထားပါသည်။

သို့သော် အသိ မပေးခင် ကတည်း ကပင် အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက်ကိုချိုးဖေါက်ပြီး တိုက်ခိုက် လာခဲ့ ပါသည်။ ဤသည် အစိုးရ ပေါ်လစီ ဟုသာ ယူဆ ထားသဖြင့် အစိုးရ တပ်များ၏ လှုပ်ရှား မှုများကိုသတိ ကြီးစွာ ထားကြ ပါသည်။ ဤသို့ကြောင့် အစိုးရ တပ်ဖွဲ့များ တိုက်ခိုက် လိုက်တိုင်း ထိခိုက် နစ်နာ ဆုံးရှုံး မှုများနည်းပါး ခဲ့ပါသည်။

အလား တူပင် ယခု တိုက်ပွဲသည် အစိုးရ တပ်ဖွဲ့မှ ထုတ်ဖေါ်ပြောဆို ထားသည့်မည်သည့် စည်းကမ်း ချက်များ နှင့်ပင် ကိုက်ညီခြင်း မရှိဟု ဆိုပါသည်။ မည်သည့် အကြောင်းကြောင့် တိုက်ခိုက် ခဲ့သည် ကိုလည်း ထုတ်ဖေါ် ပြောကြားလေ့ မရှိ ခဲ့ပေ။

ဤကဲ့သို့ပြုမူ မှုသည်လည်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးကို အစိုးရတပ်များ ကသာ ချိုးဖေါက် နေသည်ဟု ဆိုရ ပေမည်။ ဤသို့ကြောင့် RCSS နှင့် အပစ်အခတ် ရပ်စဲ ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စပြီး အစိုးရ တပ်များ၏ ၀င်ရောက် တိုက်ခိုက် မှုသည် စုစုပေါင်း (၁၃၇) ပွဲခန့် ရှိခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

ရွှေဟသာင်္

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here