Friday, September 27, 2013

မြန်မာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ The Elders အဖွဲ့တိုက်တွန်း

0 comments
မြန်မာပြည်ကိုသွားတဲ့ The Elders အဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် Jimmy Carter (Credit: Reuters)

27.9.2013

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်တဲ့ The Elders အဖွဲ့က မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

The Elders အဖွဲ့ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ သမ္မတ အပါအဝင်၊ ဘာ သာရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှု လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်လပ်စွာ ဘာသာကိုးကွယ်မှု အခွင့်အရေးရှိကြောင်းကို လက်ခံပြီး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ပြောလိုက်တာ ဖြစ်ပါတယ်။

The Elders အဖွဲ့ ဒုဥက္ကဌဖြစ်သူ နော်ဝေနိုင်ငံဝန်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံက ဘာသာရေး အစွန်းရောက် သမားတချို့တွေရဲ့ အမြင်တွေကို တိုက်ဖျက်ဖို့ နှစ်ပေါင်း ဆယ်နဲ့ချီ ကြာမြှင့်နိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဓိပ္ပာယ်မဲ့ပြီး ဖျက်ဆီးမှုတွေ၊ ကြမ်းတမ်းမှုတွေ ပါဝင်တဲ့ ပဋိပက္ခတွေအပေါ် ဘယ်သူကမှ မျက်ကွယ်မပြုနိုင်ဘူးလို့လည်း ပြောခဲ့ပါတယ်။

အဲ့ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာကိုလည်း ဖြေရှင်းဖို့နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လည်း The Elders အဖွဲ့ က တောင်းဆိုလိုက်ပါတယ်။

The Elders အဖွဲ့ဟာ သီးသန့်လွှတ်လပ်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တဲ့ သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေ၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေ၊ ကုလ သမဂ္ဂခေါင်းဆောင်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

The Elders ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်အဖွဲ့တွေ ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်ဖြစ်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင် လာတဲ့ The Elders ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာလ ၂၆ ရက်နေ့က ကချင်အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ ကို ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

The Elders ကိုယ်စားလှယ် အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်တဲ့အခါမှာ UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာအောင် တိုက်တွန်းပေး သွားမှာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း အာမခံ သွားမှာ ဖြစ်တယ် လို့ ပြောကြားခဲ့တဲ့ အကြောင်း တွေ့ဆုံ ဆွေးနွေးခဲ့သူတစ်ဦးဖြစ်တဲ့ ကချင် ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက ယခုလို ပြောပါတယ်။

“သူတို့အနေနဲ့ကတော့ အဓိကကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု လုပ်တဲ့အခါမှာ UN ကလည်း ပါဝင်အောင်ပေါ့။ ပြီးရင် နိုင်ငံတကာ အစိုးရတို့ တစ်ခြားလူကြီးတွေလည်း ပါဝင်အောင် လုပ်ပြီး သကာလမှာ သူတို့ ဝိုင်းပြီး အာမခံပေးမယ်ဆိုတဲ့ သဘောပါပဲ။ ဒီလိုမျိုး ဘယ်သူမှ အာမမခံခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဘယ်သူ့မှ မပါခဲ့တဲ့အတွက်ကြောင့် မို့လို့ ဒီစာချုပ်တွေကို ဖျတ်ရဲတယ်ပေါ့ အခုချိန်မှာတော့ သူတို့အားလုံးပါဝင်ရင်တော့ နောက်ထပ်မဖြတ်တော့ဘူးလို့ ယူဆတယ်ပေါ့”

ကချင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့ ကချင်ပြည်နယ်တွင်း စစ်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဒုက္ခသည်တွေလိုအပ်ချက်တွေကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒါအပြင် သူတို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာ အပစ်အခတ်ရပ်စဲရေး အာမခံချက် အပြင် ပြည်သူလူထုအတွက် ဘဝရပ်တည်ရေး အာမခံချက်တွေနဲ့ အပစ်အခတ်ရပ်ပြီးတာနဲ့ အမှန်တကယ် နိုင်ငံရေး ဆွေးနွေးရမယ်ဆိုတဲ့ အာမခံချက်တွေ ရရှိဖို့ တင်ပြခဲ့တယ်လို့ မခွန်ဂျာက ဆက်ပြောပါတယ်။

The Elders အဖွဲ့ဟာ စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး စက်တင်ဘာ လ ၂၅ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို အစိုးရ အကြီး တန်း အရာ ရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တဆက်တည်းမှာပဲ လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ကျရင် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက် ကိုင် ၄ ဖွဲ့တို့ တွေ့ ဆုံမှာ ဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ ပြုလုပ်မယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု ကိစ္စတွေ ကိုဆွေးနွေးကြမှာ ဖြစ်တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှ ကနေ သတင်းပေးပို့ခဲ့ပါတယ်။


ABC Radio Australia

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here