Saturday, October 12, 2013

အခမဲ့ အချိန်ပိုလေးများ

0 comments


(ဆောင်းပါးရှင် - ယမင်းသူ)

မနက်အိပ်ရာနိုးနိုးချင်း မည်းမှောင်နေတဲ့ ကောင်းကင်ကြီးနဲ့ သဲသဲမဲမဲ ရွာသွန်းနေတဲ့ မိုးရေစက်တွေကိုကြည့်ပြီး ဒီနေ့တော့ အချိန်ပို ပိုဆင်းရတော့မှာပဲလို့ တွေးလိုက်မိတယ်။ တွေးပြီး အိမ်ရှေ့ကို ထွက်ကြည့်လိုက်ရင်ပဲ အတွေးက မှန်နေပြီဆိုတာ ပိုသေချာသွားတော့တယ်။ ဘာလို့ဆို အိမ်ရှေ့က လမ်းပေါ်မှာ ရေလျှံနေပြီလေ။ မနေ့ညဦးပိုင်းလောက် ကတည်းက အငြိုးတကြီးနဲ့ ရွာသွန်းခဲ့တဲ့မိုးက လမ်းတွေပေါ်မှာ ရေပြည့်ရေလျှံဖို့ လုံလောက်နေခဲ့ ပြီလေ။ ဒီပုံအတိုင်းဆို ခါတိုင်းဆင်းပေးနေကျ အချိန်ပိုထက် ပိုပြီးဆင်းပေး ရတော့မလား မသိ။ ဒါနဲ့ပဲ အချိန်ပို ဆင်းရတဲ့အချိန် လျော့လိုလျော့ငြား ခပ်သွက်သွက်ပဲ ပြင်ဆင်ပြီး ရုံးကိုထွက်လာ ပါတော့တယ်။

ရုံးသွားဖို့ အိမ်အောက်ဆင်းလိုက်တော့ လမ်းတွေမှာ ရေတွေပြည့်လျှံနေပြီ။ အဲဒီလမ်းတွေအောက်မှာ ဘာတွေရှိနေမယ်မှန်း မသိရတော့ စမ်းတ၀ါးဝါးနဲ့ သတိထားလျှောက်ပြီး စီးရမယ့် ဘတ်စ်ကားမှတ်တိုင်က အချိန်တော်တော်ကြာကြာ လျှောက်လာခဲ့ရ တော့တယ်။

လမ်းမှာရေတွေ လျှံနေတဲ့အပြင် ကားတွေကပိတ်ပြီး ဘီးတစ်ခါ လိမ့်ရုံလောက်ကို စက္ကန့်သုံးဆယ်လောက် အချိန်ယူနေရတာကို တွေ့လိုက်ရတယ်။ စိတ်ထဲကတော့ ဘုရားတလိုက်မိတယ်။ အခါတိုင်းက အချိန်ပို သုံးနာရီဆို ဒီနေ့က ဘယ်နှနာရီလောက်များ ဖြစ်သွားတော့မှာပါလိမ့်။ ဘီးလိမ့်ရုံ မနည်းရုန်းနေရတဲ့ ဘတ်စ်ကားဆီကိုပဲ တက်ရမလား။ အေးရာအေးကြောင်း ကားနောက်မှီကို ခေါင်းမှီအိပ်နေတဲ့ အငှားကားဆီကိုပဲ သွားရမလား။ ဘာပဲပြောပြော ဒီနေ့တော့ ခါတိုင်းထက်ပိုပြီး အချိန်ပို ဆင်းရတော့မှာ သေချာသွားခဲ့ပြီ။

တကယ်တော့ အချိန်ပိုဆင်းနေခဲ့ရတာ တော်တော် ကြာမြင့်ခဲ့ပြီပဲ။ အစိုးရသစ် တက်လာပြီး ကားတင်သွင်းခွင့်တွေ ပေးလိုက်ပြီးတဲ့နောက်ပိုင်း ကားတင်သွင်းမှုတွေ များလာပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ ကားတွေကျပ်ညပ် ပိတ်ဆို့လာလိုက်တာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား လာခဲ့တာပဲ။ ကိုယ်ရေးကိုယ်တာ ကိစ္စက သွားချင်တဲ့ ဆန္ဒရှိမှ သွားရတာ ဖြစ်ပေမယ့် နေ့စဉ်ရုံးတက် ရုံးဆင်း ကိစ္စကတော့ မလွှဲသာ မရှောင်သာ သွားရတဲ့ ကိစ္စမျိုးပဲလေ။ ဒီကိစ္စကိုတော့ သွားချင်မှ သွားမယ်ဆိုပြီး ရှောင်နေလို့မှ မရတာ။ အဲဒီမှာပဲ နေ့စဉ်အခမဲ့ အချိန်ပိုဆိုတာ စတော့တာပဲ။

