Wednesday, November 6, 2013

ပြန်ကြားရေးဌာန ရွှေတိဂုံကိုဦးစားပေးဖို့ ဝန်ကြီးတိုက်တွန်း

0 comments


အစိုးရရဲ့ ပြန်ကြားရေးဌာနဟာ လူကြီးများကို မျက်နှာလိုက် ဖော်ပြထုတ်လွှင့်နေကြောင်း သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က စနေနေ့မှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ သာသနာရေးဌာန အရာရှိကြီး တဦး ပြောကြားနေပုံ -

“မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းကြောင်း ဖြစ်ခဲ့ပြီး တန်ခိုးအကြီးမား ဆုံးသော ရွှေတိဂုံစေတီတော်ကြီးရဲ့သတင်းကို ဦးစွာဖော်ပြခြင်း မရှိဘဲ လူကြီးများကို မျက်နှာ လိုက် ၍ နေပြည်တော် ရှိ ဥပါတသန္တိစေတီတော်သတင်းကို ဦးစွာထုတ်လွှင့်နေခြင်းမှာ မူဝါဒ မရှိဘဲ ဆောင်ရွက်နေ တဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်မှပေါက်တဲ့ ရွှေကြာပင်ကဲ့သို့ ဖြစ်နေပါတယ်။ ၀ါစဉ် သမားစဉ်ကို အလေးထား သင့်ပါတယ်” လို့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဦးဆန်းဆင့်က ပြောပါတယ်။

ဒါ့အပြင် ပြန်ကြားရေးဌာနဟာ နိုင်ငံတော်သံဃမဟာနာယက (သံဃဥသျှောင်) အဖွဲ့၏ သြ၀ါဒများနဲ့ သာသ နာရေး သတင်းများကို နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့သတင်းစာတွေမှာဖော်ပြခြင်းမပြုတာတွေ ၊ ပြင်ဆင်ဖြတ်တောက် မှုတွေပြုလုပ်ခဲ့တာတွေကိုလည်း ဝန်ကြီးက ဝေဖန်ပါတယ်။

ဒါဟာ ၀န်ကြီးတဦးက အစိုးရဌာနတခုကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဝေဖန်ခြင်း ဖြစ်ပါလိမ့်မယ်။

မြန်မာသံတော်ဆင့်ဂျာနယ်နဲ့ ပတ်သက်ပြီး ပြောဆိုသံတွေကိုလည်း ၀န်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြီး ပြောခဲ့ပါတယ်။

“မြန်မာသံတော်ဆင့်ဂျာနယ်နဲ့ပတ်သက်လို့ ကျနော်တကျပ်တပြား ပါတယ်ဆိုရင် ကျနော့်ကို အရေးယူပါ။
ခုလိုဖြေရှင်းရခြင်းကတော့ ဒီမိုဝေယံဝက်ဆိုဒ်မှာ သမ္မတကိုတိုင်တဲ့ အိပ်ဖွင့်တိုင်စာပါအချက်တွေအပေါ်မူတည်ပြီး ကျနော်ကဖြေရှင်းတာလည်း ပါပါတယ်။
... သမ္မတဆီကို ကျနော်ကိုယ်တိုင် လက်မှတ်ထိုးပြီး စာနဲ့လည်း တင်ပြထားပါတယ်။ သံတော်ဆင့် ဂျာနယ်နဲ့ပတ်သတ်လို့ ကျနော့်ကိုအချိန်မရွေး စုံစမ်းစစ်ဆေး ဆောင်ရွက်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့အောက်တိုဘာလများမှာ မြန်မာသံတော်ဆင့်ဂျာနယ်က ပြည်ထောင်စု ၀န်ကြီးတချို့၊ ကြံ့ခိုင်ရေး ပါတီ ထိပ်တန်းခေါင်းဆောင်တချို့ရဲ့ သတင်းတွေကိုအတွင်းကျကျ ရေးသားတာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့မညီတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလို့ နိုင်ငံရေး လောကနဲ့ မီဒီယာလောကအတွင်း မှာ ဝေဖန် မှုတွေထွက်ပေါ်ခဲ့ပါတယ်။ဝန်ကြီး ဦးဆန်းဆင့် ဒီလိုဝေဖန်မှုတွေနဲ့ အတူ မြန်မာသံတော်ဆင့် ဂျာနယ်ဟာလည်း သာသနာရေးဌာန ပြည်ထောင်စု ၀န်ကြီးဦးဆန်းဆင့်ထုတ်ဝေတဲ့ဂျာနယ်ဆိုပြီး ခန့်မှန်းပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဒီလိုအချိန်မှာပဲ ဒီမိုဝေယံဝဘ်ဆိုဒ်မှာ “စာနယ်ဇင်းလောကမှ စုန်းပြူးများအား ဖယ်ရှားပေးနိုင်ပါရန် တင်ပြခြင်း” ဆိုတဲ့ သမ္မတထံ အိပ်ဖွင့်တိုင်စာ ပါလာခဲ့ပြီး ရေးသူကတော့ မီဒီယာသမားတဦးဆိုတဲ့နာမည်နဲ့ ရေးခဲတာပါ။

