9.10.2013
ညောင်ရွှေစော်ဘွားကြီး (ဆာ) စ၀်မောင်သည် ခမည်းတော်မင်းတုန်းမင်းတရားကြီး ချီးမြှင့်တော်မူသည့် ပဒေသရာဇ်မင်းစည်းစိမ်ဟူသော လောကီအမွေကိုသာ ခံယူခဲ့သူ မဟုတ်ပေ၊ခမည်းတော် မင်းတရားကြီး ၏ ဗုဒ္ဓ သာသနာပြုစိတ်ဓါတ် အမွေကိုလည်း ခံယူခဲ့သည့် အနုဇာတသားတော်ဖြစ်ပေသည်။ ခမည်းတော်၏ဗုဒ္ဓသာသနာတော်၌ကြည်ညိုလေးစားပုံ၊သာသနာတော်ကြီးကို ပြုစုစောင့်ရှောက်
ချီးမြှောက်တော်မူ ပုံများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရရုံမျှမက မင်းတရားကြီး၏ အချီးအမြှောက်ဖြင့် သာသနာရေးကိစ္စ၊ သာသာရေးကိစ္စများ၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရွက်ဆောင်ခဲ့ရသူလည်းဖြစ်ပေသည်။
မြန်မာသက္ကရာဇ် ၁၂၂၆-ခုနှစ်၊ မန္တလေး၊ ရတနာပုံနေပြည်တော် ရွှေနန်းတော်ကြီးဝယ် မင်းတရာကြီး၏ အပါးတော်၌ ခစားနေရစဉ်က “မဟာသကျ မာရဇိန်” ဘွဲ့တော်ရှိသော ကျောက်တော်ကြီးဘုရား ဆင်းတုတော်ကြီး ထုလုပ်ပူဇော်ရန် စကျင်တောင်မှ စကျင်ကျောက်တုံးကြီးကို ရတနာ ပုံနေပြည်တော်သို့ ဆောင်ယူသည့်အခါ မင်းတရားကြီး၏ အမိန့်တော်ဖြင့် ခရီးစဉ် တလျောက် နေ့စဉ် သွားရောက် ကြည့်ရှုရကာ အကြောင်းအရာများကို မှတ်သားလျက် မင်းတရားကြီး ထံ ပြန်လည် တင်ပြ လျှောက်ထား ရသည့် ပုဂ္ဂိုလ်အဖြစ် အမှုတော်ကို ထမ်းဆောင်ခဲ့ရလေသည်။
ယင်းသို့ဖြင့် ခမည်းတော်မင်းတရားကြီး၏ ဒိဌာနုဂတိ သို့လိုက်သည့် အနုဇာတ သားတော်ကြီး တပါး ဖြစ်ရကား ညောင်ရွှေစော်ဘွားကြီး ဖြစ်ပြီးနောက် သက္ကရာဇ် ၁၂၃၁-ခုနှစ်တွင် -
၁။ ရတနာမာရ်အောင် စေတီတော်ကြီး တည်ထားကိုးကွယ်ရန် အုတ်မြစ်ချခြင်း။
၂။ ယိုယွင်းပျက်စီးနေသော ရွှေတောင်ငူ (ရွှေတောင်ဦး) စေတီတော်မြတ်ကြီးကို ပြုပြင်မွမ်းမံတော်မူခြင်း။
၃။ ဟော်တော်ဝင်းအတွင်း အရှေ့တောင်ထောင့်အရပ်၌ အတုမရှိ (၂၈) ဆူစံကျောင်းတော် ကို ဆောက်လုပ်ခြင်း။
၎။ ကိုးခန်း စရပ်ကြီး ကို ဆောက်လုပ်စေခြင်း
- စသည် ကောင်းမှုကုသိုလ်တော်များကို စတင်ပြုစုတော်မူခဲ့လေသည်။
