Monday, November 18, 2013

လက်ရှိ အစိုးရလက်ထက် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြန်လည်အရေးယူနိုင်

0 comments
 ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက် အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
18.11.2013

လက်ရှိကာလ၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အသက်ဝင်နေပြီ ဖြစ်သည့်အတွက် လက်ရှိ အစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ တွင် ပြဋ္ဌာန်း ထားချက်များအရ သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ( ၂၀၁၃ ခုနှစ် ၊ သြဂုတ် ၇) ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၇၃/ ၂၀၁၃ ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ စတင်၍ အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၂ အရ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှု တစ်ရပ်ရပ် ကို ပြည်တွင်းတွင် မည်သူမဆို ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်ပတွင် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံ တွင် အမြဲတမ်း အခြေစိုက် နေထိုင်သူက ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဟု လည်း ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေအရ ကော်မရှင်က စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေး နေစဉ်အတွင်း စွပ်စွဲခံရသူသည် ရာထူး စွန့်လွှတ် သွားပြီဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်လက်အရေးယူရန်သော် လည်းကောင်း၊ ၀န်ထမ်း စည်းကမ်းနှင့်အညီ အရေးယူရန်သော် လည်းကောင်း၊ နိုင်ငံတော်က သက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းယူနိုင်ရန်သော် လည်းကောင်း စုံစမ်းစစ်ဆေးမှုကို လိုအပ်သလို ဆက်လက်ပြုလုပ် နိုင်သည်ဟု ပုဒ်မ-၃၁ တွင် ပြဋ္ဌာန်းထားသည်။

"ဥပဒေကတော့ စာရွက်ပေါ်မှာ ရှိတာပေါ့။ စာရွက်ပေါ်မှာတော့ အကုန်လုံး ကောင်းတာချည်းပဲ။ ဒါပေမဲ့ ဥပဒေတိုင်းမှာ အပြစ်ပေး အရေးယူရေးဆိုတာ အမြဲပါတယ်။ အဲဒီ အပြစ်ပေး အရေးယူရေးကို အကောင် အထည်ဖော်တဲ့ အဖွဲ့အစည်းဟာ ပြဿနာ မရှိဘူး။ တကယ်တော့ သိန်းပေါင်းများစွာ အဂတိ လိုက်စားခဲ့ တာတွေ ရှိတယ်။ အခွန်ကို ရှောင်ခဲ့တာတွေ အများကြီး ရှိတယ်။ မီလျံချီပြီးတော့ ရှိတယ်။ ဒါပေမဲ့ ဒီနေ့ ဒီကိစ္စတွေ အားလုံးမရှင်းကြဘူး။ ဆိုတော့ အရေးယူဖို့ စဉ်းစားရာမှာ တချို့ကတော့ ဒီမိုကရေ စီ နုနယ်သေးလို့ ပြောတာလည်း ရှိတယ်။ အရေးယူတယ် ဆိုတဲ့ ကိစ္စမှာ တချို့သော ကိစ္စတွေ က နိုင်ငံရေး ပြဿနာတွေ ရှိတယ်။ အဲဒီလို နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘဲ ဥပဒေ စိုးမိုးမှု ဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေး ပြဿနာရဲ့ လက်အောက်ခံလို့ပဲ တစ်လုံးတည်း ပြောရမှာပေါ့။ စာရွက်ပေါ်မှာရှိတဲ့ ဥပဒေ စိုးမိုးမှုက တကယ့်နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဂတိ တရား လိုက်စားမှုဆိုတာ တရားရုံးတွေမှာလည်း ရှိတာပဲ။ နောင်လည်း ရှိနေဦးမှာပဲ။ သို့သော် ကြီးထွား မလာအောင် တားနိုင်မယ့် နည်းလမ်းကိုပဲ စဉ်းစားရမှာ။ လက်ရှိ အခြေအနေတွေ က နိုင် ငံရေး ပြဿ နာတွေ ဆိုတော့ ဖြေရှင်းနိုင်ဖို့ကတော့ အချိန်ယူ ရဦးမှာပါ" ဟု ရှေ့နေဦး ဟန်ရှင်ဝင်း က ပြောကြားသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဦးက လာဘ်ပေး လာဘ်ယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုကြောင့် နစ်နာသူက သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ ဖြစ်စေ၊ ကော်မရှင်ရုံးသို့ ဖြစ်စေ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမ စိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း တစ်ခုခုသို့ ဖြစ်စေ၊ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များ ကို ပေးပို့နိုင်သည်ဟုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၄၄ တွင် ပြဋ္ဌာန်းထားပါသည်။

"အဂတိတရား လိုက်စားမှုဆိုတာ သက်သေသက္ကာယက ဆိုလိုတာက ပေးတဲ့သူက တိုင်မှပဲ ပေါ်မှာလေ။ လာဘ်ပေးလာဘ်ယူဆိုတာ ပေးတဲ့သူကတိုင်မှ ပေါ်မှာပေါ့။ လူမသိအောင် တိတ်တိတ်ကလေး ကျိတ်ပြီး လုပ်တဲ့ ကိစ္စကိုး" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း)က သုံးသပ်ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ-၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

"အဂတိတရား လိုက်စားမှုတွေက အခုလည်း အရေးယူလို့ ရတယ်။ အရင်ကလည်း အရေးယူလို့ ရတယ်။ အရေးယူတဲ့ ဥပဒေသာ ကွာသွားတာ။ ဒီဥပဒေ မတိုင်ခင်က ပထမ ဥပဒေ ရှိတယ်။ ဒါပေမဲ့ အစိုးရက အရေးမယူခဲ့ဘူး။ သူတို့က ဒါကို အရေးယူဖို့ တော်တော်ကြောက်တာ။ အရေးယူတဲ့ အလုပ်ကို သူတို့လုပ်ကို မလုပ်ချင်တာ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က ပြောကြားသည်။

