Friday, November 1, 2013

မြန်မာနိုင်ငံရဲ. အနာဂတ်

0 comments
၂၀၁၅ ခုနှစ်သည် တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပကာ ပြည်သူလူထုက သမ္မတသစ်ကို ရွေးချယ်ရမည် ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန် သည် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး ဖြစ်သလို မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ''၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် လုပ်သွားမည်'' ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက သိပ်မကြာသေးမီက ဘဲ ပြောသွား ခဲ့ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကတော့ ''၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ပါဘူး'' ဟု ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရေး၊ မပြင်ရေးသည် လက်ရှိ မြန်မာနိုင်ငံအတွက် အရေးကြီးပြီး ဦးစားပေး လုပ်ရမည့် အလုပ်ဟု ဆိုရပါမည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုပုံဖော် နေသလဲ၊ ဘယ်လိုမောင်းနှင် နေသလဲ ဆိုတာ ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်ရင် သိနိုင်ပါသည်။ ကျွန်တော်တို့ မြန် မာနိုင်ငံ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးမျိုးပေါ်ထွန်း ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်နေစဉ် အချိန်တိုအတွင်း ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် အခြေခံဥပဒေ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်က ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေနှင့် အများသိကြသည့်အတိုင်း တစ်နိုင်ငံလုံး နာဂစ်မုန်တိုင်းမိကာ ပြည်သူတွေ မိုးထဲရေထဲ ဖြစ်နေချိန်မှာ တပ်မတော် အစိုးရ က ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေတို့ပဲ ဖြစ်ပါသည်။ ဥပဒေ ပညာရှင်တို့က ထိုအခြေခံဥပဒေ သုံးခုကို နှိုင်းယှဉ်ကာ သုံးသပ်ရာတွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၁၄၃ ခု နှင့် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၂၀၉ ခုသာ ပါဝင်ပြီး ၂၀၀၈ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခုတောင် ပါဝင်နေသောကြောင့် ယင်းဥပဒေသည် ကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေကြောင်း၊ ထို့အပြင် ၎င်းအခြေခံ ဥပဒေသည် တစ်ပါတီ အာဏာရှင်စနစ်တွင် ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေထက် ပိုမိုဆိုးရွားစွာ စစ်တပ်ကို နေရာပေးထားကြောင်း၊ ၎င်းဥပဒေတွင် အာဏာသုံးရပ် ရှိသော်လည်း ထိုအာဏာ သုံးရပ်ကို ကာကွယ်ရေး ဦးစီးချုပ်က အဓိက ချုပ်ကိုင်ထားကြောင်း ဝေဖန်သုံးသပ် ပြကြပါသည်။

မည်သို့ဆိုစေ ယခုအချိန်သည် ပြည်သူတွေ ရှေ့ထွက်ရမည့်အချိန်၊ နိုင်ငံရေးအသိ နိုးကြားထက်သန် ရမည့်အချိန် ဖြစ်ပါသည်။ ၂၀၁၅ သည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အချိန်ကာလ၊ မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးရမည့် အချိန်ကာလ ဆိုတာကို သဘောပေါက် ထားကြဖို့ လိုပါသည်...
မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ကြရာမှာ ပြည်တွင်းမှ ပညာရှင်များ သာမက ပြည်ပမှ ပညာရှင်များလည်း ပါဝင်ကြပါသည်။ ယခုနှစ် မေလပိုင်းလောက်က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်မှာ ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံတကာမှ ပညာရှင်များ တက်ရောက် ခဲ့ကြပါသည်။ ထိုပွဲသို့ တက်ရောက် ဆွေးနွေးခဲ့သူ National University of Singapore ဥပဒေရေးရာ ဌာနမှ ဒေါက်တာ မစ္စမယ်လီဆာက ၎င်းဖွဲ့စည်းပုံပါ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ''တပ်မတော်သည် လွှတ်တော်၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိသင့်ပြီး တပ်မတော်သည် ဥပဒေပြုမှုတွင် မပါဝင်သင့်ကြောင့် အခြေခံ ဥပဒေတွင် တိကျစွာ ရေးဆွဲသင့်သည်'' ဟု အကြံပြုဆွေးနွေး သွားခဲ့ပါသည်။
တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင်စရာတွေ များလွန်းပါသည်။ ၂၀၁၅ မရောက်မီ အချိန်တို အတွင်းမှာ အကုန်လုံး မပြင်နိုင်လျှင်တောင် အဓိက မဖြစ်မနေ ပြင်ဆင်ရမည့် အချက်တွေ ရှိပါသည်။ ထိုအဓိက အချက်များနှင့် ပတ်သက်ပြီး ပညာရှင် အများစု ထောက်ပြကြ သည်ကတော့ ၎င်းဥပဒေပါ အခန်း(၃)၊ ပုဒ်မ(၅၉) နိုင်ငံတော် သမ္မတများ၏ အရည်အချင်း များ ခေါင်းစဉ်အောက်ရှိ အပိုဒ်(စ) ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျင် ၎င်းအပိုဒ်သည် ဒေါ်အောင်ဆန်း စုကြည် သမ္မတမဖြစ်အောင် တမင်ရေးဆွဲထားမှန်း သိသာပါသည်။

