Saturday, October 12, 2013

အဖြစ်ထဲက အပျက်သဘော၊ အပြုထဲက အဖျက်သဘော

0 comments



(သံတွဲမြို့ သပြုချိုင်ကျေးရွာတွင် ပဋိပက္ခဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသော နေအိမ်များကို စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ) ၀င်းမြင့်ကျော်)

 
Written by - အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)

၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ရုရှား သိပ္ပံပညာရှင်နှစ်ဦး ကျေးဇူးရှင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီးကို လာရောက် ဖူးမြော်ကြတယ်။ သူတို့ သိလိုသမျှတွေ မေးမြန်းပြီးတဲ့နောက်ဆုံး ''သိပ္ပံပညာတွေဟာ အံ့မခန်းတစ်နေ့တခြား တိုးတက် ပြောင်းလဲနေပါတယ်။ သိပ္ပံပညာတို့ရဲ့ အဆုံးပိုင်းကို ဘယ်လိုမြင်ပါသလဲ'' လို့ မေးလျှောက်တော့ ဆရာတော်က ''ဗုဒ္ဓတရားတော်အတိုင်း မြင်ပါတယ် ၊ နောက်ဆုံးတစ်နေ့ အားလုံးပျက်ကြရမှာပါ'' လို့ ဖြေလိုက်တယ်၊ (တစ်ဘ၀သာသနာ)။

ဖြူစင်တဲ့ ဘ၀ပိုင်ရှင်ဖြစ်ဖို့ မဂ်ဉာဏ်ရရှိဖို့ ၀ိပဿနာ ဉာဏ်လိုပါတယ်။ ၀ိပဿနာဉာဏ်ထဲမှာ အဖြစ်နဲ့အပျက်ကို ခွဲခြားမြင်တဲ့ ဥဒယဗ္ဗယဉာဏ် အခြေခံလိုအပ်ပါတယ်။ ဥဒယဗ္ဗယဉာဏ် အခြေမခံဘဲနဲ့ ကျန်တဲ့အထက် ၀ိပဿနာဉာဏ်တွေ မဖြစ်နိုင်ပါဘူး။ ၀ိပဿနာဉာဏ် မပြည့်စုံရင် မဂ်ဉာဏ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့်- ''ဖြစ်ပျက်နှစ်ဖြာ မမြင်ပါဘဲ တစ်ရာ အသက်ရှည်သည် ထက်လည်း ဖြစ်ပျက်နေ ဟန် ရုပ်နှင့်နာမ်ကို အမှန်မြင်လျှက် ဉာဏ်စဉ်တက်၍ တစ်ရက်သော်မျှ သက်ရှင်ရသော် လူ့ရပ်နတ်ရွာ ကောင်းမြတ်သာသည် ဘုရား မြတ်စွာ မိန့်ခွန်းတည်း'' လို့ ဘုရားဟောဓမ္မက္ခန်ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးက လင်္ကာစပ်ပြီး ဆုံးမခဲ့ပါတယ်။

ဝိပဿနာ ဉာဏ်အခြေခံဟာ အဖြစ်ကိုလည်း မြင်ရပါတယ်။ အပျက်ကိုလည်း မြင်ရပါတယ်။ အဖြစ်ကိုမြင်မှ ဥစ္ဆေဒဒိဋ္ဌိက ကွာပါတယ်။ အပျက်ကိုမြင်မှ သဿတဒိဋ္ဌိက ကွာပါတယ်။ အဖြစ်အပျက် နှစ်မျိုးလုံးကိုမြင်မှ သက္ကာယဒိဋ္ဌိက ကွာပါတယ်။အဖြစ်နဲ့အပျက်ဟာ ဉာဏ်မရှိသူတို့အတွက် ဒုက္ခသုက္ခတွေ ဖြစ်ပေမယ့် ဉာဏ်ရှိသူတို့ အတွက်တော့ မဂ်ဉာဏ်ရဲ့ အရင်းအနှီးပါပဲ။ တည်မြဲတယ်လို့ ထင်နေတာ၊ မြင်နေတာ၊ ယူဆနေတာ သဿတဒိဋ္ဌိပါပဲ။ အပျက်ကို မမြင်တော့ သဿတဒိဋ္ဌိအစွဲ စွဲပါတယ်။ စစ်အာဏာရှင်စနစ် အနှစ် ၅၀ တည်မြဲအောင် လုပ်ခဲ့တာ၊ နောက်ထပ်လည်း ဦးဆောင်မှု အခန်းကဏ္ဍက ရှိရမည်ဆိုပြီး လုပ်နေတာတွေဟာ သဿတဒိဋ္ဌိ အစွန်းရောက်နေ ပါတယ်။ မြန်မာနိုင်ငံ ကို နှစ်ပေါင်း ၅၀ ဒုက္ခပေးခဲ့ပြီးပြီ၊ နောက်ထပ်လည်း ဆက်ပြီးဒုက္ခပေးဖို့ ရည်ရွယ်လုံးပန်း နေတာတွေဟာ အဲဒီသဿတဒိဋ္ဌိအစွဲတွေပါ။

