Tuesday, February 18, 2014

တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ အမြန် ရပ်ဆိုင်းရန် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် တောင်းဆို

0 comments
18.2.2014

ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ယုံကြည်မှု တည်ဆောက်ရန် အတွက် မြန်မာ့ တပ်မတော် နှင့် KIO/KIA တို့အကြား ပစ်ခတ် တိုက်ခိုက်နေမှုများ အမြန် ရပ်ဆိုင်းပေးရန် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) က ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဌာနချုပ် ရုံးတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပ သည့် FDA အဖွဲ့ဝင် ပါတီများ၏ တတိယအကြိမ် စုံညီ အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာ ချက် တွင် အထက်ပါအတိုင်း ထည့်သွင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေစဉ် ကချင်ပြည်နယ် ဒေသအချို့၌ တပ်မတော်နှင့် ကေအိုင်အေ တပ်ဖွဲ့တို့ ထိပ်တိုက် တွေ့မှုများမှာ နယ်မြေ လုံခြုံရေးနှင့် တရားမဝင် မှောင်ခို ကိစ္စရပ်များကြောင့် ဖြစ်ပြီး တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားနေခြင်း မဟုတ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

“သစ် ကိစ္စတွေကြောင့် နှစ်ဖက် ထိတွေ့မှု ဖြစ်တာတွေ ရှိတယ်လို့ သိရတယ်။ တိုက်ပွဲကြီးတွေ ပြန်ဖြစ်နေ တာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဖြင့် ငြိမ်းချမ်းရေး ခရီးတွင်စေရန် ယင်းသို့ တိုက်ပွဲများ အမြန် ရပ်ဆိုင်းရေး တိုက်တွန်း တောင်းဆိုခြင်း ဖြစ်ကြောင်း FDA ၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ထို့အပြင် မြေယာ သိမ်းဆည်း ခံရမှုများအပေါ် ဆန္ဒ ဖော်ထုတ်သူများကို ဖမ်းဆီး အရေးယူထားမှုများ အမြန်ဆုံး ဖြေရှင်းပေးရန်၊ အခြေခံ လူတန်းစားများကို ကျူးကျော်အဖြစ် သတ်မှတ်၍ အကြမ်းဖက် ဖယ်ရှား နေမှုများကို နေရာ ပြန်လည် ချထားရေး လုပ်ဆောင်၍ ဖြေရှင်းပေးရန်၊ အခြေခံ ဥပဒေနှင့် လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်နေမှုကို အချိန် အတိုင်းအတာအလိုက် ပြင်ဆင် လျှော့ချရန် FDA က ထုတ်ပြန် တောင်းဆိုထားသည်။

FDA အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) စသည့် နိုင် ငံရေး ပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများ အပါအဝင် စုစုပေါင်း ပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here