Thursday, November 28, 2013

လွယ်တိုင်းလျှံ၌ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာသည့် ရှမ်းလူငယ်များအား လူသစ် အဖြစ်ရွေးချယ်ကာ စစ်သင်တန်းတက်ခိုင်းရန် RCSS/SSA စီစဉ်

0 comments


28.11.2013

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျှံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၌ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ရန် နိုဝင်ဘာ ဒုတိယပတ်မှစ၍ လွယ်လင်ခရိုင်နှင့် လင်းခေးခရိုင် အတွင်းရှိ ဒေသ ခံ တိုင်းရင်းသားများအား နည်းအမျိုးမျိုးဖြင့် စည်းရုံးခေါ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွယ်လင်မြို့ခံ ဦးစိုင်းလုံအား မေးမြန်းကြည့်ရာ “ ဒီဇင်ဘာ ၃ ရက်နေ့ကျရင် လွယ်တိုင်းလျှံမှာ ရှမ်းနှစ်သစ်ကူးပွဲတော်လုပ်မှာ ဖြစ်တဲ့အတွက် ဒီမြို့နယ်ထဲက ရွာသားတွေကိုတော့ တစ်ရွာကို အနည်းဆုံး ၅ ယောက် လိုက်ရမယ်ဆိုပြီး တောင်းထားတယ်လို့ သိရတယ် ” ဟု ပြောသည်။ RCSS/SSA အဖွဲ့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လွယ်လင်ခရိုင်အတွင်းရှိ လွယ်လင်၊ ပင်လုံ၊ နမ့်စန်၊ လဲချား၊ မိုင်းကိုင် မြို့နယ်များမှ ဒေသခံ ရှမ်းတိုင်းရင်းသား (၁၀၀၀) ကျော်အား လွယ်တိုင်းလျှံ တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ရန်ဟု အကြောင်းပြ ကာ ခေါ်ဆောင် သွား ခဲ့ကြောင်း ၊ နှစ်သစ်ကူးပွဲတော် ပြီးသောအခါ ပြန်မလွှတ်ဘဲ စစ်သင်တန်း တက်ခိုင်းသဖြင့် အဆိုပါ ရွာသားများ ထွက်ပြေးလာခဲ့ရကြောင်း သိရသည်။

“ မနှစ်ကလည်း အခုလို ဒီဇင်ဘာထဲမှာ ကျွန်တော်တို့ ရွာသူရွာသားတွေကို တောင်ပိုင်းရှမ်းစစ်တပ်က လာခေါ်သွားတယ်၊ ပင်လုံ - လဲချား ကားလမ်း အရှေ့ဘက် တောလမ်းအတိုင်း ခေါ်သွားတာ ၂ ပတ်လောက် ကြာမှ လွယ်တိုင်းလျှံကိုရောက်တယ်၊ တောထဲမှာ ကျွန်တော်တို့တွေ ထမင်းလည်းမစားရဘူး၊ ၀တ်သွားတဲ့ အ၀တ်အစားတွေကလည်း ဟိုရောက်တော့ စုတ်ပြတ်ကုန်တော့ စစ်ဝတ်စုံဝတ်ခိုင်းတယ်၊ ပြီးတော့ ကျွန်တော်တို့ကို စစ်သင်တန်းတက်ခိုင်းတယ်၊ ကျွန်တော်တို့က ကိုယ့်နည်းကိုယ်ဟန်နဲ့ ထွက်ပြေး ခဲ့လို့ လွတ်လာ ခဲ့တာ၊ တစ်ချို့ဆိုရင် စစ်သားလုပ်နေရပြီပေါ့ ” ဟု ယမန်နှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ လိုက်ပါ သွားခဲ့ရသည့် ပင်လုံမြို့ခံ အိုက်မြင့်က ပြောပြသည်။

လင်းခေးမြို့ခံ အစိုးရ၀န်ထမ်းတစ်ဦးကတော့ “ ရှမ်းနှစ်သစ်ကူးပွဲတော်တက်ဖို့ ရွာသားတွေ မဖြစ်မနေ လိုက်ရတဲ့ ရွာသားအတွက် ရွာက ၂ သိန်းထောက်ပံ့ပေးရတယ်၊ တစ်ရွာကို ၅ ယောက်ပဲထားပါဦး၊ (၁၀) သိန်းဖြစ်နေပြီ၊ အဲဒီငွေတွေကို ရွာက အချိုးကျပေးရတာ၊ လွယ်တိုင်းလျှံရောက်တော့ စစ်သင်တန်း တက်ခိုင်းလို့ ရွာသားတွေဖြစ်သလို ပြန်ပြေးလာကြတယ်၊ မနှစ်ကဆိုရင် ဟိုမိန်းဘက် ကနေ ပြန်ပြေး လာကြတယ်၊ ဟိုမိန်း ကနေ နမ့်စန်၊ လွယ်လင်မြို့က ဌာနဆိုင်ရာတွေကို ပြန်လွှဲပြီး သက်ဆိုင်ရာ ရွာတွေကို ပို့ပေးရတာ အဖြစ်မှန်ပဲ ဗျ ” ဟု ဆိုသည်။

“ ဒီကိစ္စဟာ ဒေသခံတိုင်းရင်းသားတွေအပေါ် သက်သက်မဲ့ အနိုင်ကျင့်တဲ့လုပ်ရပ်ပါ၊ လူ့အခွင့်အရေး ချိုးဖောက်တာပဲ ၊ အဲဒီအဖြစ်မှန်ကိုကျ ဘယ်ဂျာနယ်ကမှ မရေးကြဘူး၊ နိုင်ငံတော် သမ္မတအထိ သိဖို့ လိုပါတယ်၊ ၀ိုင်းဝန်းတားဆီးပေးနိုင်ရင်တော့ တိုင်းရင်းသားတွေအတွက် ကောင်းတာပေါ့ဗျာ၊ တစ်ချို့ ရွာတွေ ဆိုရင် ယောင်္ကျားမရှိလို့ မိန်းမတွေလိုက်ရတယ်၊ လူငယ်တွေလည်း ပါတယ်၊ လွယ်တိုင်းလျှံ ရောက် တာနဲ့ စစ်သင်တန်းတက်ဖို့ လူငယ်တွေကို လူသစ်အဖြစ်ရွေးဖို့ စီစဉ်နေတယ်လို့ ကြားတယ် ” ဟု ဆက်လက် ပြော ပြသွားခဲ့သည်။

တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားများအရေး လေ့လာသုံးသပ်မှု သတင်းထောက်တစ်ဦး၏ ပြောပြချက် အရ ဒီဇင်ဘာ (၃) ရက်နေ့တွင် ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ရန် လိုက်ပါလာမည့် ရှမ်းတိုင်းရင်းသားများ အနက် လူငယ်အမျိုးသမီး၊ အမျိုးသားများအား ရွေးချယ်၍ RCSS/SSA မှ အခြေခံ စစ်သင်တန်းများ ပို့ချပေးမည်ဖြစ် ကြောင်း၊ စစ်သင်တန်းတက်ပြီးပါက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ ၇ ရက်နေ့ တွင် ကျရောက်မည့် ၆၇ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို အဆိုပါ သင်တန်းသားများနှင့် အင်အားပြ၍ စစ်ရေးပြ အခမ်းအနားဖြင့် ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here