Friday, November 1, 2013

ပဲခူး၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေတက်ပြီး ရေဘေးစခန်း ၃ ခု ဖွင့်လှစ်ထား

0 comments
1.11.2013

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့အတွင်း အောက်တိုဘာလ ၃၁ ရက်နေ့ည ၉နာရီအချိန်ခန့်တွင် စစ်တောင်းမြစ်ရေ တက်လာသောကြောင့် နေအိမ်ရေနစ်မြှုပ်သော မိသားစုများမှာ ရေဘေး လွတ် ရာ ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရပြီ ဖြစ်ကြောင်း သိရှိရသည်။

ရေနစ်မြှုပ်နေသော ထန်းတပင်မြို့နယ်တွင် ရေဘေးစခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်လျက်ရှိကြောင်း ထန်းတပင်မြို့ခံများထံက သိရှိရသည်။

`မနေ့ညနေပိုင်းကတည်းက ဆိပ်ကြီးဘက်က အိမ်အချို့မြှုပ်ကုန်လို့ ဆိပ်ကြီးဘက်က စပြောင်းရတယ်၊ ဒီနေ့တော့ အောင်ချမ်းသာတစ်ရပ်ကွက်လုံးပဲ ရေမြှုပ်နေလို့ ပြောင်းနေရပြီ`ဟု အောင်ချမ်းသာရပ်ကွက်မှ

 ဒေသခံပြည်သူတစ်ဦးက ပြောသည်။

ထန်းတပင်မြို့နယ်တွင်းရှိ ဆိပ်ကြိး၊ ရေကျော်၊အောင်ချမ်းသာ စသည့်ရပ်ကွက်များ တွင် ရေကြီး ပြီး နေအိမ်များအတွင်း ရေ၀င် နစ်မြှုပ်နေပြီဖြစ်သောကြောင့် ရေဘေးစခန်း ၃ ခုကို ရေဘေး လွှတ်ရာနေရာများတွင် ဖွင့်လှစ်ထားရကြောင်း အောင်ချမ်းသာရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးစိုးကျော်က ပြောသည်။

`ရေကတော့ ဆက်တက်ဖို့ ရှိတယ်လို့ ကြေငြာပေးနေတယ်၊ လောလောဆယ် ဆိပ်ကြီး၊ ရေကျော် ၊ အောင်ချမ်းသာ ရပ်ကွက်တွေက နေအိမ်ရေမြှုပ်တဲ့ မိသားစုတွေအတွက် စုစုပေါင်း ရေဘေးစခန်း ၃ ခုဖွင့်ထားတယ်။ ရေဘေး စခန်း တစ်ခုဆီမှာ အိမ်ထောင်စု ၁၀၀ စီလောက်ရှိနေတယ်၊ အတိအကျတော့ မကောက်ရသေးပါဘူး`ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးကျော်က ပြောသည်။

အောက်တိုဘာနေ့ ၂၃ ရက်နေ့မှ အောက်တိုဘာ ၂၉ ရက်နေ့ထိ ပြင်းပြင်းထန်ထန်မိုးရွာသွန်းခဲ့သောကြောင့် စစ်တောင်းမြစ်ရေတက်လာခဲ့ပြီး မြစ်နှင့်နီးသောဒေသတစ်ဝိုက်ရေကြီးမှုများဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး တဖြည်းဖြည်းနှင့် မြစ်ရေတက်လာသောကြောင့် ဆိပ်ကြီး၊ ရေကျော်ရပ်ကွက်တွင်းရှိ နေအိမ်အချို့မှာ ရေဘေးလွှတ်ရာသို့ အောက်တိုဘာလ ၃၀ ရက်နေ့ ကပင် စတင်ပြောင်းရွှေ့ခဲရပြီး၊ အောက်တိုဘာ ၃၁ ရက်နေ့တွင်မူ အောင်ချမ်းသာ ရပ်ကွက်တွင်း ရှိ နေအိမ်များမှာ ရေမြှုပ်လာသောကြောင့် ရေဘေးစခန်းသို့ ပြောင်းရွှေ့ရခြင်းဖြစ်သည်။

အောင်မင်္ဂလာ၊ အောင်သုခ စသည့် ရပ်ကွက်များတွင်းသို့လည်း ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၉နာရီအချိန်ခန့်မှ စတင်ပြိး ရေများ ၀င်ရောက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ရေဘေးကယ်ဆယ်ရေးစခန်းများကို အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး မြစ်ရေ ဆက်တက်ခဲ့ပါက ရေဘေးကယ်ဆယ်ရေးစခန်းများ ဆက်လျက်ဖွင့်လှစ်ရမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့်ပြည်သူများတွက် ကူညီရေးများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ရေတက်လာသောကြောင့် ဆွာမြို့ရှိ ဆည်အချို့ကလည်း ရေလွှတ်ခဲ့သည်ဟု ကြားနေ ရကြောင်း ဒေသ ခံများက ခန့်မှန်းပြောဆိုလျက်ရှိသည်။

Myit Ma Kha Media Group.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here