ရုံးတက်ချိန်က ကိုးနာရီပဲ ထားပါတော့။ ၉ နာရီ ရုံးအမီရောက်ဖို့ ၇ နာရီခွဲလောက် အိမ်ကထွက်မှ အဆင်ပြေတယ်။ အရင် ၈ နာရီ ၁၅ မိနစ်လောက်မှထွက်လည်း အေးအေးသာသာ သွားလို့ရတဲ့ အခြေအနေကနေ ၇ နာရီခွဲ ထွက်တာတောင် ပြူးပြူးပျာပျာနဲ့သွားပြီး ကားဂိတ်ရောက်တာနဲ့ ကိုယ်စီးမယ့်ကားကို ကျပ်သည်ဖြစ်စေ၊ တိုးဝှေ့နေရသည်ဖြစ်စေ အတင်းတိုးတက်ပြီး လိုက်ရတော့တာပဲ။ ဟုတ်တယ်လေ။ ဒါမှပဲ ရုံးကိုအချိန်မီ ရောက်မှာ။ မဟုတ်ရင် နေ့စဉ်အခမဲ့ အချိန်ပို ဆင်းနေရတဲ့အပြင် ရုံးနောက်ကျလို့ ဒဏ်ရိုက်တာကိုလည်း ခံနေရဦးမှာ။ ဟိုလည်းအခက် ဒီလည်းအခက် ဘ၀တွေပါလားကွယ်။

ရုံးသွားချိန် ရုံးမီဖို့ တစ်နာရီခွဲလောက် စောထွက်၊ ရုံးကပြန်တော့လည်း ရုံးကနေ အိမ်ပြန်ဖို့ တစ်နာရီခွဲလောက်ကြာ။ ဒီလိုဆိုတော့ လမ်းပေါ်မှာတင် တစ်နေ့တစ်နေ့ သုံးနာရီလောက် ကုန်ဆုံးနေရတာ။ အဲဒီ အချိန်တွေဟာ ရုံးမှာသာ အလုပ်ဆင်းနေရင် အိုတီကြေးလို့ခေါ်တဲ့ အချိန်ပိုကြေးကို သတ်မှတ်ထားသလောက် ရနိုင်သေးတယ်။ အခုတော့ တိုးဝှေ့စုပြုံ စီးရတဲ့ ဘတ်စ်ကားပေါ်မှာ လူကျပ်ကျပ်ကို အတင်းတိုးစီးပြီး ကိုယ့်အချိန်တွေကို ပေးနေရတာ။ ဒါတောင် နေရာရရင် တော်သေးတယ်။ မရရင်တော့ အဲဒီ တစ်နာရီခွဲလောက်ကို မတ်တတ်ရပ်ပေတော့။ အသွားအပြန်ဆိုရင် သုံးနာရီပဲ။

