Monday, November 25, 2013

Black List စာရင်းကျန် ၃၀၀၀ ကို ပယ်ဖျက်ပေး၍ မရဟု ဦးအောင်မင်းဆို

0 comments

Monday, November 25, 2013

ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ အများစုသည် ယခင်အစိုးရက ထုတ်ပြန်ထားသည့် Black List တွင် ကျန်ရှိနေရာ စာရင်းဝင် ၃၀၀၀ ခန့်ကို အစိုးရက ထပ်မံ ပယ်ဖျက်ပေး၍ မရတော့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

အဆိုပါ Black List စာရင်းဝင် ၃၀၀၀ မှာ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို၏ အမည်မည်း စာရင်းတွင်လည်း ပါရှိနေ သဖြင့် နိုင်ငံတကာ သဘောတူညီချက်များအရ မြန်မာအစိုးရ အနေနှင့် စာရင်း ပယ်ဖျက်၍ မရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။“တခြားနိုင်ငံမှာ သွားပြီး စီးပွားရေးလုပ်၊ အကြွေးမဆပ်ဘဲ ပြေးတဲ့သူတွေ၊ ပြည်ပမှာ ပြစ်မှုတစ်ခုခု ကျူးလွန်တဲ့ မြန်မာနိုင်ငံသားတွေကို အင်တာပိုက သတ်မှတ်ထားတာ” ဟု ဦးအောင်မင်းက ဆိုသည်။

အဆိုပါ Black List စာရင်း ဝင်နေသူများ အနေနှင့် ၎င်းတို့၏ ပြစ်မှုများကို သက်ဆိုင်ရာ နိုင်ငံများတွင် ဖြေရှင်းပြီးမှသာ ယင်း စာရင်းမှ လွတ်မြောက်မည် ဖြစ်ကြောင်း၊ အမှုမဖြေရှင်း နိုင်သေးပါက အမည်မည်း စာရင်းမှ လွတ်မြောက်မည် မဟုတ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် နိုဝင်ဘာလတို့ အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး အပါ အဝင် နိုင်ငံခြားသား ၉၃၅ ဦး၊ နိုင်ငံသား ၁၇၃၄ ဦးနှင့် ကုမ္ပဏီ ၂၀၄ ခုကို Black List မှ ပယ်ဖျက်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနက Black List သွင်းထားသူ ဆရာဝန် တစ်ထောင်ကျော်ကို ယခုနှစ် အောက်တိုဘာလအတွင်း အဆိုပါစာရင်းမှ ပယ်ဖျက်ခဲ့သည်။

ပြည်ပရောက် မြန်မာနိုင်ငံသား ၆၀၀၀ ကျော်ကို တပ်မတော်အစိုးရ လက်ထက်တွင် Black List စာရင်းသို့ ထည့်သွင်း ခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here