သမိုင်းဆိုတာ လူ့ဘောင်လူ့လောကရဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းပြုထားခြင်းပါပဲ။ သမိုင်းဆိုတာ ဒဿနိကဗေဒပါ။ သမိုင်းထဲကနေ ဒဿနတွေ များစွာရနိုင်ပါတယ်။ သမိုင်းကို မလေ့လာဘဲ ဒဿနပညာကို မရနိုင်ပါဘူး။ အတွေးအခေါ် ကောင်းကောင်းကို လိုချင်ရင်တော့ သမိုင်းကို လေ့လာ ရပါလိမ့်မယ်။ နှစ်ဆယ်ရာစုဦးပိုင်း လွတ်လပ်ရေး မျက်စိပွင့် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ သခင်အောင်ဆန်း၊ သခင်ဗဟိန်းစတဲ့ မျိုးချစ်လူငယ်များစွာ ပေါ်ထွက်ခဲ့ပါတယ်။ ဒါက အဖြစ်ပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်စတဲ့ ၀ါဒစွဲ၊ ၀ါဒကွဲတွေကြောင့် မြန်မာပြည်ရဲ့ နှမြောစရာကောင်းလှတဲ့ လူသားအရင်းအမြစ်တွေ စိတ်ဝမ်းကွဲသွားကြတယ်။ ဒါက အပျက်သဘောပါ။ လွတ်လပ်ရေးအတွက် အရင်းအနှီးက သိပ်ကြီးပါတယ်။ သခင်အောင်ဆန်းစတဲ့ အာဇာနည်တွေရဲ့ အသက်ကို ရင်းနှီး လိုက်ရပါတယ်။ ဒါကလည်း အပျက်သဘောပါ။ လွတ်လပ်ရေးရခဲ့တာက အဖြစ်ပါ။ ရောင်စုံ သူပုန်တွေ ပေါ်ပေါက်ခဲ့ရတာက အပျက်သဘောပါ။

၁၉၄၈ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရ ပေါ်ပေါက်ခဲ့တယ်။ ၁၀ နှစ်တိုင်တိုင် ဒီမိုကရေစီစစ်စစ် ရခဲ့ပါတယ်။ တိုင်းပြည်က အာရှအဆင့်မှာရှိတယ်။ ဒါက အဖြစ်ပါ။ ဖဆပလအစိုးရ စည်းရုံးမှု၊ စည်းလုံးမှုအားနည်းတာ၊ အရည်အသွေးညံ့ဖျင်းတာ နွားကွဲတော့ ကျားဆွဲခံရတာ၊ ဒါတွေဟာ အပျက် သဘောပါ။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ အလုံးစုံပျက်စီးခြင်းရဲ့ လမ်းစက အဲဒီမှာ စတော့တာပါပဲ။

နိုင်ငံရေးထဲကို စစ်တပ်ရောက်ရှိခြင်းဟာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ ကံကြမ္မာထက်တောင် ပိုလို့ဆိုးပါလိမ့်ဦးမယ်။ စစ်တပ်က စီးပွားရေးပါ လက်ဝါးကြီးအုပ်လိုက်တော့ ပျက်စီးခြင်းငါးပါးမက ပျက်စီးတော့တာပဲ။ အစိုးရအဖွဲ့တိုင်းဟာ တိုင်းပြည်တော့ ဖြစ်အောင်လုပ်ကြမှာပါ။ မျိုးချစ်စိတ် ရှိသလောက် လည်း ရှိကြမှာပါ။ စေတနာ ရှိသလောက်လည်း ရှိကြမှာပါ။

ဒါပေမဲ့ ပြည်သူကို ဗဟိုမပြုဘဲ အတ္တကို ဗဟိုပြုတဲ့ အခါကျတော့ အားလုံးက အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်တော့တာပါပဲ။ မဆလ စစ်အာဏာရှင်စနစ်ကြောင့် ၁၉၈၈ မှာ တိုင်းပြည်က ဗုန်းဗုန်းလဲ ပြိုပျက်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနောက် လူထုခေါင်းဆောင် ဒေါ်စုကို ရလိုက်တာကတော့ တိုင်းပြည်အတွက် အပြုသဘောပါပဲ။

