Sunday, October 20, 2013

အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုများနှင့် အလွန်အမင်း ဈေးကစားမှုများသည် အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် အစိုးရ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ (ခ) အရ ပိုင်ဆိုင်မှုများအား ပြန်လည်စိစစ်သင့်ကြောင်း ဥပဒေ ပညာရှင်များ သုံးသပ်

0 comments
Sunday, October 20, 2013

လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးနှုန်း အလွန်အမင်း ကြီးမြင့်မှုများနှင့် ဈေးကစားမှု များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ် ၃၆ (ခ)တွင် ဖော်ပြထားသော ဖော်ပြချက်အရ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေသော လက်ဝါးကြီးအုပ် ဆောင်ရွက်မှု၊ တစ်နည်း အားဖြင့် ဈေးကစား မှုများ ဖြစ်နေသည့်အတွက် အစိုးရ အနေနှင့် ပြန်လည်စိစစ်သင့်ကြောင်း အများအကျိုး စီးပွားလိုလားသူ ဥပဒေ ပညာရှင်များက သုံးသပ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ (ခ)တွင် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ၊ လက်ဝါးကြီး အုပ် ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်ဟု ဖော်ပြထားသည်။

"လက်ရှိအိမ်ခြံမြေ ဈေးနှုန်းတွေ ဒီလောက်ကြီးမြင့်နေမှုဟာ ဈေးကစားလို့ ဒီလောက်ကြီးမြင့် လာတယ် ဆိုတာ သိကြတာပဲ။ ဒါတွေကို အစိုးရ အနေနဲ့ ပြန်ပြီးစိစစ်သင့်တယ်လို့ မြင်ပါတယ်။ အမှန်အတိုင်း ပြော ရရင် အမိန့်ညွန်ကြားစာတွေနဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးပေးသင့်တယ်။ မနေ့ကလည်း ဂျပန်တွေ က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှာ ဒါပဲပြောတယ်။ နယူးယောက်ထက် ဈေးကြီးနေတော့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများက လန်ပြေးကြတယ်။ ဒါကြောင့် ဒါကိုတားဆီးဖို့ဆိုရင် အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့် အရလည်း တားဆီးလို့ ရတယ်။ ပြီးတော့ အုပ်ချုပ်ရေး အာဏာနဲ့လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်တယ်လို့ မြင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ငွေမည်းတွေကလည်း ဒီဈေးကွက်ထဲကို ၀င်နေတယ်ဆိုတော့ ဒါကိုအစိုးရက စိစစ်တာမျိုး လုပ်ပေးသင့်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်လောက်ကစ၍ အိမ်ခြံမြေ ဈေးကွက်တွင် အလွန် အမင်း ဈေးကစား မှုများ ရှိခဲ့ကြောင်း၊ ယခင်က ရွေ၊ ကားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည့် ပုံစံမျိုး ရင်းနှီးမြှုပ်နှံ လာခဲ့ရာမှ ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ ပွင့်လန်းလာသည့် အနေအထား များကြောင့် ဈေးကစားမှုများ အလွန်အမင်း ပြုလုပ်လာကြကြောင်း၊ ထိုသို့ ပြုလုပ်သူများမှာလည်း အိမ်ခြံမြေကို အများအပြား ချုပ်ကိုင်ထားသည့် သူများဖြစ်ကြောင်း သိရသည်။

"၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၆(ခ)အရ ဆိုရင်ဗျာ။ ဒီလို ဈေးသမားမှုတွေကို ပြည်သူလူထု အကျိုးစီးပွား ထိခိုက်တဲ့အတွက် နိုင်ငံတော်က တစ်ခုခု လုပ်ဆောင်သင့်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေလက်ထဲ မြေကွက်တွေ မရှိတော့ဘူး၊ တိုင်းရင်းသား အမည်ခံပြီး လူမျိုးခြားတွေက ၀ယ်တယ်။ ဒါအားလုံး သိပါတယ်။ ဘယ်သူတွေလည်း ဆိုတာ။ စသဖြင့် အများကြီးပဲ။ ဒါတွေက rule and regulation အားနည်းလို့ ဖြစ်တာ။ အခု နိုင်ငံတော် အစိုးရက ဘာလုပ်နိုင်လည်းဆိုရင် လက်ရှိ ဒီမြေကွက်တွေရဲ့ ပိုင်ဆိုင်မှုကို စာရင်းကောက်သင့်တယ်။ ဘယ်သူပိုင်လည်း ဆိုတာမျိုး။ ဒါမျိုး စာရင်းကောက်ရင် မြေကွက်ပေါင်းများစွာကို တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် တစ်စုတစ်ဖွဲ့က ပိုင်ဆိုင်တယ်ဆိုတာ ပေါ်လာမှာပဲ။ ပေါ်လာရင် ဒီမြေတွေကို ဘယ်တုံးကဘယ်ဈေးနဲ့ ၀ယ်တယ်။ တရားဝင် ဘယ်မှာစာချုပ်တယ်။ ဘယ်လောက်အခွန်ဆောင်တယ်ဆိုတာ ပေါ်လာမှာပဲ။ အစိုးရ အနေနဲ့ ဒီလောက်တော့ လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်" ဟု ဥပဒေ ပညာရှင် တစ်ဦးက ပြောကြားခဲ့သည်။
အမှန်အတိုင်း ပြောရရင် အမိန့်ညွန်ကြားစာတွေနဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးပေးသင့်တယ်။ မနေ့ကလည်း ဂျပန်တွေက မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှာ ဒါပဲပြောတယ်။ နယူးယောက်ထက် ဈေးကြီးနေတော့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများက လန်ပြေးကြတယ်။ ဒါကြောင့် ဒါကိုတားဆီးဖို့ဆိုရင် အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့် အရလည်း တားဆီးလို့ ရတယ်။ ပြီးတော့ . . . . .

