Friday, November 22, 2013

မူဆယ်မြို့မှ ရန်ကုန် - မန္တလေးသို့ ဖြန့်ဖြူးမည်ဟု ယူဆရသည့် ကျပ်သိန်းပေါင်း(၃)သောင်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၁၅)သိန်း အား ဖမ်းဆီးသိမ်းဆည်းရမိ

0 comments


22.11.2013

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော်တို့မှ တပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံ၊ ရွှေလီမူးယစ်တပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ အိမ်အမှတ် ဟ(၁၆/----)နေ ကျော်သက်xx ငှားရမ်းထားသော နေအိမ်အား ဖမ်းဝရမ်းအမှတ် (၇၁/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ တရားခံများအား ဆင့်ကဲစစ်ဆေးရာမှ ကျပ်သိန်းပေါင်း ၃သောင်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၅ သိန်းအား တရားခံနှင့်အတူ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၉ရက် နေ့လည် ၁၁နာရီအချိန်ခန့်က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ အိမ်အမှတ် ဟ(၁၆/----)အား ၀င်ရောက်စီးနင်းရှာဖွေစဉ် အသက် ၂၁နှစ်ရှိ ဘိုဘိုxxx နှင့် အသက် ၂၁နှစ်ရှိ သန်းထွဋ်xxxတို့အား အသင့်တွေ့ရှိနေရပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းနေ စဉ် အသက် ၂၇နှစ်ရှိ ဖြိုးဝေxxxမှာ တရုတ်နိုင်ငံလုပ် လိုင်စင်မဲ့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့်အတွက် ဆက်လက်စစ်ဆေး ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများ အား တွေ့ရှိ ရသည့် အတွက် ၎င်းတို့ သုံးဦးအား မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်ရုံးသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ပူးပေါင်းအဖွဲ့မှ အဆိုပါ သုံးဦးအား မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်ရုံးသို့ ခေါ်ဆောင်သွားပြီး တရုတ်နိုင်ငံ၊ ရွှေလီမူးယစ်တပ်ဖွဲ့မှ မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းနှင့်ပတ်သက်၍ အချိတ်အဆက် ရှိနိုင်ကြောင်း သတ်မှတ်ခံထားရသူ ကေသီxxx နှင့် တိုက်ဆိုင် စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ ထွက်ဆိုချက်အရ နေအိမ်အခန်းငှား တစ်ခု၌ စိတ်ကြွဆေးပြားများအား သိုဝှက် သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့မှ အဆိုပါနေ့၏ ည ၈နာရီခွဲ အချိန်က မူဆယ်မြို့၊ ဟိုမွန် ရပ်ကွက်၊ အိမ်အမှတ် ဟ(၃/--)၊သို့ ၀င်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းရှိ xing xing စီးကရက် ဂျပ်စက္ကူဖာများ အတွင်း အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျှက် ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၃)သောင်းခန့် တန်ဖိုးရှိသည့် Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း အပြား(၁၅)သိန်း နှင့် တရုတ်နိုင်ငံလုပ် လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ်တို့အား တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

"လွန်ခဲ့သော (၁)နှစ်ခန့်က တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့၌ အလုပ်လုပ်နေရင်း ကျော်သက်xx နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ခင်မင်ရင်းနှီးရာမှ ကျော်သက်xxxထံမှ စိတ်ကြွဆေးပြားများအား ကုန်ပစ္စည်းများအတွင်း သိုဝှက်၍ ရန်ကုန်သို့ ပို့ဆောင်ပေးရကြောင်း၊ လွန်ခဲ့သော (၁)လခန့်က ပထမအကြိမ်အဖြစ် စိတ်ကြွဆေးပြား (၁၀)သိန်းပြား ခန့်အား ကျော်သက် xxx၏ ဇနီး ကေသီxxx ငှားရမ်းထားသည့် အိမ်ခန်းငှားမှ သယ်ဆောင်ပြီး ကျော်သက်xxx ငှားထားသည့် အိမ်သို့ ပို့ပေး ရကြောင်း၊ ထိုမှတဆင့် မျက်မှန်ထည့်သည့် ဂျပ်ဖာများနှင့် ရောနှောပြီး ကုန်တင်ယာဉ်များဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ ရကြောင်း" ဖမ်းဆီးရမိသူ အသက် ၂၇နှစ်ရှိ ဖြိုးဝေxx၏ ထွက်ဆိုချက်အရ သိရသည်။

၎င်းမှ " ဆေးပြားများကို ရန်ကုန်သို့ ပို့ဆောင်သည်ဆိုသော်လည်း မန္တလေးအထိသာ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် နောက်လူ တစ်ဦးမှ ရန်ကုန်သို့ ပို့ဆောင်တာဖြစ်ကြောင်း၊ ယခုလို ပို့ဆောင်ပေးသည့်အတွက် ကျော်သက်xx၏ ဇနီး ကေသီxxx ထံမှ ပို့ဆောင်ခအဖြစ် ငွေကျပ်(၁၅)သိန်း ရရှိကြောင်း၊ ယခုလည်း ဆေးပြားများအား သယ်ယူရန်အတွက် သွားရောက်စဉ် ယခုလို ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရတာဖြစ်ကြောင်း"ဆက်လက် ထွက်ဆိုသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ နှင့် ရောင်းဝယ်သယ်ဆောင်ရန် သိုဝှက်သိမ်းဆည်းထားသူ တရားခံများဖြစ်သည့် ဖြိုးဝေxxx၊ ဘိုဘိုxxx၊ သန်းထွဋ်xxx၊ ကျော်သက်xxx၊ ကေသီxxx နှင့် မြင့်အောင်xxx တို့ (၆)ဦးအား မူဆယ်မြို့မရဲစခန်းမှ မူးယစ်(ပ) ၁၂၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ နိုဝင်ဘာလ ၂၀ရက် ည ၁၁နာရီဝန်းကျင်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

စိတ်ကြွဆေးပြားများအား သယ်ဆောင်ပေးသည့် တရားခံသုံးဦးအား ဖမ်းဆီးအရေးယူထား ရှိပြီး ကျော်သက် xxx၊ ကေသီ xxx နှင့် ဆေးဝါးသယ်ဆောင်ရာတွင် ပါဝင်ပတ်သက်သူ မြင့်အောင်xxxတို့ သုံးဦးအား တရုတ်နိုင်ငံ ရွှေလီ မူးယစ်အဖွဲ့မှ ဆက်လက်၍ စစ်ကြောလျက်ရှိပြီး ကွင်းဆက်ဖော်ထုတ် ရရှိရေးအတွက် နှစ်နိုင်ငံ ဆက်သွယ် ၍ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။


Tachileik

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here