Thursday, April 10, 2014

အစောပိုင်းသွင်းဂိုးကို မချေဖျက်နိုင်သဖြင့် ချန်ပီယံလိဂ်မှ ထွက်ခွာသွားရသည့် ဘာစီလိုနာ

0 comments

နာမည်ကြီး ဘာစီလိုနာ အသင်းအနေဖြင့် စပိန်ပြည်တွင်းပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းတွင် အရေးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှ လက်ပြနှုတ်ဆက် ထွက်ခွာ သွားပြီ ဖြစ်သည်။

အက်သလက်တီကိုတွင် ၎င်းတို့၏ အဓိက အားထားရသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာ မပါ ဝင်နိုင်ဘဲ ဒေးဗစ်ဗီလာ၊ အက်ဒရီယန်လိုပက်ဇ်၊ ကိုကီ၊ ရောလ်ဂါစီယာ၊ တီယာဂို၊ ဂါဘီ၊ ဖိလစ်ပီလူးဝစ်၊ ဒီယေဂိုဂေါ်ဒင်၊ ဂျိုအိုမီရန်ဒါ၊ ဟွမ်ဖရန်တို့ ပါဝင်ကစားခဲ့ကြသည်။ ဘာစီလိုနာဘက်တွင်မူ လီယွန်နယ်လ်မက်ဆီ၊ အန်းဒရက်စ် အင်နီယေစတာ၊ နေမာ၊ ဆက်စ်ဖာဘရီဂက်စ်၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယိုဘုရှ်ကွက်စ်၊ ယော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ မက်ဘာထရာ၊ ဒန်နီအဲလ်ဗက်စ်တို့ ပွဲထွက်လာကြသည်။

ပွဲအစ (၅)မိနစ် ကတည်းက အက်သလက်တီကိုတို့ ဦးဆောင်ဂိုး ရရှိသွားသည်။ တိုင်ထိထွက် လာသော ဘောလုံးကို ဘာစီလိုနာ ပြတ်ပြတ်သားသား မဖျက်နိုင်သဖြင့် အက်ဒရီယန် ခေါင်းတိုက် ချပေးလိုက်သည်ကို ကိုကီက ပိတ်သွင်းသွားခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် နှစ်ဖက်အသင်း တိုက်စစ်မှ မက်ဆီနှင့် ဗီလာတို့ အခွင့်အရေးများ အသီးသီး ရရှိခဲ့သော်လည်း ဂိုးမရခဲ့ချေ။ ပွဲချိန်မိနစ်(၄၀)တွင် မာရှေယာနိုကို ကျော်ပြေးသွားသည့် အက်ဒရီယန် ဆွဲလှဲခံရသော်လည်း ဒိုင်က ပင်နယ်တီပေး ရန် ငြင်းဆန်ခဲ့သည်။ (၄၃)မိနစ်တွင် ဘာစီလိုနာ ကွင်းလယ်လူ ဖာဘရီဂက်စ်ကို ဂေါ်ဒင် ဖျက်ထုတ်သဖြင့် လဲကျသွားသော်လည်း ဒိုင်က ပင်နယ်တီအဖြစ် မသတ်မှတ်ခဲ့ပြန်ချေ။

(၄၉)မိနစ်တွင် နေမာ၏ အားထုတ်မှုကို အက်သလက်တီကို ဂိုးသမား သီဘောက် ကော်တွိုက်စ် လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ရှာဗီ၏ ထပ်ဆင့်ပိတ်သွင်းချက် ဂိုးဘားတန်းပေါ် ကျော်သွားသည်။ မိနစ်(၇၀)တွင် ဗီလာကို မာရှေယာနိုပင် အဖျက်ကြမ်းခဲ့ပြန်သော်လည်း ဒိုင်က ပင်နယ်တီ မပေးခဲ့ပြန်ချေ။ ပွဲပြီးခါနီးတွင် ဘာစီလိုနာက ပိုမိုဖိကစားနိုင်ရန် ကြိုးစားလာသော်လည်း အက်သလက်တီကို၏ တန်ပြန်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေခဲ့ရရင်း အဆုံးသတ်တွင် အိမ်ရှင်အသင်းကသာ အနိုင်ရရှိပြီး မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်၊ အင်္ဂလန်ကလပ် ချယ်လ်ဆီး၊ လက်ရှိချန်ပီယံ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်တို့နှင့်အတူ ချန်ပီယံလိဂ် လက်ကျန်(၄)သင်း စာရင်းတွင် ပါဝင်ခွင့် ရရှိသွားခဲ့သည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here