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်ကို ၀င်ရောက်ကစားကြသည့် ငွေများတွင် ငွေမည်းများ များစွာပါဝင်နေကြောင်း၊ အထူးသဖြင့် ဘိန်းမှောင်ခို ကူးခြင်းမှ ရရှိသော ငွေများလည်း ၀င်ရောက်မှုများ ရှိနေကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသား တရားဝင် မြေပိုင်ခွင့် မရှိကြောင်း၊ အကယ်၍ ၀ယ်ယူခဲ့ပါက ရောင်းသူရော၊ ၀ယ်ယူသူပါ ဥပဒေကို ချိုးဖောက် ရာ ရောက်သောကြောင့် အရေးယူနိုင်သော်လည်း ထိရောက်သော အရေးယူပိုင်းတွင် အားနည်းမှုများကြောင့် မြန်မာနိုင်ငံလုံးမှ မြေများအား နိုင်ငံခြားသားများ ပိုင်ဆိုင်မှု မြင့်တက်လာကြောင်း၊ အထူးသဖြင့် ကျောက်မှောင်ခို၊ ဘိန်းမှောင်ခို လုပ်ငန်းများမှ ငွေများဝင်ရောက်နေကြောင်း သုံးသပ်မှု များလည်း ရှိသည်။ အလားတူ ပြီးခဲ့သည့် နှစ်တွင်လည်း ဘဏ်တိုးနှုန်း ကွာဟမှုများကြောင့် အိမ်ခြံမြေ ဈေးကွက်တွင် ၀င်ကစားသွားခဲ့သည့် သာဓကများရှိကြောင်း သိရှိရသည်။

"ဈေးကစားတယ်ဆိုတဲ့ အပိုင်းကျတော့ ဒါက Business ဖြစ်နေတယ်။ သူက ရင်းနှီးတာ ပဲပေါ့နော်။ မြေ၀ယ်ပြီး အရင်းအနှီး လုပ်တာကိုတော့ သွားပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် ဘယ်ကရတဲ့ ပိုက်ဆံလည်းဆိုတာ စစ်နိုင်တယ်။ စစ်လည်းစစ်သင့်တယ်။ ကစားနေတဲ့ ငွေတွေက အခွန်မထားတဲ့ ငွေမဲတွေဆိုရင် အခွန်ကောက်သင့်တယ်။ နောက်ပြီးတော့ အမည်မပေါ်ဘဲနဲ့ ၀ယ်ထားတဲ့ ဟာတွေကိုလည်း စိစစ်ဖော်ထုတ် သင့်တယ်လို့ မြင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အနေအထားများ ရှိသော်လည်း မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစ၍ အိမ်ခြံမြေ ၀ယ်ယူသူများအား ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ၀င်ငွေရလမ်း ဖော်ပြစရာ မလိုဟူသော သတ်မှတ် ချက်ကြောင့် ငွေမည်းများ ၀င်ရောက်လာရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်ခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

"တကယ်တော့ mismanagement ပေါ့။ ၂၀၀၅ ပတ်ဝန်းကျင်လောက်အထိ ၅၇ ရာခိုင်နှုန်း ကောက် တယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းကစပြီး ၁၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ ခုနစ်နှစ်လောက် ကြာလိုက် တယ်။ နောက်ပိုင်း တစစ ဈေးကစားမှုတွေ ရှိလာတယ်။ ပိုပြီး ဈေးတက်လာလာတော့ ဒီနှစ်နှစ် အတွင်းမှာ နှစ်ဆလောက် တက်သွားတာ။ စီးပွားရေးအရ ပွင့်လန်းလာနိုင်တဲ့ အနေအထားတွေပေါ်မှာ သတင်းအချက်အလက် ဦးတဲ့သူတွေက ၀င်မြုပ်နှံထားတာပေါ့။ ဥပမာ တိုက်ခန်းတွေ သိန်း ၂၀၀ လောက် တိုက်ခန်းတွေက အခုနှစ်နှစ်ခွဲ အတွင်းမှာ သိန်း ၃၅၀ လောက် ဖြစ်သွားပြီ။ ဒါကြောင့် လူလတ်တန်းစားတွေတောင် တိုက်ခန်းတစ်ခန်း ပိုင်ဖို့ဆိုတာ လိုက်လေဝေးလေ လိုက်လေဝေးလေပါပဲ" ဟု ရန်ကုန်မြို့ခံ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေ လောကမှ အနေအထားသည် အများပြည်သူ အကျိုးစီးပွားအား ထိခိုက်နေပြီး လူတစ်စု၊ လူတစ်ဖွဲ့၏ အကျိုးစီးပွား အတွက်သာ ဖြစ်နေသည့်အတွက် အစိုးရအနေနှင့် ပိုင်ဆိုင်မှုများကို ပြန်လည်စိစစ်သင့်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here