အဲဒီစာမှာတော့ သံတော်ဆင့်ဟာ ဦးဆန်းဆင့်ကို အမွှန်းတင်နေကြောင်း၊ ကိုယ်ပိုင်ဂျာနယ်ကို အရှုံးခံ ထုတ်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားလုပ်ကြမှာဖြစ်ကြောင်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် ဒီလိုစာနယ်ဇင်းကိစ္စကို ဖျက်ဆီးနေတယ်ဆိုတာကလည်း အရုပ်ဆိုးလှတဲ့ကိစ္စတခုဖြစ်ကြောင်း စသဖြင့်ရေး ထားပါတယ်။

ဦးဆန်းဆင့်ကတော့ သူ့အနေနဲ့ ဂျာနယ်တိုက်ထုတ်နိုင်လောက်အောင် မချမ်းသာကြောင်းနဲ့ ဂျာနယ်မထုတ်တဲ့ အတွက် တိုင်းပြည်ဘဏ္ဍာလည်း အလွဲသုံးစားလုပ်စရာမလိုကြောင်း၊“မင်းဘဏ္ဍာကိုယ့်ဟာမှတ်ပါ”ဆိုပြီး လုပ်နေ တဲ့သူခိုးများနဲ့ရောပြီး ထင်ယောင်ထင်မှား ရေးသားပြောဆိုခြင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျနော့်အနေနဲ့ တပ်မတော်တာဝန် တိုင်းပြည်တာဝန်ကို နှစ်ပေါင်း ၄၀ ကျော် ထမ်းဆောင်လာခဲ့ရာမှာ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့ခြင်း မရှိပါဘူး။တပ်မတော်က အကျင့်စာရိတ္တ မှတ်တမ်းမှာ ပြစ်မှု ကင်းရှင်းဖြစ်ပါတယ်။ သတိပေးဆုံးမခံရခြင်းပင် မရှိကြောင်း ကျနော့်ရဲ့ ကက (ထူး) မှတ်တမ်းမှာ ကြည့်နိုင် ပါတယ်။ထိုခေတ် ထိုအခါနှင့် လက်ရှိအစိုးရလက်ထက်များတွင် မင်းဘဏ္ဍာကိုယ့်ဟာမှတ်ပါဆိုပြီး လုပ်နေတဲ့ သူခိုးများနှင့်ရော၍ ထင်ယောင်ထင်မှား ရေးသားပြောဆိုခြင်းသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီသော လုပ်ရပ်ဖြစ်ပါတယ်။ သံသယဖြစ်ပါက စစ်ဆေးခံနိုင်ပါတယ်”

“ကျနော့်မှာ ပုဂ္ဂိုလ်ရေးအရ ဂျာနယ်တိုက်ထောင်၍ တိုက်ခိုက်ရန်ဆန္ဒလည်းမရှိပါဘူး။ ကျနော့်မှာ အဲ့လောက် လည်း မချမ်းသာပါဘူး။ ငွေဖြင့် ဂျာနယ်တိုက်ထောင်ပြီးနိုင်ငံရေး လုပ်လို့ မရဘူးလို့လည်း ကျနော် ခံယူထားပါတယ်” စသဖြင့် ဦးဆန်းဆင့်က ပြောပါတယ်။

သူ့အနေနဲ့ တပ်မတော်မှာ စစ်ရာထူးခန့်ချုပ်တာဝန် ထမ်းဆောင်စဉ်အချိန်က အရာရှိကြီးများ၊ ၀န်ကြီးဌာနဆိုင်ရာ အကြီးအကဲများကိုတိုင်ကြားတဲ့ ကတ္တီပါဖုံး ရွှေစာလုံးတွေနဲ့တိုင်စာတွေကို မှတ်တမ်းတင် ထိန်းသိမ်းရ သူဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုပါက အချိန်မရွေး ဖွင့်ချဖော်ထုတ် တိုက်ခိုက်နိုင်ကြောင်း လည်း ပြော ပါတယ်။

“တိုင်စာတွေမှာကို ခန့်ခန့်ညားညားဖြစ်နေတဲ့ ကတ္တီပါဖုံး ရွှေစာလုံးနဲ့တိုင်စာတွေ ဖတ်ခဲ့သိခဲ့ရပါတယ်။ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး) ကိုယ်တိုင် မိမိကိုပြသ ခဲ့ပါတယ်။စစ်ရာထူးခန့်ချုပ် အနေနဲ့ မှတ်တမ်းထိမ်းသိမ်းရ၊ ကိုင်တွယ်မြင်တွေ့ သိခဲ့ရတာတွေလည်း အများ အပြားရှိပါတယ်။ပုဂ္ဂိုလ်ရေးများ တိုက်ခိုက်လိုပါက အချက်အလက်၊ ကိန်းဂဏန်း၊ အထောက်အထား၊ ဓာတ်ပုံများပါရှိသဖြင့် မိမိအနေဖြင့် အချိန်မရွေး ဖွင့်ချဖော်ထုတ်၍ရပါတယ်” လို့ သူက ပြောပါတယ်။

ဆလိုင်းသန့်စင်

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here