ဧပြီ ၇ ရက်က ဖမ်းဆီးရမိခဲ့သည့် တမလန်းသစ် မှောင်ခိုတင်ဆောင်လာသည့်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန်ဦးစီးဌာန)
တမလန်း သစ်ခွဲသားများကို ကားကြီးများအပြင် ကားသေးများဖြင့်ပါ တရုတ်သို့ ဆက်တိုက်ခိုး ထုတ်နေကြောင်း အကောက်ခွန်ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။
ယင်းသို့ မှောင်ခိုသစ်ခိုးထုတ်မှုကို မူဆယ်နယ်စပ် ကုန်သွယ်မှုစခန်းအနီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဧပြီ ၆ ရက်မှ ၇ ရက်အတွင်း သစ်မှောင်ခိုယာဉ် ခြောက်စီးအား စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် ယာဉ်များအတွင်း ၁၂ ဘီးကားကြီး တစ်စီးနှင့် တိုယိုတာကား အမျိုးအစား အငှားယာဉ် သုံးစီး အပါအ၀င် လိုက်ထရပ်ယာဉ် တစ်စီးလည်း ပါဝင်ခဲ့ကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူက “အခုဖမ်းမိခဲ့တဲ့ ဖြစ်စဉ်မှာပါတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာ အလိုက် လွှဲပြောင်းပြီးသွားပြီ။ သစ်ဆိုလည်း သစ်တောဦးစီးဌာနကို လွှဲပြောင်းလိုက်ပြီး။ ကားတွေအများစု ကိုလည်း သိမ်းထားလိုက်တယ်” ဟု ပြောကြားသည်။
နှစ်ရက်တာ ဖမ်းမိခဲ့သည့် သစ်မှောင်ခိုဖြစ်စဉ်အတွင်း တမလန်းသစ် ၁၀ တန်ကျော်ခန့် ရှိမည်ဖြစ်ကြောင်း၊ အဆိုပါသစ်များကို တရုတ်ဘက်သို့ တင်သွင်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ စစ်ဆေးချက် အဖြေများအရ သိရသည်။
“တရုတ်ဘက်က အခု တမလန်းသစ်ကို အ၀ယ်လိုက်နေတယ်။ တစ်တန်ကို သိန်း ၇၀ လောက် ပေးနေ တယ်လို့ သိရတယ်။ အဲဒါကြောင့် တမလန်းသစ်တွေကို မှောင်ခိုလုပ်နေတာပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးမှုတွေကို အရင်ကထက် ပိုလုပ်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားထားချက်အရ တမလန်းသစ်များကို ၂၀၁၃ ခုနှစ် အတွင်းမှ စတင်ကာ မှောင်ခိုထုတ်လုပ်မှု အားကောင်းလာကြောင်း၊ ယင်းမှာ တရုတ်ဘက်မှ ၀ယ်လိုအား များလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက သစ်တောဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ ယခုနှစ် ဇန်န၀ါရီလမှ ဖေဖော်ဝါရီလအတွင်း သစ်ခိုးထုတ်မှုအား ဖမ်းဆီးရမိမှုမှာ ကျွန်းအပါအ၀င် သစ်မာတန်ချိန်ပေါင်း ၁၆၆၂၅ ဒသမ ၆၀၂၇ ရှိခဲ့သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကိုးလတာ ကာလအတွင်း၌လည်း တရားမ၀င်သစ်နှင့် သစ်တောထွက် ပစ္စည်းတန်ချိန် သုံးသောင်းခွဲနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာနများ ပြည်ထောင်စု စာရင်းစစ်ချုပ်အရ သိရသည်။
Eleven Media Group