Friday, November 8, 2013

SNLD ငွေရတုအခမ်းအနားတွင် ရှမ်းနောက်ဆုံး စော်ဘွား၏ မိဖုရားက ဆုပေးမည်

0 comments
နန်းလွင်နှင်းပွင့်| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၇ ရက် ၂၀၁၃ ခုနှစ်

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားကို နိုဝင်ဘာလ ၉ရက်မှ ၁၁ရက်အထိ လားရှိုးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ရှမ်းစော်ဘွားနောက်ဆုံးမျိုးဆက်၏ မိဖုရားက ပညာရေးနှင့် လူမှုရေး ရွပ်ရွပ်ချွံချွံလုပ်ဆောင်သည့် ပါတီဝင်တစ်ဦးကို ၁၁ရက်နေ့၌ဆုချီးမြှင့်မည်ဟု SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ရဲ့ စော်ဘွားနောက်ဆုံးမျိုးဆက်ရဲ့ မိဖုရား စပ်သုစန္ဒီက ပေးမယ့်ဆုပါ၊ ပညာရေးပိုင်း၊ လူမှုရေးကဏ္ဍတွေမှာ ရွပ်ရွပ်ချွံချွံလုပ်ဆောင်နိုင်တဲ့ ဆုအဖြစ်နဲ့ ပေးတာပါ"ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။

ရှမ်းစော်ဘွား နောက်ဆုံးမျိုးဆက်၏ မိဖုရား စပ်သုစန္ဒီက လက်ရှိတွင် သြစတျေးလျနိုင်ငံ တွင် နိုင်ထိုင်လျှက်ရှိသည်။ ၎င်းက မည်သူ့ကို မည်သို့သောဆု ချီးမြှင့်မည်ကိုမူ ဦးစိုင်းညွှန့်လွင်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ငွေရတုအထိမ်းအမှတ်ပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် နိုဝင်ဘာလ ၉ရက်မှ ၁၁ရက် အထိ ပြုလုပ်သွားမည်ဖြစ်ပြီး SNLD၏ ၂၅နှစ်အတွင်း လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ချက်အား ကိုယ်စားလှယ်အသီးသီးက ဖတ်ကြားမည်ဖြစ်သည်။ ယင်းအပြင် ရှမ်းလူထု၏ SNLD အပေါ် ဝေဖန်ချက်များကို ပါတီဝင်များက ဖတ်ကြားမည်ဖြစ်သည်ဟု SNLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ထိုပွဲတွင် မြို့နယ် ၂၂မြို့နယ်မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၂၀ဦးစီ တက်ရောက်မည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ရှိ ကျေးရွာ ၅၆ရွာ၊ ရပ်ကွက် ၁၂ရပ်ကွက်မှ ကိုယ်စားလှယ် ငါးဦးစီ ဖိတ်ကြားထားပြီး ပါတီဝင်မဟုတ်သော ဖိတ်ကြားထားသူများနှင့် စုစုပေါင်း လူဦးရေ တစ်ထောင်ခန့် တက်ရောက်မည်ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။

(မဇ္ဈိမသတင်းဌာန)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here