Friday, April 25, 2014

စစ်မှန်သည့်ဖက်ဒရယ် မရမချင်း လက်နက်ကိုင်မည်ဟု ရှမ်းပြည် တပ်မတော်ပြော

0 comments
25.4.2014

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မရမချင်း လက်နက်စွဲကိုင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။

ဒီကနေ့မနက်က ဌာနချုပ် ၀မ်ဟိုင်းမှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်တပ်မတော် နှစ် ၅၀ ပြည့် ရွှေရတုအခမ်း အနားအဖွင့်မိန့်ခွန်းမှာ ရှမ်းပြည်တပ်မတော် နယကကြီး ဗိုလ်ချုပ်ဆေးထင်က ခုလိုပြောကြားခဲ့တာလို့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“နာယကကြီး ဗိုလ်ချုပ်ဆေးထင်က ရှမ်းပြည်တပ်မတော်သမိုင်း အကျဉ်းကိုပြောပြီးတော့ အခမ်းအနားကို ဖွင့်ပေးတာပါ။ ရှမ်းပြည်တပ်မတော် ဘာကြောင့်ပေါ်ပေါက်ခဲ့သလဲဆိုတော့ တန်းတူအခွင့်အရေးတွေ မရလို့၊ ပင်လုံစာချုပ်အတိုင်း မကျင့်သုံးလို့ လက်နက်ကိုင်ပြီး တော်လှန် ခဲ့ရ တာပေါ့နော်။ ကျနော် တို့ တောင်းဆိုထားတဲ့ တန်းတူညီမျှမှု မရမချင်း ကြိုးစားဖို့။ အရာရှိအရာခံစစ်သည်တွေ အဲဒီ သမိုင်းကြောင်းကို မမေ့ဖို့ သမိုင်းပေးတာဝန်ကျေပွန်ဖို့ ပြောသွားပါတယ်။”

ဗိုလ်ချုပ်ဆေးထင်ဟာ ရှမ်းပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်ရင်း လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က န၀တ အစိုးရရဲ့ ထောင်ဒဏ် ၁၀၅ နှစ် ထိ ပြစ်ဒဏ်ချခြင်းကို ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ရွှေရတုသဘင်ဖွင့်ပွဲ အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ပန်ဖကလည်း ရှမ်းပြည် တပ်မတော်အနေနဲ့ အခက်အခဲအမျိုးမျိုးကြားက မိဘပြည်သူတွေရဲ့ အားပေးထောက်ခံ မှုတွေကြောင့် တော်လှန်ရေးခရီးစဉ် နှစ် ၅၀ တိုင် လျှောက်လှမ်း လာနိုင်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းလူမှုအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ ၃ ထောင်ကျော် တက်ရောက်ခဲ့ပြီး မနက်ဖြန်မှာ လူထုဆွေးနွေးပွဲကျင်းပဖို့ ရှိနေပါတယ်။

အရင်စစ်အစိုးရလက်ထက်တွေမှာ လက်နက်ကိုင်အဖွဲ့တွေ ကျင်းပတဲ့ အခမ်းအနားကို ခုလိုလူသိ ရှင်ကြားတက်ရောက်ရဖို့ နေနေသာသာ ဆက်သွယ်တယ်လို့ သံသယရှိမှုနဲ့ ဖမ်းဆီးအရေး ယူတာ၊ ထောင်ချတာတွေ ခံရတယ်လို့ အခမ်းအနား တက်ရောက်သူ ပြည်သူတဦးက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က န၀တအစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ အထူးဒေသ ၁ အနေနဲ့ လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အစိုးရက လိုလားတဲ့ ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ် ခဲ့ ပါတယ်။

ဦးသိန်းစိန်သမ္မတဖြစ်လာပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ ပြည်နယ် အဆင့်ရော ပြည်ထောင်စု အဆင့်အနေနဲ့ပါ ပဏာမ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲတွေ အကြိမ် ၁၀၀ ကျော် ပြန် လည်ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်ကို စဝ်ကွဏ်းဇိဏ်း ဦးဆောင်တဲ့ Shan National United Front (SNUF) နဲ့ ခွန်မဟာ ဦးဆောင်တဲ့ Shan State Independence Army (SSIA) တို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၁၉၆၄ ဧပြီလ ၂၄ ရက်က ထိုင်းနယ်စပ် တနေရာမှာ စတင်ထူထောင်ခဲ့တာပါ။

#DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here