Wednesday, November 13, 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်မှ ကင်းစခန်းများရှိရာ ချောင်းပေါက်များမှတစ်ဆင့် တရားမ၀င် ကူးသန်းသွားလာမှုအား တင်းကျပ်စွာ ပိတ်ထား

0 comments
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် ကာရံထားသော သံဆူးကြိုး ခြံစည်းရိုး တစ်နေရာ အား တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မြန်မာဘက်မှ ကင်းစခန်းများရှိရာ ချောင်းပေါက်များမှတစ်ဆင့် တရားမ၀င် ကူးသန်းသွားလာမှုအား တင်းကျပ်စွာ ပိတ်ထားကြောင်း သတင်းရရှိသည်။ ယင်းသို့ နစက တာဝန် ယူချိန်က အဆိုပါ ချောင်းပေါက်များမှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နားလည်မှုဖြင့် နယ်မြေ အတွင်းရှိ ဒေသခံများအား ဖြတ်သန်းသွားလာခွင့် ပြုထားခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်တွင် ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"အရင်က နစက တာဝန်ယူချိန်မှာ နယ်စပ်တစ်လျှောက် ချောင်းပေါက်တွေကတစ်ဆင့် တစ်ဖက်နိုင်ငံကို ကူးလူးသွားလာခွင့်တွေကို နယ်မြေထဲမှာ နေကြတဲ့ ဒေသခံတွေကို နားလည်မှုနဲ့ စစ်ဆေးပြီး ခွင့်ပြုခဲ့တယ်။အခုနောက်ပိုင်းမှာတော့ အဲလိုသွားလာခွင့်တွေကို ပိတ်ထားလိုက်ပါပြီ။ ဒါပေမဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် တရားဝင် သွားလာခွင့်တွေကို မောင်တောအမှတ် (၁) နယ်စပ်စစ်ဆေးရေးဂိတ်က နေ့ချင်းပြန်နဲ့ ခုနစ်ရက် သွားလာခွင့် ပြုထားပါတယ်" ဟု မောင်တောမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။ ယင်းသို့ ပိတ်ထားသည်ဟု ဆိုသော်လည်း တခြားနေရာများမှ တရားမ၀င် ခိုးဝင်မှုများလည်း ရှိနေကြောင်း၊ နယ်စပ်ကျေးရွာများသို့ ဓားပြ၀င်တိုက်ခြင်းများလည်း ဆက်တိုက်ဖြစ်ပေါ် နေကြောင်းနှင့် များမကြာသေးမီကလည်း လက်နက်ကိုင်တစ်ဖွဲ့ ၀င်လာသည်ကို သတင်းရ၍ လုံထိန်းတပ်ဖွဲ့က အချိန်မီ တားဆီးနိုင်ပြီး လက်နက်များပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာဘက်မှ နယ်စပ်တစ်လျှောက် သံဆူးကြိုး ခြံစည်းရိုးများ ကာရံခြင်းမှာ ပြီးစီးရန် မိုင်ပေါင်း ၅၃ မိုင်ခန့် သာ ကျန်ရှိတော့သည်ဟု ဆိုသော်လည်း နှစ်နိုင်ငံ ထိစပ်နေသည့် ရေမိုင်နယ်နိမိတ်မှ မိုင် ၄၀ ခန့်နှင့် ကုန်းတွင်းမိုင်နယ်နိမိတ်မှာ ၁၃၁ မိုင် ရှိနေသဖြင့် တရားမ၀င် ၀င်ထွက်သွားလာသူများ အနေဖြင့် နယ်စပ်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက် သွားလာနိုင်သလို ပင်လယ်ကြောင်းမှလည်း ၀င်ရောက် သွားလာနိုင်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here