Friday, November 1, 2013

စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်ခြင်း မရှိသူများထံမှ မြေနေရာများကို ပြန်လည် သိမ်းဆည်းကာ အမှန်တကယ် လုပ်ကိုင်မည့်သူများထံ ချပေးမည်

0 comments
1.11.2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်များ ရယူထားပြီး လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ချထားပေး သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဦးသိန်းအောင်က ရွှေပြည်သာ စက်မှုဇုန်အပိုင်း (၁) ကို ၁၉၉၀ ပြည့်နှစ်တွင် လည်းကောင်း ၊ အပိုင်း(၂) (၃) (၄) တို့ကို ၁၉၉၈ ခုနှစ်တို့တွင် စတင်ဖော်ထုတ်ခဲ့ပြီး လက်ရှိတွင် ဖွံ့ဖြိုးနေပြီ ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၉၆၂၁ ဦးအား အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ၀ါးတစ်ရာ စက်မှုဇုန်နှင့် သာဓုကန် စက်မှုဇုန်တို့ကို ၂၀၀၄ ခုနှစ်တွင် ဖော်ထုတ်ခဲ့သော်လည်း လျှပ်စစ်မီး လိုအပ်မှု အခြေအနေနှင့် လယ်ယာမြေ ကိစ္စရပ်များကြောင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ခြင်း ဖြစ်ပြီး ယင်းလိုအပ် ချက်များကို ဆောင်ရွက်လျှက် ရှိကြောင်း၊ လယ်ယာမြေ ကိစ္စများ ရှင်းလင်းပြီးပါက စက်မှုမြေကွက် ၀ယ်ယူထားသည့် ကုမ္ပဏီများကို စက်ရုံတည်ဆောက်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ပြီး သတ်မှတ်ကာလအတွင်း စက်ရုံတည်ဆောက်ခြင်း မရှိသော မြေကွက်များကို ပြန်လည် သိမ်းဆည်း မည်ဖြစ်ပြီး အမှန်တကယ် စက်ရုံတည်ဆောက်မည့် လုပ်ငန်းရှင်များသို့ ရောင်းချသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ဖြေကြားခဲ့သည်။

ထိုသို့ စက်မှုဒုဝန်ကြီး၏ ဖြေကြားမှုအပေါ် မေးခွန်းမေးမြန်းသူ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက "၀န်ကြီး တင်ပြသွားတဲ့အထဲမှာ စက်မှုဇုန်များဟာ အမှန် တကယ် ဖြစ်ထွန်း အောင်မြင်နေတယ်လို့ ဖြေဆိုသွားတာ အားလုံးကြားသိမှာ ဖြစ်ပါတယ်။ သို့သော် စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄ အောင်မြင်ခြင်း မရှိပါဘူး။ သာဓုကန် စက်မှုဇုန်ဆိုရင် လုံးဝရပ်တန့်လိုက်တဲ့ အနေအထား ဖြစ်ပါတယ်။ ၀ါးတစ်ရာ စက်မှုဇုန်မှာဆိုရင်လည်း ကျောက်ပြားစက်ရုံ၊ သားရေပြား စက်ရုံကလွဲပြီး ကျန်တဲ့စက်ရုံတွေ လည်ပတ်ခြင်း မရှိပါဘူး"ဟု ဖြေကြားခဲ့သည့် စာရင်းဇယား များနှင့် မြေပြင် ကွဲပြားနေခြင်းကို ထောက်ပြ ပြောကြားခဲ့ပြီး နိုင်ငံဖွံ့ ဖြိုးမှုအတွက် မျက်မြင် စစ်ဆေးသင့်ကြောင်း ဝေဖန် ဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဈေးကစားရန်အတွက် မြေကွက် အများအပြား ၀ယ်ယူထားသော လုပ်ငန်းရှင်များရှိနေပြီး သတ်မှတ်ကာလ ကျော်လွန်နေပြီ ဖြစ်သော်လည်း သိမ်းဆည်းမှု မရှိသေးကြောင်း စက်မှုဇုန်များတွင် လုပ်ကိုင်နေသော လုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here