ပုဒ်မ-၅၇ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူမှအပ အခြားမည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ-၅၈ အရ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများ အပေါ် အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

"အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကိုယ်၌ကိုက အရေးယူနိုင်ဖို့ ကျဉ်းမြောင်းနေတယ်။ အဂတိ လိုက်စားတာကို အရေးယူဖို့ ခွင့်ပြုမိန့် ပေးရမယ့် ၀န်ကြီးဌာန ကိုယ်တိုင်က သူ့လက်အောက်ကလူကို အရေးယူဖို့ ခွင့်ပြုမိန့် ပေးပါ့မလားဆိုတာ မေးစရာ ရှိနေတယ်။ လူအဟောင်းတွေနဲ့ မူအသစ်ကို ကျင့်သုံးရတာဖြစ်လို့ အဂတိတရား လိုက်စားမှု ပျောက်သွားအောင် လုပ်ဖို့ဆိုတာ အခက်အခဲ ဖြစ်နေတယ်။ ၂၀၁၅ အစိုးရသစ် လက်ထက်မှာကို ဒီဥပဒေ အရဆိုရင် လုပ်နိုင်ကိုင်နိုင်ဖို့ အခက်အခဲ ရှိနေတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်းနဲ့ တံစိုးလက်ဆောင် ရယူခြင်းတွေဟာ အဂတိ လိုက်စား မှုတွေ ဖြစ် ပါတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်တာကလည်း အဂတိ တရား လိုက်စားတာပဲ။ ဒါတွေအားလုံးကို အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလို့ ရတယ်" ဟု ဥပဒေ အတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုသည်။

"ဒီဥပဒေပေါ်တာ ကြာပြီ။ ဒီဥပဒေနဲ့ အရေးယူတာ ဘယ်နှမှု ကြားဖူးလဲ။ ဟိုတုန်းက ရှိခဲ့တဲ့ ဥပဒေကိုလည်း ဒီအစိုးရ မတိုင်ခင်က ဘယ်သူမှ အရေးမယူခဲ့တာ။ ဘာကြောင့် အရေးမယူလဲဆိုတော့ မယူရဲလို့။ အရေးယူလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ ရန်ကုန်မြို့ကို အုတ်တံ တိုင်းခတ်ပြီး ထောင်လုပ်လိုက်ရမှာ။ သူတို့ဝန်ထမ်းတွေ အကုန်လုံးမှာ အောက်က အငယ်လေးတွေက မလောက်လို့ စားတာ။ အပေါ်က ကြီးတဲ့သူတွေက ချမ်းသာချင်လို့ စားတာ။ သူ့ထက်ကြီးတဲ့ သူတွေ ကျတော့ ပိုချမ်းသာချင်လို့ စားတာ။ ဒါပဲ။ ဒီသဘောပဲ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က သုံးသပ်ပြောကြားသည်။

မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်း ကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှု အတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်ဟု ပုဒ်မ- ၆၃ တွင် ပြဋ္ဌာန်းထားပြီး ပုဒ်မ-၆၉ အရ ဤဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများကို ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများ အဖြစ် သတ်မှတ်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

"ရန်ကုန်မှာ မြေဈေးတွေ ကြီးမြင့်လာပြီးတဲ့နောက်မှာ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက် တဲ့ ပြဿ နာတွေ က နေရာအတော် များများမှာ တွေ့လာရတယ်။ ဒီလို ကိစ္စတွေမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ စည်ပင်လို အဖွဲ့အစည်းတွေက လူအချို့နဲ့ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့လည်း ကြားတယ်။ အံ့သြစ ရာကောင်းတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တွေ့နေရတယ်။ ဒါတွေနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေ၊ နစ်နာမှုတွေ အတွက် ရှင်းရှင်းလင်းလင်း ဖြစ်ထားဖို့ လိုပါတယ်။ နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူ ကင်း၊ မကင်း၊ အဂတိ လိုက်စားမှု ရှိ၊ မရှိ ဆိုတာတွေ သေချာဆန်းစစ် သင့်တယ်။ နစ်နာတဲ့ သူတွေဘက်က အမှန်တရားအတိုင်း ဖြစ်ဖို့လိုတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေလည်း ရှိပြီဆိုတော့ သက်ဆိုင်သူတွေ အနေနဲ့ ဒါနဲ့ပတ်သက်ရင် ကြိုရှင်းထားဖို့ လိုပါမယ်။ ဒါမှ မဟုတ်ရင်တော့ နောင်တက် လာမယ့် အစိုးရ လက်ထက်မှာ ဒီဥပဒေတွေနဲ့ ပြန်လည်စစ်ဆေး အရေးယူတာတွေ ရှိလာမှာပဲ" ဟု အမည် မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများအား ထိရောက်စွာ ကိုင်တွယ်နိုင် ရန်အတွက် ယခင်ကပင် ဥပဒေများ ထုတ်ပြန်ထားသော်လည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်အဖြစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် လက်ရှိ အစိုးရ လက်ထက်တွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အဂတိတရား လိုက်စား မှုများအား အရေးယူရန် ဥပဒေများ ထုတ်ပြန်ထားသော်လည်း ထိရောက်သည့် အရေးယူမှုများ မရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသစ်တက်လာမည့် အစိုးရ လက်ထက်တွင်မူ လက်ရှိအစိုးရ လက်ထက် တွင် ကြုံတွေ့ခဲ့သည့် လာဘ်ပေးလာဘ်ယူမှုများကို အရေးယူ ဆောင်ရွက်မည် ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူနိုင်ကြောင်းလည်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here