Thursday, October 31, 2013

လက်ချင်းချိတ်လျက် အောင်ပွဲဆက် (ဖြစ်ရပ်မှန်ဆောင်းပါး)

0 comments

31.10.2013

အောက်တိုဘာ(၁)ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်၊ ရှမ်း ရှေ့ပိုင်း မိုင်းတုံမြို့နယ်လေးရဲ့ တစ်နေရာ ကုန်းဆင်းလေးအတိုင်း ဆိုင်ကယ် (၂)စီး မောင်းနှင်လာပြီး ရှေ့(၁)စီး မှာ ကျောက်ခဲ ချော်နင်းမိပြီး ဆိုင်ကယ်မှောက်သွားခဲ့ကာ ရေချောင်းထဲကိုကျသွားခဲ့ပါတယ်။ နောက်မှဆိုင်ကယ်မှ ကောင်လေးက
 ရှေ့ကမှောက်သွားတဲ့ ကလေးကို ဆင်းကယ်ပြီး မိုင်းတုံဆေးရုံကို အမြန်ပို့ဆောင်ဆေးကုသမှု ခံခဲ့ရပါတယ်။ ဆိုင်ကယ်စီးဦးထုတ် မဆောင်းတဲ့အတွက် ပြုတ်ကျချိန်မှာ ဦးခေါင်းကို ထိခိုက်မိပြီး နဖူးမှာ(၄)ချက် ချုပ်လိုက်ရပါတယ်။ ဦးခေါင်းထိတဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် သတိလစ်မေ့မျောလို့ နေခဲ့ပါတယ်။



မိုင်းတုံပြည်သူ့ဆေးရုံမှာ (၃)ရက် ဆေးကုပေမယ့် ပြန်လည်သတိမရတဲ့အတွက် မိုင်းဆတ်ဆေးရုံကို ဆက်လက် ပို့ဆောင်ကုသမှုခံယူခဲ့ပါတယ်။ မိုင်းဆတ်မှာလည်း ဆေးဝါး မစုံလင်တဲ့အတွက် မိုင်းဆတ်မြို့ ရှိ မဇ္ဈိမလူမှု့ကူညီရေးအသင်းခွဲနဲ့ ဆက်သွယ်ပြီး (၄.၁၀.၂၀၁၃) ညနေ (၄)နာရီခွဲအချိန် တာချီလိတ်ကို ဆက်လက် ဆေးကုသရန် မိုင်းဆတ် မဇ္ဈိမလူမှု့ကူညီရေးအသင်းသား (၃)ယောက်နဲ့အတူ တာချီလိတ် ကို ဆက်လက် ထွက်လာခဲ့ကြပါတယ်။

တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှာ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကျွန်မထံ ဆက်သွယ် လာခဲ့ပါတယ်။ လုံးဝသတိမရတဲ့ ကလေးကို ခေါ်ဆောင်လာပါ။ အတတ်နိုင်ဆုံး ကျွန်မတို့ အသင်းမှ ကူညီ ပါ့မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ည (၈)နာရီ အချိန်မှာတော့ တာချီလိတ်ဆေးရုံ ကို ရောက်ခဲ့ ပါတယ်။

တာချီလိတ်ဆေးရုံကို မေတ္တာစေတနာသက်သက်ဖြင့် မိုင်းဆတ်မှ ကားဖြင့် ကူညီပို့ဆောင်ပေးခဲ့သော ကားပိုင်ရှင် မိုင်းဆတ်မြို့ ဝိန်းနေ၊ ဝိန်းကျောက် ရပ်ကွက်နေ ဦးသောင်းဟန် နှင့် ဒေါ်ခင်မေသန်း တို့ရဲ့ စေတနာကလည်း အံ့မခန်းပါဘဲ လေးစားပါတယ်ရှင်။ အခုလို ငွေကြေးလည်း မတတ်နိုင်၊ သွားဖို့လည်း အရမ်းခက်ခဲတဲ့ အချိန်မှာ စာနာစိတ်အပြည့်နဲ့ ကူညီပို့ဆောင်ပေးတဲ့ စိတ်ဓာတ်တွေကို ကျွန်မလေးစားဂုဏ်ယူမိပါတယ်။

တာချီလိတ်ဆေးရုံရောက်ပြီဆိုတော့ ကျွန်မဆေးရုံမှာ ကြိုစောင့်နေပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တာများ ပြုလုပ်ပေးရင်းနဲ့၊ ကျွန်မတို့ ဥက္ကဋ္ဌကို သတင်းပို့ အကြောင်းကြားလိုက်ပါတယ်။ (၁၀)မိနစ်အတွင်း အသင်းရဲ့ဥက္ကဋ္ဌ ဦးတင့်ဆွေ ရောက်လာပြီးလူနာကလေးကိုလိုအပ်တာ ဆောင်ရွက်ပေး ဖို့ ဆေးကုသပေးဖို့ ပြောကြားခဲ့ပါတယ်။