ခမည်းတော်မင်းတရားကြီး ချီးမြှင့်တော်မူလိုက်သော ရွှေချိန် (၁၀၈ိ)ကျပ်သားရှိ ဗုဒ္ဓမြတ်စွာ၏ တရာ့ရှစ်ကွက် ပါဒစက်လက္ခဏာပုံတော်၊ ပတ္တမြားကိုးရစ် ရွှေစစ်ကွပ်သံလျက်တော် တို့နှင့် အတူ မြတ်စွာဘုရား ၏ ဓါတ်တော်အစစ်များကို ရတနာမာရ်အောင်စေတီတော်ကြီး၌ ထည့်သွင်းပူဇော် ဌာပ နာတော် မူခဲ့လေသည်။
ရတနာမာရ်အောင် ကောင်းမှုတော်ကြီးကို တည်ထားရာ၌ ညောင်ရွှေစော်ဘွားကြီး (ဆာ) စ၀်မောင်သည် မိမိတစ်ဦးတည်းသာ ကောင်းမှုရှင် ဘုရားဒါယကာအဖြစ်ကို မခံယူပဲ၊ မိမိ၏ အမှုတော်ကို ထမ်းရွက်ကြကုန်သော မြို့စား၊ နယ်စား၊ မှူးကြီး မတ်ရာ၊ ဟိန်၊ ထမုန်၊ အရာရှိ၊ မဟာဒေ၀ီ၊ သခင်မ များနှင့်တကွ မြို့သူ၊ မြို့သား၊ နယ်သူ နယ်သားတို့ပါ ကောင်းမှုရှင် ဘုရားဒါယကာ ဘုရား ဒါယိကာမများဖြစ်ကြစေရန် ရည်သန်လျက် ယင်းတို့၏အလှူငွေများ၊ ပစ္စည်းဥစ္စာ ရတနာများကို လည်း စုပေါင်းပါဝင်စေခဲ့လေသည်။
မြန်မာသက္ကရာဇ် ၁၂၃၈-ခုနှစ်တွင် အဆိုပါကောင်းမှုတော်ကြီးများ ပြီးစီးထမြောက်အောင်မြင်သောအခါ ......
၁။ ရတနာမာရ်အောင်စေတီတော်ကြီး။
၂။ ရွှေတောင်ဦး စေတီတော်ကြီး။
၃။ အတုမရှိ (၂၈)ဆူစံကျောင်းတော်ကြီး
တို့အား ထီးတော်အထွဋ် တင်လှူသည့်ပွဲတော်ကြီးကို ခမ်းနားကြီးကျယ်စွာ ဆင်ယင် ကျင်းပတော် မူခဲ့လေသည်။ ယင်းပွဲတော်ကြီး၌ သက်တော်စေ့ ရဟန်းလောင်းများ၊ သက်တော်စေ့ ရှင်လောင်းများကို သာသနာ့ဘောင်အတွင်းသို့ ရဟန်းတော်အဖြစ်၊ ရှင်သာမဏေအဖြစ် သွတ်သွင်း ချီးမြှင့်ခြင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျောင်းများမှ သံဃာတော်ပေါင်း အပါး (၁၀၀၀) ကျော်တို့အား ပင့်ပန်၍ ဆွမ်း၊ သင်္ကန်းအစရှိသော လှူဖွယ်များကို ဆက်ကပ်လှူဒါန်းခြင်း၊ အရပ်လေးမျက်နှာမှ လာလာသမျှ အယုတ်၊ အလတ်၊ အမြတ်မရွေး ကျွေးမွေးလှူဒါန်းပေးကမ်းခြင်းစသော “အသဒိသဒါနကြီး” ကိုပြုစုတော်မူခဲ့လေသည်။
ထို့ပြင် နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၂-ရက်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ လေးရက်ပတ်လုံး ရတနာမာရ်အောင် စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပွဲကို ပြုလုပ်၍ မြို့သူ မြို့သား၊ နယ်သူ နယ်သား အပေါင်းတို့၏ စေတနာအင်အား၊ သဒ္ဓါအင်အား ကုသိုလ်တရားတို့ကို တိုးပွါးစေခဲ့လေသည်။
ညောင်ရွှေသူ/သားများ