တစ်ခါကတော့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သူကတော့ စာအုပ်တစ်အုပ် ယူသွားတာပဲတဲ့။ ကားပိတ်လို့ ကြာနေရင်လည်း အဲဒီစာအုပ် ဖတ်နေလိုက်တယ်တဲ့။ အခုနောက်ပိုင်း ကားတွေပိတ်လာတော့ အိမ်ပြန်ချိန်တွေ နောက်ကျပြီး ကိုယ်ပိုင်အချိန် ဆိုတာလည်း သိပ်မရှိတော့တဲ့အခါ ရတဲ့အချိန်မှာပဲ ကိုယ်ဖတ်ချင်တဲ့စာကို ဖတ်ရတယ်တဲ့။ ဒါပေမဲ့ အဲဒါကို သိပ်တော့လက်မခံချင်ဘူး။ သူပြောသလို စာအုပ်ဖတ်ဖို့ ဆိုတာက ရိုးရိုးယာဉ်လိုင်းတွေ မပြောနဲ့ အခုနှစ်ပိုင်းမှာ ပေါ်လာတဲ့ အထူးကားတွေမှာတောင် နေရာရမှ ဖြစ်မှာ။ ဒါတောင် အဲဒီ အထူးယာဉ်လိုင်းတွေမှာ ထိုင်ခုံပြည့်ပြီးတာကို လူထပ်တင်ရင် အသက်ရှူလို့ မရအောင် ကျပ်ညပ်ပြီး ခုံတွေကလည်း တစ်ခုံနဲ့တစ်ခုံ ဒူးနဲ့တောင် သိပ်မလွတ်ချင်တာဆိုတော့ စာအုပ်တစ်အုပ်ကို အာရုံစိုက်ဖတ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒီကြားထဲ စစ်ဆေးရေးဆိုပြီး မတ်တတ်ရပ်တင်ထားတဲ့ ခရီးသည်တွေကို မရှိတဲ့ နေရာတွေမှာ အတင်းဝင်ထိုင်ခိုင်းတာက ရှိသေးတယ်။ သူတို့က ကားမှာရေးထားတာကိုး။ ထိုင်ခုံအပြည့်သာ လူတင်ပါတယ် ဆိုပြီး။

သူငယ်ချင်း နောက်တစ်ယောက်ကတော့ ပြောတယ်။ သူကတော့ သူ့ Mp4 ထဲမှာ အင်္ဂလိပ်စာ Listening lessons တွေ ထည့်ထားလိုက်တယ်တဲ့။ စာအုပ်လို ကိုင်ထားရတာမျိုးလည်း မဟုတ်တော့ နားကြပ်တပ်ထား လိုက်ရုံပဲ။ ကားစီးရတဲ့အချိန် ကြာပါစေဦး။ ဒါလေး နားထောင်နေတော့ အပျင်းလည်းပြေတယ်။ ကိုယ်လည်း အင်္ဂလိပ်စာ Listening skill တိုးတက်တယ်တဲ့။ သူ့နည်းလေးကတော့ အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကလည်း အင်္ဂလိပ်စာ Listening skill အားနည်းတဲ့သူ ဆိုတော့ သူ့နည်းနဲ့ဆိုရင် ကိုယ်လည်းတိုးတက်တယ်။ အလဟဿ ဖြစ်နေရတဲ့ အခမဲ့ အချိန်ပိုတွေကိုလည်း တန်ဖိုးရှိရှိ အသုံးချလို့ ရမယ်။ အခမဲ့ အချိန်ပိုပေမယ့် ပညာရတဲ့ အချိန်ပို ဖြစ်အောင်တော့ ပြောင်းလဲယူရ တာပေါ့လေ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံကလည်း ပြုပြင်ပြောင်းလဲနေတဲ့ အချိန်ဆိုတော့ ၀င်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဘာသာစကား တတ်ကျွမ်းမှုက လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ အဲဒီ လိုအပ်ချက်ကို နေ့စဉ်နေ့တိုင်း အခမဲ့ ပေးနေရတဲ့ အချိန်ပိုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဲဒီ အချိန်ပိုတွေက အကျိုးရှိလာ ပါလိမ့်မယ်။ အခုခေတ်မှာ ဖျော်ဖြေရေး အိုင်တီပစ္စည်းတွေကလည်း ပေါများပြီး ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာ လောက်ကိုလည်း ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ အဲဒီ ပစ္စည်းတွေထဲမှာ ဘာသာစကား နားထောင်မှု သင်ခန်းစာတွေကို ထည့်ထားပြီး ပုံမှန်ပေးနေရတဲ့ ရုံးတက်ရုံးဆင်း ချိန်တွေမှာ နားထောင်လေ့ကျင့်မယ်ဆိုရင် သိပ်မကြာတဲ့ ကာလအတွင်းမှာဘဲ အဆိုပါ ဘာသာစကားကို နားရည်ဝလာ လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကားတွေပိတ်ဆို့ တာကတော့ အချိန်တိုအတွင်း ပြောင်းလဲသွားနိုင်မှာ မဟုတ်တော့ ကိုယ့်ဘာသာပဲ ဒီအချိန်တွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲ ဆိုတာကို စီမံခန့်ခွဲသွားရမှာ ဖြစ်ပါတယ်။

