Wednesday, November 13, 2013

သိမ်းဆည်းလယ်မြေများ ပြန်ပေးမည်ဟု ကုမ္ပဏီဘက်က ကတိပြုထားသော်လည်း လယ်သမားများ စိုက်ပျိုးခွင့်မရသေး

0 comments
13.11.2013

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ရှေ့မှောက်တွင် လယ်ဧက ၃၀၀ ကျော် ကို ပြန် လည် ပေးအပ်မည်ဟု ကုမ္ပဏီဘက်က ကတိပြုခဲ့သော်လည်း ယခု နွေစပါးစိုက် ရာသီတွင် စပါးစိုက်ပျိုးခွင့် မရသေးကြောင်း ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံလယ်သမားများက မဇ္ဈိမသို့ ပြော သည်။

နဲသမိန်ကျေးရွာအုပ်စု ကျွဲကောကျေးရွာမှ လယ်သမားဖြစ်သူ ကိုထွန်းနိုင်က “ဒီနှစ်မှာ လယ် ရှစ်ဧကကို လွန်ခဲ့တဲ့ လက စစိုက်တယ်၊ အဲဒီစိုက်ထားတဲ့ စပါးတွေကို ကုမ္ပဏီဘက်က လူမိုက်တွေငှားပြီး ထွန်စက် တွေနဲ့ အတင်းဝင်ထွန်တယ်။ ကျွန်တော်တို့ စပါးတွေ၊ ဆီပုံးတွေကိုပါ နင်းကြိတ်ပစ်ကြတယ်။ သူတို့မှာ ဓား၊ လှံတွေနဲ့ ပုဆိန်တွေပါ ပါတယ်၊ လယ်သမားဝင်ရင် လယ်သမားသတ်မယ်ဆိုပြီး ၀င်လုပ်ကြတယ်” ဟု ပြောသည်။

လယ်ယာမြေ စုံစမ်းရေးကော်မရှင်နှင့် လယ်သမားများ စက်တင်ဘာလက တောင်ဥက္ကလာရှိ ဦးအောင် သိန်းလင်း ရုံးခန်းတွင် တွေ့ဆုံခဲ့ပြီး ကုမ္ပဏီဘက်မှ လယ်ယာမြေများ ပြန်ပေးမည်ဟု ကတိပြုခဲ့ကြောင်း လယ်သမားများက ပြောသည်။

ထို့ကြောင့် စပါးစိုက်ပျိုးခြင်းကို လယ်သမားများဘက်က ရပ်တန့်ပေးခဲ့ရကြောင်းနှင့် ယင်းသို့သော ပြုလုပ် မှုကို သက်ဆိုင်ရာအသီးသီးသို့ အကြောင်းကြားတိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ မည်သည့်အရေး ယူ ဆောင်ရွက်ပေးမှုမျှ မရှိခဲ့ဟု ဒေသခံလယ်သမားများက ဆိုသည်။

“အခုက လယ်သမား ၃၅ ဦးစလုံး တစ်ယောက်မှ လယ်လုပ်ခွင့်မရဘဲ အပြင်ကနေ ရပ်ကြည့်နေရတယ်၊ ကုမ္ပဏီဘက်က အုပ်စုဖွဲ့နဲ့ ၀င်လုပ်နေကြတယ်၊ မူရင်းလယ်သမား အကုန်လုံးကတော့ လက် လွတ်တွေ ဖြစ်ကုန် တာပေါ့”ဟု သံခင်းကျေးရွာအုပ်စု ဇီးချောင်းကျေးရွာမှ လယ် ၂၂ ဧကပိုင် ကိုအောင်ကျော်ဦးက ပြောသည်။

ယင်းကဲ့သို့ အငြင်းပွားနေသော လယ်ဧကပေါင်း ၃၆၀ ကို ထန်းတပင်မြို့နယ်ရှိ နဲသမိန်၊ ကျွဲကော်၊သံခင်း၊ ဇီးချောင်း စသော ကျေးရွာလေးရွာခန့်ရှိ လယ်သမား ၃၅ ဦးတို့က ၂၀၀၁ ခုနှစ်မှ စတင်ကာ မြေလွတ် မြေ ရိုင်းများကို ခုတ်ထွင်ရှင်းလင်း စပါးစိုက်ပျိုးခဲ့ကြပြီး ၂၀၀၂ ခုနှစ်ခန့်တွင် စတီးစတုန်းကုမ္ပဏီက ယင်းမြေ ယာများကို ပိုင်ဆိုင်သည်ဟုဆိုကာ တစ်ဧကလျှင် စပါးငါးတင်းနှုန်းဖြင့် သီးစားခယူ လုပ်ကိုင်ခွင့်ပြုခဲ့သည် ဟု လယ်သမားများက ဆိုသည်။

လွန်ခဲ့သောနှစ်မှစ၍ သီးစားခပေးချေခြင်းမပြုဘဲ လယ်ယာစိုက်ပျိုးမှု ပြုလုပ်ခဲ့ရာတွင် ကုမ္ပဏီဘက်က စပါးများအား ၀င်ရောက် ထွန်ယက်ခဲ့ပြီး လယ်သမား ၁၀ ဦးကိုလည်း မြေလွတ်မြေရိုင်းဥပဒေဖြင့် တရားစွဲ ထားခဲ့သည်။

“လယ်ယာမြေကော်မရှင်ရှေ့မှာ လယ်ပြန်ပေးမယ်လို့သာ ကုမ္ပဏီပိုင်ရှင်က ကတိပြုခဲ့တာ ခုချိန်ထိတရား ၀င်လယ်ဆိုလို့ တစ်လက်မတောင် ကျွန်တော်တို့ မရပါဘူး”ဟု ကျွဲကောကျေးရွာမှ လယ်သမားဖြစ်သူ ကိုလှရွှေက ပြောသည်။

ထို့ပြင် လက်ရှိ လယ်ယာလုပ်ပိုင်ခွင့်အား တားဆီးပြီး ယင်းတို့ကိုယ်တိုင် လယ်လုပ်နေသူများမှာလည်း ကုမ္ပဏီဘက်မှ ပါဝါလွှဲထားသည်ဆိုသော ဒေသခံများပင် ဖြစ်ပြီး ယင်းတို့၏ ဆွေမျိုးသားချင်းများမှ ၀င် ရောက် လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု လယ်သမားများက ဆိုကြသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး လယ်ယာမြေများတွင် စပါးစိုက်ပျိုးခြင်းကို လုပ်ဆောင်လျက်ရှိသော စတီးစတုန်းကုမ္ပဏီမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးဖုန်းကျော်ထံ မဇ္ဈိမက ဖုန်းဖြင့် လေးကြိမ်ခန့်အထိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။

MIZZIMA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here