သတိလစ်မေ့မျောနေတဲ့ ကောင်လေးအမည်ကို မေးကြည့်တော့ မောင်ဝင်းထွန်းဝင်း အသက် (၂၇)နှစ် ရှိပြီဖြစ်ကြောင်းနဲ့တကွ ကျိုင်းတုံမြို့အလုပ်သမားကျေးရွာမှာ အမေရယ်၊အဖွားရယ်၊ မောင်နှမ(၆)ယောက် ရှိပြီး သားအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လက်သမား ပညာတတ်တဲ့အတွက် မိုင်းတုံမြို့မှာ ညီအကို(၂)ယောက် အလုပ်သွားလုပ်နေကြောင်း၊ ပါလာတဲ့ ညီဖြစ်သူက ပြောပြပါတယ်။ အမေက ကျပန်းလုပ်ပြီး၊ အဖွားက ကုန်စိမ်းရောင်းတယ်လို့ သိရပါတယ်။ တစ်နေ့လုပ် တစ်နေ့စားရတဲ့ မိသားစုအတွက် ဆေးကုသဖို့ ဘယ်တတ်နိုင်ပါ့မလဲရှင်။ ဆေးကုသစရိတ်မရှိရင်တော့ အသက်ဆက်ရှင်ဖို့ ဘယ်လွယ်နိုင်ပါ့မလဲ။

(၅)ရက်မြောက်ထိ သတိရခြင်းမရှိသေးပါဘူး။ သိတချက် မသိတချက်နဲ့ ဝေဒနာကို ခံစားနေရ တဲ့ မောင်ဝင်းထွန်းဝင်းကို ကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ မိခင်နဲ့ ဝေးတဲ့အရပ်မှာ အလုပ်သွားလုပ်ပြီး ယခုလို ဝေဒနာပြင်းထန်စွာ ခံစားနေရတာကို အမေနဲ့ အဖွားတွေ့ရင် ဘယ်လောက်သောကတွေ ခံစားရမလဲလို့ တွေးမိပါတယ်။ သတိလစ်မေ့မျောနေတဲ့ ကောင်လေးကို ကျွန်မတို့ အသင်းမှ တာဝန်ယူဆေးကုသပေးခဲ့ပါတယ်။ သူရဲ့ အမေနဲ့ အဖွားကိုလည်း အကြောင်းကြားခဲ့ပါတယ်။

၆.၁၀.၂၀၁၃ နေ့မှာတော့ (၅)ရက်လုံးလုံး မေ့မျောနေတဲ့ မောင်ဝင်းထွန်းဝင်းဟာ သေဆုံးခြင်းကို ကျော်လွန်ပြီး ပြန်လည်သတိရလာခဲ့ပါတယ်။ သူ့ကံတရားကတော့ ဝမ်းသာစရာပါဘဲ။ စွန့်ပစ်ရတော့မလားလို့ စောင့်ကြည့်နေကြတဲ့ ညီလေးနဲ့ သူငယ်ချင်း၊ ကျွန်မတို့အသင်းသားတွေ အတွက် ဝမ်းသာစရာသတင်းပါဘဲ။ အဖွားနဲ့အမေရဲ့ မေတ္တာတွေ ပို့လွတ်လို့ သတိပြန်ရလာသလားလို့ ထင်မိပါတယ်။ မကြာခင် အချိန်မှာဘဲ အဖွားနဲ့အမေ ရောက်လာခဲ့ပါတယ်။

သတိရစကလေးကို တွေ့ရင်ဘဲ အဖွားနဲ့အမေ ဖက်ငိုလိုက်တော့ ကျွန်မဖြင့် စိတ်ထဲမှာ သနားမိပါတယ်။ နောက်တော့ တစ်ဆင့်တိုးလို့ ရေနဲ့နို့ တိုက်ကျွေးတာ သောက်လာတဲ့ အဆင့်ဖြစ်လာပါတယ်။ ဒါဟာလည်း တာချီလိတ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိဆရာဝန်၊ ဆရာမများရဲ့ ကူညီဆေးကုသပေးမှုကြောင့်လည်း အမြန်ဆုံးကောင်းလာရခြင်းပါဘဲ။ ကောင်လေး သတိရလာတာ သိရတော့ ကုသပေးနေတဲ့ ဆရာဝန်ကြီးနဲ့တကွ ဆရာမတွေလည်း ဝမ်းသာနေကြ တာတွေ့ရပါတယ်။ ကောင်လေးကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

