Friday, November 1, 2013

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ဖွဲ့စည်း

0 comments
ရန်ကုန်မြို့တွင်း တစ်နေရာ၌ တောင်းရမ်းနေသည့် ကလေးငယ်တစ်ဦး (ဓာတ်ပုံ-အောင်မျိုးသန့်)
  Friday, November 1, 2013

ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်းက အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏အောက်တွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့အသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ စတုတ္ထ ပတ် အတွင်းက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ကာကွယ်ပေးဖို့၊ ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ လုပ်ငန်းတွေကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ဖို့၊ ကလေးသူငယ် ဥပဒေပါ အခွင့်အရေးတွေကို ခံစားရရှိနိုင်ဖို့၊ ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့နဲ့ ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့အတွက် ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောကြားသည်။

ထို့အပြင် ကလေးသူငယ်များအား ပြစ်မှုဖြင့် အရေးယူရာတွင် ကလေးသူငယ် အခွင့်အရေးပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဖြစ်စေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးသဖြင့် လူကုန်ကူး ခံရသော ကလေးသူငယ်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကူညီဆောင်ရွက် ပေးရန်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here