၁၉၈၈ နောက်ပိုင်း န၀တ၊ နအဖ၊ စစ်အာဏာရှင် စနစ်သစ် တစ်ခုထပ်ပေါ်လာတယ်။ အတ္တဗဟိုပြုမှု၊ အဂတိ တရားတွေကြီးမားမှုနဲ့ စီမံခန့်ခွဲမှုတွေ မှားယွင်းမှုကြောင့် ထိုသို့ အလုံးစုံပျက်သုဉ်းခြင်း ဘ၀ရောက်ခဲ့ရတာပါ။ မြေပေါ်မြေအောက် သယံဇာတတွေလည်း ကုန်လုနီးပါးဖြစ်၊ တိုင်းပြည်လည်းမွဲ၊ စစ်တပ်လည်း မွဲပါပဲ။ ဘယ်သူတွေ ချမ်းသာသွားကြသလဲဆိုတော့ မေးခွန်းထုတ်ဖို့ မလိုတော့ပါဘူး။

၂၀၁၁ မှာ အရပ်သား အစိုးရပေါ်လာတယ်။ ဒါက အပြုသဘောပါ။ ကားမူဝါဒ၊ဖုန်းမူဝါဒတွေ လျော့ပေါ့ပေး လို့ လူတန်းစားတစ်ရပ် ကားစီးနိုင်၊ ဟန်းဖုန်း ကိုင်နိုင်တယ်။ လက်ရှိအချိန်မှာ မီဒီယာ လွတ်လပ်ခွင့် လည်း တော်တော်လေးရနေတယ်။ ဒါက အပြုသဘောပါ။ ဒေါ်စု ၉၀ ခုနှစ်က တောင်းဆို ခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းစဉ်က သမ္မတ ဦးသိန်းစိန် လက်ထက်ကျမှပေါ်လာတယ်။ မျက်နှာချင်းဆိုင် ယဉ်ကျေးမှုတစ်ခုပဲ ဆိုပါစို့၊ ဒေါ်စုလွှတ်တော်ထဲ ရောက်လာတယ်။ နိုင်ငံတကာမှာ အတန်အသင့် ၀င်ဆံ့လာတယ်။ အကူအညီတွေ ရလာတယ်။ ဆန်ရှင်တွေ ပွင့်သွားတယ်။ ဒါက အပြုသဘောပါ။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အားလုံးနီးပါး အနိုင်ရရှိတယ်။ ဒါလည်း တိုင်းပြည်အတွက် အပြုသဘောပါ။ အဲဒီမှာ ကောက်ချက်တစ်ခု ထွက်လာတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲ အဖြေဟာ ၁၉၉၀ ပြည့်နှစ်က အဖြေအတိုင်းပဲ။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ရိုးရိုးသားသား လုပ်ကြရင် ဒီအဖြေပဲ ပြန်ထွက်မှာ သေချာတယ်။ ဒါပေမဲ့ ဒီအဖြေကို တစ်ဖက်အင်အားစုက လက်ခံမှာလား။ လက်ခံဖို့ခက်တယ်၊ ဒါဆိုရင် သူတို့ဘာလုပ်ကြမလဲ။

သူတို့ ဘာလုပ်ကြမှာလဲဆိုတဲ့ မေးခွန်းကို မကြာခင်မှာပဲ ရခိုင်၊တောင်ကုတ်ပြဿနာက အဖြေပေးလိုက်တယ်။ နောက် လက်ပံတောင်းတောင်၊ မိတ္ထီလာ၊ ပဲခူးအနောက်ခြမ်း၊ လားရှိုး၊ ဥက္ကံ၊ ကန့်ဘလူ၊ အခုနောက်ဆုံး သံတွဲဆိုတဲ့ လူမျိုးရေးယောင်ယောင်၊ ဘာသာရေးယောင်ယောင် ပဋိပက္ခတွေက အဖြေထုတ်လိုက်တယ်။ ဒီပဋိပက္ခတွေဟာ မပြီးဆုံးနိုင်သော ပန်းချီကားတစ်ချပ် သဖွယ်ပါပဲ။ ဒီပဋိပက္ခတွေကြောင့် ဘုမသိဘမသိသူတွေ ရာချီပြီး အသက်ဆုံးရှုံးခဲ့ကြရတယ်။ အိမ်တွေ ရာချီပြီး မီးရှို့ခံရတယ်။ လူတွေ ထောင်သောင်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတယ်။ ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်ဆိုတဲ့ ဝေါဟာရဟာ လားလားမှ မထိုက်တန်ပါဘူး။ အတိတ်ကလည်း လုံးဝမရှိခဲ့ပါဘူး။ အခုခေတ်ရောက်မှပဲ ဒါတွေဟာ ရင်နင့်ဖွယ်ရာ တွေ့ကြုံရပါတယ်။ ကမ္ဘာမှာလည်း ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ဟာ ထိခိုက် ကျဆင်းခဲ့ရပါတယ်။ ဒါတွေဟာ အဖျက်သဘောတွေပါ။