၇.၁၀.၂၀၁၃ နေ့မှာတော့ မိဘအိမ်က ကျိုင်းတုံမှာရှိတဲ့အတွက် ဆေးကုသမှုကို ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆက်လက်ဆေးကုသလိုက်ကြောင်း လူနာရှင်ဖြစ်တဲ့ အဖွား နဲ့ အမေက ပြောလာတဲ့အတွက် ဆရာဝန်များနဲ့ တိုင်ပင်ပြီး ကျွန်မတို့ နေ့လည် (၁၁) နာရီ အချိန်မှာ အသင်းရဲ့ကားနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်နိုင်ရန် ကျွန်မတို့ ဥက္ကဋ္ဌ ဦးတင့်ဆွေ မှ အစစအရာရာ ဆေးကုသရိတ်၊ စားစရိတ်နဲ့ လိုအပ်တဲ့ အောက်စီဂျင်ဘူး အရေးပေါ်သုံးရန်က အစ စီစဉ်ပေးပြီး ကျိုင်းတုံမြို့သို့ ကျွန်မနဲ့တကွ အသင်းသူ(၂)ယောက်၊ အသင်းသား(၂)ယောက် လိုက်ပါပို့ဆောင် ပေးခဲ့ကြပါတယ်။ ကျိုင်းတုံပြည်သူ့ဆေးရုံကို ညနေ (၃)နာရီအချိန်မှာ ရောက်ခဲ့ပါတယ်။

ကျိုင်းတုံရောက်တယ်ဆိုရင်ဘဲ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များလူမှု့ကူညီရေးအသင်းမှ ဦးကျော်သူအောင် ကိုယ်တိုင် လာရောက်စောင့်နေပြီး ဆေးရုံတက်နိုင်ရန် ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ ကျိုင်းတုံဆေးရုံ၌ လိုအပ်တဲ့ ဆေးကုသမှုခံယူရန်အတွက် ဆရာဝန်များထံ အပ်နှံပေးပြီး လိုအပ်သော ဆေးများဝယ်ပေးခဲ့ပြီး ဆက်လက်ဆေးကုသနိုင်ရန်လည်း အသင်းမှ ဆေးကုသစရိတ်ကို အဖွားထံမှာ လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းပေးတဲ့ ငွေကိုကိုင်ပြီး မျက်ရည်ကျ ဝမ်းသာစွာ လက်ခံခဲ့တဲ့အဖွားက ပြောလိုက်တဲ့ စကားကြောင့် ပင်ပန်းသမျှတွေ အမောပြေသွားခဲ့ပါတယ်။

အဖွားက ဘာပြောလဲဆိုတော့ အဖွားတို့မှာ ဆေးကုသစရိတ်မရှိတဲ့အတွက် ဒီကလေးခုလို အသက်ရှင်မှာ မဟုတ်ပါဘူးတဲ့၊ ဆရာတို့ ဆရာမတို့ မဇ္ဈိမလူမှုကူညီရေးအသင်းကသာ ကူညီဆေးကုသ၊ ကူညီစောင့်ရှောက်ပေးလို့ သူ့မြေးလေး ယခုလို အသက်ရှင်ခွင့်ရတာမို့ ကျေးဇူးတင်လွန်းလို့ ဘယ်တော့မှ မမေ့ကြောင်း ပြောပါတယ်။ ဒီစကားကြားရတော့ ကျွန်မရင်ထဲ ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ ဥက္ကဋ္ဌနဲ့ အသင်းကြီးရဲ့ ကူညီစောင့်ရှောက်မှု့ကြောင့် လူတစ်ယောက် အသက်ရှင်သွားရပြန်ပြီဆိုတဲ့ ဝမ်းသာပီတိဟာ ရင်ထဲမှာ စဉ်းစားတိုင်း သာဓုခေါ်မိပါတယ်။ ညနေ(၄)နာရီ (၁၅)မိနစ်မှာတော့ ကျွန်မတို့ ကျိုင်းတုံဆေးရုံမှ တာချီလိတ်ကို ပြန်ဖို့ နှုတ်ဆက်တဲ့အချိန်၊ လူနာဖြစ်တဲ့မောင်ဝင်းထွန်းဝင်း ရဲ့ နှုတ်မှ ကျေးဇူးတင်ပါတယ်ဗျာလို့ ပြောလိုက်တဲ့ အသံကြားရတော့ပြန်ခါနီး ကျွန်မတို့အသင်းသူ၊ အသင်းသားတွေ အံ့သြသွား စေပါတယ်။ ကောင်လေးရဲ့ အဖွားက ဆရာတို့ ဆရာမတို့တွေ ရဲ့ မေတ္တာကြောင့် ကျွန်မတို့ မြေးလေး အသက်ပြန်ရှင်ပြီတဲ့လေ။ ကျွန်မတို့လည်း ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ လူ့အသက်တစ်ချောင်းကို သေတွင်းမှ ကယ်လိုက်နိုင်တဲ့အတွက် တာချီလိတ်အပြန် ကျွန်မတို့အဖွဲ့ ပေါ့ပါးလန်းဆန်းတက်ကြွ နေခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ပြန်သုံးသပ်မိတယ်ဆိုရင် ပထမအချက် ပြည်သူလူထုအားလုံး ဆိုင်ကယ်စီးရင် ဦးထုတ်ဆောင်းပါလို့ ကြေငြာနေတဲ့ ယာဉ်ထိန်းရဲတွေကို ကျေးဇူးတင်ရမှာပါ။ ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်စီးခဲ့တဲ့အတွက် ဆိုင်ကယ်မှောက်ချိန်မှာ မောင်ဝင်းထွန်းဝင်း တစ်ယောက် ဦးခေါင်း မှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအားလုံး ဒီဖြစ်ရပ်လေးကို ကြည့်ပြီး သင်ခန်းစာ ယူလို့ ဆိုင်ကယ်ဦးထုတ်လေးတွေ ဆိုင်ကယ်စီးတိုင်း ဆောင်းစေချင်ပါတယ်။