ပြောရမည်ဆို ကျွန်တော်တို့ ပြည်သူအများစုသည် ၎င်းအခြေခံ ဥပဒေ စာအုပ်ကို မဖတ်ဖူးကြပါ။ တချို့စာအုပ်ပင် မမြင်ဖူးကြပါ။ ထို့အပြင် ထိုဥပဒေ စာအုပ်ကို ပြည်သူသန်း ၆၀ ဖတ်လို့ရအောင် ထုတ်ဝေထားခြင်း မရှိသလို ပြည်သူတွေ ဖတ်ချင်အောင် ဆွဲဆောင်သည့် အနေနှင့် အခမဲ့ ဖြန့်ဝေခြင်း၊ အသိပေးခြင်းလည်း မရှိခဲ့ပါ။ သို့သော် မဖတ်ဖူးသောကြောင့် ၎င်းအခြေခံဥပဒေ စာအုပ်ထဲမှာ ဘာတွေပါသလဲ ဆိုတာ မသိဘူးတော့ မထင်ပါနှင့်။ ၎င်းစာအုပ်ထဲမှ အဓိက အချက်အလက်များ၊ အရေးကြီးသည့် အကြောင်းအရာ များကိုတော့ ပြည်သူတွေက သိထားပါသည်။မြန်မာပြည် သူ အများစုက စာမဖတ်ပါက နိုင်ငံရေး ဗဟုသုတ၊ ဥပဒေ အကြောင်းအရာမှာ အားနည်းနိုင်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ''မြန်မာ ပြည်သူတွေရဲ့ နိုင်ငံရေး အသိကိုတော့ အထင်သေး၍ မရပါ''။ နိုင်ငံရေးနှင့် ပတ်သက်လျှင် ပြည်သူသည် စာသိ မသိပေမယ့် ခံစားသိနဲ့ သိနေကြသူတွေ များပါသည်။ (ခေတ်အဆက် ဆက်ခံခဲ့ရပေါင်းလည်း များပြီကိုး) ထို့ကြောင့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေပြင်ရေး၊ မပြင်ရေးနှင့် ပတ်သက်ပြီး ယခုအခါတွင် NLD နှင့် တိုင်းရင်းသား ပါတီများက ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန်အတွက် ရပ်ကွက်ကျေးရွာများသို့ ဆင်းကာ ပြည်သူ့သဘောထားကို ကောက်ခံလျက် ရှိပါသည်။ ထိုသို့ ကောက်ခံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အတင်းအကျပ် ဖိအားမပေးဘဲ အခြေခံဥပဒေ၏ အားသာချက်၊ အားနည်းချက်များကို သဘောပေါက်အောင် ရှင်းပြပြီးမှ သူတို့ဆန္ဒကို မေးမြန်းဖို့ ညွှန်ကြားထားပါသည်။

မည်သို့ဆိုစေ ယခုအချိန်သည် ပြည်သူတွေ ရှေ့ထွက်ရမည့်အချိန်၊ နိုင်ငံရေးအသိ နိုးကြားထက်သန် ရမည့်အချိန် ဖြစ်ပါသည်။ ၂၀၁၅ သည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အချိန်ကာလ၊ မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးရမည့် အချိန်ကာလ ဆိုတာကို သဘောပေါက် ထားကြဖို့ လိုပါသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here