ဖျော်ဖြေရေး အိုင်တီပစ္စည်းတွေကို အကျိုးရှိတဲ့ဘက်မှာ အသုံးချနိုင်သလိုပဲ အချို့ကလည်း ရုံးတက်ရုံးဆင်းချိန်တွေမှာ ဒီပစ္စည်းလေးတွေနဲ့ ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေတဲ့ သူတွေလည်း အတော်ကို များပြားလှပါတယ်။ ဒီပစ္စည်းတွေနဲ့ ဂိမ်းတွေဆော့တာ၊ သီချင်းနားထောင်တာ စသဖြင့် အမျိုးစုံ အသုံးပြုနေကြ တာကိုလည်း ပေါပေါများများ တွေ့နိုင်ပါတယ်။

တကယ်တော့ ကိုယ်အလကား ပေးနေရတဲ့ အချိန်တွေမှာ ဒီလို စိတ်ဖျော်ဖြေရာကို တစ်ခါတစ်ရံလည်း အသုံးချတာ သင့်တော်ပါတယ်။ ကိုယ်ပိုကုန်နေရတဲ့ အချိန်က သုံးနာရီဆိုရင် တစ်နာရီလောက်ကို ကိုယ့်စိတ်ဖျော်ဖြေရာအဖြစ် သုံးပြီး ကျန်တဲ့အချိန်တွေကိုတော့ အပေါ်က ပြောခဲ့သလို ကိုယ့်အတွက် အကျိုးရှိနိုင်မယ့် နည်းလမ်းလေးတွေကို ရှာဖွေပြီး အသုံးချသင့်ပါတယ်။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်ဆိုသလို ကုန်လွန်သွားခဲ့တဲ့ အချိန်မှန်သမျှဟာ ကိုယ့်ဘ၀အတွက် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ။ အပိုအဖြစ် ကုန်နေရတဲ့ ဒီအချိန်ပိုတွေမှာ ကိုယ့်ဘ၀အတွက် အကျိုးရှိမယ့် အရာကို စနစ်ကျကျ တည်ဆောက်နိုင်ခဲ့ရင် ဒီအချိန်တွေကပဲ ကိုယ့်အတွက် တန်ဖိုးရှိလာ မှာပါ။

အခုတော့လည်း တစ်နေ့တစ်နေ့ အခမဲ့ အချိန်ပိုတွေထဲမှာ တ၀ဲလည်လည် ဖြစ်နေတုန်းပါပဲ။ သူငယ်ချင်း နည်းလမ်းလေးကိုလည်း သုံးရင်းပေါ့။ ကိုယ့်စိတ်ထဲမှာ ဖြစ်လာတာက ကိုယ့်အချိန်ပိုတွေဟာ အခမဲ့ ဖြစ်နေပေမယ့် အကျိုးရှိသွား ခဲ့ပြီဆိုတော့ ကိုယ့်လိုအခမဲ့ အချိန်ပို ဆင်းနေရတဲ့ တခြားသူတွေလည်း အခမဲ့ အချိန်ပိုတွေကနေ အကျိုးရှိမယ့် အချိန်ပိုတွေအဖြစ် ပြောင်းလဲစေ ချင်တာပါပဲ။ အခုလို ကားလမ်းပိတ်တာတွေက နေ့ချင်းညချင်း ပြောင်းလဲသွားမှာ မဟုတ်တော့ ကိုယ့်ဘာသာပဲ ကိုယ့်အချိန် ကိုယ်သေချာ စီမံခန့်ခွဲနိုင်မှ ဖြစ်မှာ။ မဟုတ်ရင်ကတော့ ဒီကားတွေ ဒီလမ်းတွေကြားမှာ တန်ဖိုးရှိတဲ့ အချိန်တွေက အခမဲ့ အချိန်ပိုတွေ ဖြစ်နေဦးမှာပဲလေ။ ဒီအချိန်ပိုတွေဟာ တိုးရင်သာ တိုးလာမယ် လျော့သွားဖို့ ဆိုတာကတော့ ခဲယဉ်းမယ် ထင်ပါရဲ့။ ဒီတော့လည်း အခမဲ့ အချိန်ပိုလေးတွေကို အကျိုးရှိ အချိန်ပိုလေးတွေဖြစ်အောင် ကိုယ့်ဘာသာ ဖန်တီးယူနိုင်ဖို့သာ အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မယ်လို့။


Eleven Media Group 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here