နောက်တစ်ချက်ကတော့ ကားလမ်းတလျှောက် လူနာရဲ့ လက်ကလေးကို ကိုင်ပြီး နှုတ်မှ တဖွဖွ တရားတော်တွေရွှတ် မေတ္တာတွေပို့နေတဲ့ အမေနဲ့ အဖွားအိုတို့ရဲ့မေတ္တာတွေ၊ သားအချစ် မြေးအနှစ် ဆိုတဲ့အတိုင်း အဖွားတစ်ယောက်ရဲ့ တုန်ရီနေတဲ့ လက်တွေဟာ မြေးအတွက် အားဆေးသဖွယ် ဆုတ်ကိုင်ယုယပေးနေတဲ့ မေတ္တာအကြင်နာတွေကို တွေ့ရပြန်ပါတယ်။

မောင်ဝင်းထွန်းဝင်း ယခုလိုသတိရ ပြန်လည်ကောင်းမွန်လာခြင်းဟာ ကျွန်မတို့ ပရဟိတလုပ်ကြတဲ့ အသင်းတွေ တစ်သင်းနဲ့တစ်သင်း ချိတ်ဆက်မိနေကြလို့ ပိုပြီး အောင်မြင်တာကိုလည်း ကျွန်မကိုယ်တိုင် မြင်တွေ့နေရပါတယ်။ မိုင်းဆတ်မဇ္ဈိမလူမှု့ကူညီရေးအသင်းမှ  တာချီလိတ်မဇ္ဈိမလူမှု့ကူညီရေးအသင်းကို လွှဲအပ်ပြီး ကျိုင်းတုံနှလုံးလှပိုင်ရှင်များလူမှုကူညီရေး အသင်းတို့ တသွေးထဲ တသားထဲ စိတ်ဓာတ်တူညီစွာ ချိတ်ဆက်ကူညီခဲ့ကြလို့ အသက်တစ်ချောင်း ရှင်သန်ခွင့်ရသွားတာဟာ ကျွန်မတို့ ပရဟိတ လုပ်ဆောင်မှုရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုပါဘဲ။

ကျိုင်းတုံမြို့ အပြန်လမ်းမှာတော့ ပီတိတွေကိုယ်စီနဲ့ ကျွန်မတို့ အသင်းသူ၊ အသင်းသားတွေ ပျော် ရွှင်နေကြပါတယ်။ မောင်ဝင်းထွန်းဝင်း တစ်ယောက် ဒီထက်ပိုပြီး အမြန်ဆုံး ကျန်းမာ၍ ဒီအမေ၊ ဒီအဖွားတွေနဲ့ ပျော်ရွှင်စွာ ကျန်းမာပြီး အလုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေး အသင်းရဲ့ မေတ္တာဂရုဏာတွေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
ဆောင်းပါးရှင်။     ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှုကူညီရေးအသင်း )

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here