ရခိုင်ပြဿနာ၊ မိတ္ထီလာပြဿနာတွေအပြီးမှာ တာဝန်ရှိသူတွေက နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူတွေ ရှိနေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင်တော့ မပြနိုင်ကြဘူး။

လက်ရှိကာလ လွှတ်တော်ကြီးတွေ ပေါ်လာတယ်။ လွှတ်တော်ဆိုတာ တိုင်းပြည် ကောင်းကျိုးအတွက် ဥပဒေပြုတဲ့ တိုင်းပြု ပြည်ပြုလွှတ်တော်ပဲ။ ဒါအပြုသဘောပဲ။ ဒါပေမဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့၊ လူ့အခွင့် အရေးကို ချိုးဖောက်တဲ့၊ အာဏာရှင်စနစ်ကို အကာအကွယ်ပေးတဲ့ ဒီမိုကရေစီကို ဖျက်ဆီးနေတဲ့ အဖျက်သဘော ဥပဒေတွေ များစွာ ကျန်ရှိနေတယ်။ ဒါဆိုရင် ဥပဒေပြု လွှတ်တော်ထဲမှာ ဥပဒေဖျက်ဖို့အတွက် ကော်မရှင်အဖွဲ့အစည်း တစ်ရပ်မရှိမဖြစ် သီးသန့် လိုလာတယ်။ ပြည်သူကို ဒုက္ခပေးမယ့် ဥပဒေတွေကို ဖျက်ပေးရမယ်။ အဲဒီလို ဖျက်ပေးခြင်းဟာ အနှစ်သာရ အားဖြင့်တော့ ပြုခြင်းပါပဲ။

၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဆိုတာ တိုင်းပြု ပြည်ပြုအတွက် ၁၅ နှစ်ကြီးများတောင် အချိန်ယူရေးဆွဲထားတယ်။ ဒါအပြုသဘော အတွက်ပါပဲ။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အာမခံချက်မပါတဲ့ အချက်တွေ၊ တိုင်းရင်းသားများ အခွင့်အရေးကို လျစ်လျူရှုထားတဲ့ အချက်တွေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ အချက်တွေ၊ ဒီမိုကရေစီအရေးကို အန္တရာယ်ပြုနေတဲ့ အချက်တွေ ၊ နိုင်ငံသားများအတွက် တရားမျှတမှု မရှိတဲ့အချက်တွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ များကို ထိခိုက်နေတဲ့အချက်တွေ ပါရှိနေတယ်လို့ ပညာရှင်များက ထောက်ပြကြတယ်။ အဲဒီအချက်တွေ က အပြုသဘောထဲက အဖျက်သဘောတွေပါပဲ။

ဒီတော့ နိုင်ငံကို ဦးဆောင်လိုတဲ့ ဦးဆောင်နေတဲ့ ခေါင်းဆောင်ချင်တဲ့ ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ မိမိတို့ တိုင်းပြည်ကို ဖြစ်စေချင်တာလား။ ပျက်စေချင်တာလား၊ မိမိတို့ကိုယ်တိုင် က ပြုချင်တာ လား၊ ဖျက်ချင်တာလားဆိုတာ သေသေချာချာ စဉ်းစဉ်းစားစား လုပ်ကြဖို့ပါပဲ။ ပြုဆို တဲ့ နေရာမှာ ပြုတတ် ဖို့ကတော့ အရေးတကြီး လိုအပ်ပါတယ်။ မပြုတတ်ဘဲ ပြုတဲ့ အတွက်ကြောင့် ဖြစ်မ လာဘဲ ပျက်သွားခဲ့ရင် ဖျက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အဖြစ်ထဲက အပျက်သဘောတွေ၊ အပြုထဲက အဖျက်သဘောတွေ ကို သေချာခွဲခြားစိစစ်ပြီး တိုင်းပြည်အတွက် အားလုံး အပြုသဘော ဆောင်ကြဖို့ပါပဲ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here