Thursday, November 28, 2013

ထိုင်းတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား၊ ယင်းလပ်အစိုးရကို အယုံအကြည် မရှိ အဆို ကြာသပတေးနေ့တွင် မဲခွဲမည်

0 comments
28.11.2013

ထိုင်းနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အကြီးဆုံးသော ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိပြီး အတိုက် အခံပါတီက တင်သွင်းထားသော လက်ရှိဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ အစိုးရအဖွဲ့ကို အယုံအကြည် မရှိ အဆိုကို ကြာသပတေး နေ့တွင် ပါလီမန်၌ မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် လက်ရှိ ယင်းလပ်အစိုးရကို ဆန့်ကျင် သော ဆန္ဒပြပွဲများ အကြီး အကျယ် ပြုလုပ်လျက်ရှိပြီး ယခင်ရက်များက ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန များကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြကာ ဗုဒ္ဓဟူးနေ့ တွင်လည်း ကျန် ဝန်ကြီးဌာနများ ကိုပါ ထပ်မံပိတ်ဆို့၍ ဆန္ဒပြကြ မည် ဖြစ်သည်။

ဆန္ဒပြသူများက ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူ များ ဖြစ်ပြီး သက်ဆင်၏ညီမ လက်ရှိဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ရာထူးမှ နုတ်ထွက်ရန် ဖိအားပေး တောင်းဆိုမှုများ တိုးမြှင့်ပြုလုပ် ရန်စီစဉ်ထား ကြောင်း ဆန္ဒပြသူများ၏ ပြောခွင့်ရပုဂ္ဂိုလ် အက်ကာနက်ပရွန်ဖန်က ပြောကြားသည်။

ထိုင်းအစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများသည် ကျန်းမာရေး၊ အလုပ်သမား၊ စက်မှု၊ လူမှုဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန များနှင့် ဝန်ကြီးဌာနများ ရှိသော အစိုးရ အဆောက်အဦနှင့် အထူးစုံစမ်းစစ်ဆေးရေးရုံး များကို သွားရောက် ဆန္ဒပြကြမည် ဖြစ်သည်။

အတိုက်အခံပါတီ ဖြစ်သော ထိုင်း ဒီမိုကရက်တစ်ပါတီ ဦးဆောင်သော ယခု ဆန္ဒပြမှုတွင် တနင်္ဂနွေနေ့က လူဦးရေ ၁၀၀,၀၀၀ ခန့်ထိ ပါဝင်ခဲ့ပြီး ယခုအခါ လူဦးရေ ၅၀,၀၀၀ ခန့်ရှိသည်ဟု ဆန္ဒပြသူများက ထင်မြင်ကြ သော်လည်း ထိုင်းအစိုးရကမူ ဆန္ဒပြသူ ၁၀,၀၀၀ ခန့်သာရှိသည်ဟု ဆိုသည်။ထို့အတူ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက လက်ရှိဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်၏ အစိုးရအဖွဲ့ကို အယုံအကြည် မရှိ အဆိုတင်သွင်းထားခြင်း ကိုလည်း ကြာသပတေး နေ့တွင် ပါလီမန်၌ မဲခွဲ ဆုံးဖြတ်မည် ဖြစ်သော်လည်း ပါလီမန်တွင် ယင်းလပ်ရှင်နာဝပ်၏ ပါတီအမတ်များက အများ စုဖြစ် နေခြင်းကြောင့် အောင်မြင်ဖွယ် မရှိပေ။

ယခုလ အစောပိုင်းက လက်ရှိထိုင်း အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ကို အတည်ပြုရန် လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် ယင်းဥပဒေသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းနိုင်ငံ သို့ ပြန်လာနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သက်ဆင် ဆန့်ကျင်သူများက ယူဆပြီး ယခုကဲ့သို့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အကြီးဆုံးသော ဆန္ဒပြမှုကို ပြုလုပ်ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်က ဝန်ကြီးချုပ်သက်ဆင် အမေရိကသို့ သွားရောက် နေစဉ် ထိုင်းစစ်တပ်က အာဏာသိမ်း ခဲ့ပြီးနောက် သက်ဆင်လိုလားသူ ရှပ်နီဝတ်များက လည်းကောင်း၊ သက်ဆင် ဆန့်ကျင်သူ ရှပ်ဝါဝတ်များကလည်း ဆန္ဒပြခဲ့ကြပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်ခဲ့သည်။လက်ရှိအချိန်တွင် ဘန်ကောက်မြို့ တော်တွင် ဆန္ဒပြမှုများကြောင့် အချို့သော ဘန်ကောက်လမ်းများ ပိတ်ထားရပြီး ကမ္ဘာလှည့်ခရီးသွား များကိုလည်း ၄င်းတို့ မိခင်နိုင်ငံ များက သတိပေးမှုများ ပြုလုပ်ထားသည်။

လက်ရှိကာလသည် ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်သည့်ရာသီ ဖြစ်ပြီး ယခုပြဿနာကြောင့် ထိုင်းခရီးသွားကုမ္ပဏီ များအတွက် စိုးရိမ် ဖွယ်ရာဖြစ်သည်။

ထိုင်းတွင် ခရီးသွားကဏ္ဍမှ အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၉၉ ဘီလီယံထိ ဝင်ငွေ ရရှိလျက် ရှိရာ ယင်းပမာဏသည် ၂၀၁၂ ခုနှစ် ထိုင်းစုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း World Travel and Tourism Council က ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here