Friday, November 15, 2013

အစိုးရ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး နှစ် ၂၀ စီမံကိန်း လူမှန်၊ နေရာမှန် ခန့်အပ်တာဝန်ပေးရန် အရေးကြီး

0 comments

15.11.2013

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ပြည် တွင်းပြည်ပ စီးပွားရေး ပညာရှင်များ ပူးပေါင်းရေးဆွဲနေသည့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၁-၂၀၃၁) အောင်မြင်ရေးသည် လူမှန်နေရာမှန် ခန့်အပ်ဆောင်ရွက်နိုင်ခြင်း ရှိမရှိပေါ်တွင် မူတည်နေမည်ဟု ပညာရှင်အချို့က နိုဝင်ဘာ ၁၄ ရက်တွင် မဇ္ဈိမကို သုံးသပ် ပြောဆိုသည်။

“အရေးကြီးတာက ဘယ်ကဏ္ဍမှာမဆို သူ့လုပ်ငန်းမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို သူ့နေရာနဲ့သူခန့်ထားဖို့ အရေးကြီးတယ်။ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျဖြစ်ဖို့ လိုအပ်တယ်”ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

အဆိုပါစီမံကိန်း၏ အခြေခံမူဘောင်များတွင် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ပါဝင်နေခြင်းနှင့်စပ်လျဉ်း၍ ၎င်း၏ သဘောထားကို မေးမြန်းရာ အထက်ပါအတိုင်း အကြံပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဂွမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက နိုင်ငံတော်ကဆောင်ရွက်မည့် ၂၀၁၅ ခုနှစ်အလွန် ၁၅ နှစ်စီမံကိန်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များသည် မည်သည့် အခြေခံနှုန်းများအပေါ် ရေးဆွဲသနည်း”ဟု မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြန်လည် ဖြေကြားခဲ့ပြီး ၎င်းတွင် နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်များ ချမှတ်ထားသည်ကို တွေ့ရသည်။

အခြေခံမူဘောင်များတွင် ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျှော့မှုဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှု၊ အစိုးရစနစ် ပွင့်လင်းမြင်သာမှု၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်၊ အခြေခံအဆောက်အဦး ထိရောက်ထက် မြက်သည့် အစိုးရ စသည်တို့ ပါဝင်သည်။

အစိုးရစီမံကိန်း၏ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ဘဏ်နှင့် အရင်းအနှီးဈေးကွက်တို့တွင် ဦးစားပေးမည့် အရာ ရွေးချယ်ဆုံးဖြတ်ရန် လိုသည်ဟု ဦးသန်းလွင်က ပြောသည်။ 

စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ ဦးမော်သန်းကလည်း အဆိုပါ စီမံကိန်းအောင်မြင်ရန် ပုဂ္ဂလိက စွမ်းဆောင်ရည် မြှင့်တင် နိုင်မှုနှင့် လူသားအရင်းအမြစ် ပျိုးထောင်ခြင်း၊ ခွဲဝေသုံးစွဲခြင်းတို့ပေါ်တွင် အဓိကကျ သည်ဟု သုံးသပ်သည်။

ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ဖို့ဆိုရင်ပုဂ္ဂလိကစွမ်းဆောင်ရည်ကို မြှင့်နိုင်ဖို့ လူသားအရင်းအမြစ်က အဓိကကျတယ်။ လူသားအရင်းမြစ် ပြုစုပျိုးထောင်တဲ့စီမံကိန်းက နှစ်ရှည်လုပ်ရတဲ့ စီမံကိန်းမျိုးဖြစ်တယ်။ ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ ရောင်းဝယ်ရေး၊ ကုန်သွယ်ရေးနဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကိစ္စရပ်တွေမှာ ရှင်းလင်းသွားအောင် ဖြေလျှော့ ပေးမယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမယ်”ဟု ဦးမော်သန်းက ရှင်း ပြသည်။

အဆိုပါ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်များကို အခြေခံ၍ အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၁၁-၂၀၃၁ ကို ကဏ္ဍစုံနှင့် ပူးပေါင်းရေးဆွဲနေခြင်းဖြစ်သည်။ ယင်းကို ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန် ကဏ္ဍဆိုင်ရာ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုစီမံကိန်းတို့နှင့် ပေါင်း စပ်ရေးဆွဲမည်ဟု ဒေါ်လဲ့လဲ့သိန်းက ပြောသည်။

အနာဂတ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်ဆောင်ရွက်ရာတွင် လူမှုရေးပိုင်းဆိုင်ရာတွင် ပမာဏများများ ရင်းနှီးမြှုပ်နှံရန် လိုသည်ဟု ကျန်းမာရေးမူဝါဒရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေသည့် ဒေါက်တာတင်မျိုးဝင်းက အကြံပြုသည်။

လူမှုရေးအပိုင်းတွေမှာ သုံးမယ့်ငွေကြေးတွေကလည်း များများလိုမယ်၊ဒါမှ လူမှုစွမ်းအားတွေ ဖွံ့ဖြိုးမှုတွေကော ဆေးရုံတွေဆိုရင်လည်း သက်ဆိုင်ရာ ဆေးပစ္စည်းတွေ လိုအပ်တာတွေကို သုံးနိုင်ရမယ်။ ဒါတွေကို အသုံးချနိုင်မည့် စွမ်းရည်ပြည့် လူစွမ်းအားတွေလိုတယ်။ ဒီတော့ ဒီလိုအပိုင်းတွေက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဘောနဲ့ သွားရမှာ အရင်ဆုံး တိုင်းပြည်ဖွံ့ဖြိုးအောင် အရင်လုပ်၊ အဓိက အရင်လုပ်ချင် တာက လူစွမ်းအား ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွေကို အခြေခံပြီး မူဝါဒတွေကိုဆွဲ အကောင်ထည်ဖော်၊ ဒါဆိုရင် ဘယ်လိုစီမံကိန်းပဲဖြစ်ဖြစ် အောင်မြင်မယ်။ စာရွက်ပေါ်မှာ ဘယ်လောက်ဆွဲဆွဲ လက်တွေ့မစနိုင်ရင် ဘယ်လိုမှ လုပ်လို့မရဘူး”ဟု ၎င်းက သုံးသပ်ပြသည်။

စီမံကိန်းကို ၂၀၁၁-၂၀၃၁ ခုနှစ်အထိ ကာလတို ငါးနှစ်စီမံကိန်း လေးခုဖြင့် ပိုင်းခြား အကောင်အထည် ဖော်မည် ဖြစ်သည်။ ယင်းသည် အစိုးရ၏ ရေတိုရေရှည် မျှော်မှန်းချက်များ ပြည့်မီစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည့် အရေးကြီး သော မူဝါဒလမ်းညွှန်ဖြစ်သည်ဟု ဒုဝန်ကြီးက ပြောဆိုထားသည်။


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here