Wednesday, November 6, 2013

နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော်တွင် ဖြေရှင်းရမည်

0 comments
နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်ထောင်စု အစိုးရအဖွဲ့၏ ဝန်ကြီးဌာန များသည် နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များပြားနေ၍ အကြွေးပေးရန် ကျန်ရှိနေသော ဝန်ကြီးဌာနများက ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ဖြေရှင်းရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနများသည် နိုင်ငံတော်သို့ ကြွေးကျန်ပေးသွင်းရန်၂ နှစ်ဆက်ကျန်ရှိ နေသောကြောင့် ကြွေးကျန်ပမာဏ ပိုမို များပြားလာခြင်း ဖြစ်သည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လအတွင်း နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသော အချက်အလက် များကြောင့် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်တွင် လာရောက်ရှင်းပြရန် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

အကြွေးများ ပြန်လည်ပေးဆပ်မည့် အခြေအနေများကို သိရှိလိုပြီး ဝန်ကြီးဌာနများ အနေနှင့်လည်း တွန်းအားပေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အကြွေးကျန်ရှိနေသော ဝန်ကြီးဌာနများ လွှတ်တော်သို့ လာရောက် ရှင်းလင်းပေးရမည့် အချိန်နှင့် နေ့ရက်ကိုမူ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခြင်း မရှိသေးပေ။

အစိုးရ အဖွဲ့အစည်းများ၏ ငွေစာရင်းများကို စစ်ဆေး ဆောင်ရွက်နေသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း IT ပညာရှင်များ၊ အင်ဂျင်နီယာနှင့် လိုအပ်သည့် အတတ်ပညာရှင် များကို တိုးချဲ့ခန့်အပ် ဖွဲ့စည်းရန် လိုအပ်နေကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သို့ ကြွေးကျန်ပေးရန် ကျန်ရှိနေသော ဝန်ကြီးဌာန စုစုပေါင်း ၁၉ ဌာန ရှိကြောင်း အဆိုပါကော်မတီ၏ အစီရင်ခံစာအရ သိရှိရသည်။အဆိုပါကြွေးပေးသွင်းရန် ကျန်နေသော ဝန်ကြီးဌာနများသည် ပြည်သူ၏ ဘဏ္ဍာငွေကို သုံးစွဲနေခြင်း ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အများပြည်သူ ယုံကြည်မှု ရှိရန် လိုအပ်ကြောင်း ယင်းကော်မတီက တင်ပြခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here