Wednesday, November 13, 2013

လာမည့် နွေရာသီတွင် စက်မှုဇုန်များသို့ မီးပေးရန် မဂ္ဂါဝပ် ၁၇၀ ခန့် လိုအပ်နေပြီး ဒေါ်လာ သန်း ၁၆၀ ကျော် သုံးရန်လိုအပ်

0 comments
13.11.2013

လာမည့် ၂၀၁၄ ခုနှစ် နွေရာသီတွင် စက်မှုဇုန်များသို့ မီးပေးနိုင်ရန် မဂ္ဂါဝပ် ၁၇၀ ခန့် လိုအပ်နေပြီး အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် အသုံးပြုရန် လိုအပ်နေကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

ယခုနှစ် နွေရာသီတွင် ဓာတ်အားလိုအပ်ချက်မှာ ၃၇၀ မဂ္ဂါဝပ်ကျော် ရှိနေသဖြင့် ပြည်သူများကို မီးပေးနိုင် ရန် စက်မှုဇုန်များအား အချိန်ပိုင်းသာ မီးပေးခြင်း၊ နိုင်ငံပိုင်စက်ရုံ အချို့အား သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မှုအား ယာယီရပ်တန့်၍ ပြည်သူများ မီးရရှိစေရန် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ၂၀၁၂ နွေမှာ ဓာတ်အား မလုံလောက်မှုကြောင့် စက်မှုဇုန်တွေကို ရက် ၂၀ လောက် မီးဖြတ် လိုက်ရတယ်။ အခု နွေမှာလည်း သုံးလက ၆ နာရီ၊ သုံးလက ၁၂ နာရီပဲ မီးပေးနိုင်ခဲ့ပြီး ကျန်ခြောက်လပဲ အချိန်ပြည့် မီးပေးနိုင်ခဲ့တယ်။ စက်မှုဇုန်တွေကို မီးမဖြတ်ချင်ပေမယ့် မတတ်သာလို့ လုပ်ရတာပါ။ ၂၀၁၄ ခုနှစ်နွေမှာ မီးမှန်မှန်ရဖို့ ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးဖို့ လိုပါမယ်" ဟု ဦးခင်မောင်စိုးက ဆိုသည်။

စက်မှုဇုန်များ အနေနှင့် မီးရရှိရန် ပုဂ္ဂလိက မီးအားပေး လုပ်ငန်းများနှင့် လက်ရှိတွင် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်နေပြီး ဓာတ်အားခမှ တစ်ယူနစ်လျှင် ၁၂၀ ကျပ်မှ ၁၅၀ ကျပ် အကြား ကောက် ခံရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

"မီးသာ မှန်မှန်ရမယ်ဆိုရင် မီတာခ တက်ပေးရတာကို လုပ်ငန်းရှင်တွေက မကြောက်ကြပါဘူး" ဟု စက်မှုဇုန် ဥက္ကဋ္ဌတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ မီးရရှိရေးအတွက် ဓာတ်အားတစ်မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်း ထုတ်လုပ်ကုန်ကျစရိတ်အဖြစ် သုံးစွဲရပြီး ပြည်သူများ နေအိမ်သို့ ဓာတ်အားရောက်ရှိရန် အမေရိကန်ဒေါ် လာ တစ်သန်း ထပ်မံသုံးစွဲရကြောင်း သိရသည်။

"အခု ရောင်းတဲ့ဈေးနဲ့ လျှပ်စစ်က ရှုံးနေတယ်။ မီးမှန်မှန်ရဖို့ဆိုရင် ငွေအများကြီး ရှိဖို့လိုတယ်။ ၂၀၁၄ နွေ မှာ စက်မှုဇုန် မီးပေးဖို့ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် လိုတယ်။ နှစ်ဆိုင်း ပြီး စောင့်ရမယ် ဆိုလည်း နှစ်တိုင်းဓာတ်အား လိုအပ်ချက်က တက်နေ မှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ပဲ တိုးလာဖို့ ရှိတယ်" ဟု ဦးခင်မောင်စိုးက ဆက်လက်ပြော ကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here