Thursday, October 31, 2013

ပြည်ခရိုင်တွင် အခြေခံဥပဒေပြင်ဆင်ရန် ၉၇ ရာခိုင်နှုန်းထောက်ခံ

0 comments
31.10.2013

ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ခြောက်မြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြန်လည်ရေး ဆွဲ ရေးအတွက် လူထုဆန္ဒရယူပွဲလုပ်ခဲ့ရာ ၉၇ ရာခိုင်နှုန်း ပြင်ဆင်ရန် ထောက်ခံခဲ့ကြပြီး သုံးရာခိုင်နှုန်းက အသစ်ပြန်ရေးဆွဲရန် ဆန္ဒပြုခဲ့ကြသည်။

ထိုသို့ အခြေခံဥပဒေနှင့် ပတ်သက်၍ လူထုဆန္ဒရယူပွဲကို ပြည်မြို့ကမ်းနားလမ်းရှိ ဂင်္ဂါဝတီခန်းမ တွင် အောက်တိုဘာ လ ၃၀ရက်က ပြုလုပ်ခဲ့သည်။

ပြည်ခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်ဖြစ်သော ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်း တည်၊ ပေါက်ခေါင်းမြို့နယ်တို့မှ အမျိုးသားဒီမိုစီအဖွဲ့ချုပ်(NLD)နှင့် အခြားနိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များအပါအ၀င် ပြည်သူတစ်ထောင်ကျော် တက်ရောက်ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားသို့ ရှေ့နေကြီး ဦးကိုနီတက်ရောက်ခဲ့ပြီးဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းပြည်အတွက်မည်မျှအရေးကြီးသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ကောက်ခံ ခြင်းကို အောက်တိုဘာလကုန်ခန့်တွင် အပြီးကောက်ခံသွား မည်ဖြစ်ပြီး နိုဝင်ဘာလ တွင်အဖွဲ့ဝင် ၁၀၉ဦး ပါဝင်သော လွှတ်တော်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထားကောက်ယူမှုများကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဆန္ဒကောက်ယူခဲ့ရာ ပြင်ဆင်ရန်သာ အများစုကသဘောတူညီခဲ့သည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင် ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက် ၀က်ကျော် ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည် ဖြစ်သည်။

ယင်းအပြင် အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။


Mizzima
Read more...

တိုင်းဝန်ကြီးချုပ်နှစ်ဦး အိန်္ဒိယအရှေ့မြောက်ပြည်နယ်များ စီးပွားရေးဆွေးနွေးပွဲတက်ရောက်မည်

0 comments
31.10.2013

အိန်္ဒိယနိုင်ငံ အာသံပြည်နယ်တွင် နိုဝင်ဘာလ၂၂ရက် မှ ၂၄ ရက်အထိ ကျင်းပမည့် အိန်္ဒိယ အရှေ့မြောက် ပြည်နယ်များ စီးပွားရေးဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်တို့ နှစ်ဦးတက်ရောက်မည်ဖြစ်သည်ဟု အောက်တိုဘာ၂၉ရက်ထုတ် မဏိပူရ်ပြည်နယ် ထုတ် သတင်းစာများ ဖော်ပြချက်အရသိရသည်။

ထိုစီးပွားရေး ဆွေးနွေးပွဲများသည် အလွန်အလားအလာကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများ အတွက်ဆက်သွယ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍများ အလားအလာ ကောင်းမည် ဟု မျှော်လင့်ကြောင်း ၀န်ကြီးချုပ်များခရီးစဉ်တွင် လိုက်ပါမည့် မန်းဂီရိစက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် မန် နေဂျင်းဒါရိုက်တာ ဦးထွန်းရွှေက ပြောသည်။

၎င်းက “ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်ထားတယ်။ ပညာရေးလမ်းကြောင်းကတော့ ဖွင့်ထားပြီ ။ နှစ်နိုင်ငံကုန်သွယ်မှုစာရင်းမှာ Items တွေတိုးလာမယ်။ အိန်္ဒိယဘက်မှာ မြန်မာကုန်ပစ္စည်း ဘာတွေပိုလို အပ်မလဲ။ ဟိုဘက်၊ ဒီဘက်ကုန်သည်တွေ ဆွေးနွေးပြီး ကျွန်တော်တို့တင်ပြသွားမယ်။ ကုန်သွယ်နိုင်တဲ့ ကုန်ပစ္စည်းအမျိုးအစားတွေ တိုးလာမယ်ပေါ့ဗျာ” ဟု ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံနှင့် အိန်္ဒိယနိုင်ငံကုန်သွယ်မှုသည် မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်နိုင်ငံများ ကုန် သွယ်မှုထက် နည်းပါးနေသေးကြောင်းလည်း ဦးထွန်းရွှေက ပြောသည်။ ယခု အိန်္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် တရားဝင်တင်သွင်းခွင့်ပြုထားသည့် ကုန်စည်အရေအတွက်မှာ ၆၂မျိုး ဖြစ်သည်။

အိန်္ဒိယ-မြန်မာ ကုန်သွယ်ရေး ပိုမိုကောင်းမွန်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်၊ မိုးရေး-တမူး ဘဏ်စနစ်ကောင်းမွန်မှုများရှိရန် လိုနေသေးကြောင်းလည်း ဦးထွန်းရွှေက ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလက အိန်္ဒိယ နိုင်ငံ၏အရှေ့မြောက်ဒေသ ခုနစ်ပြည်နယ်၏ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ (NEBS)သို့ မြန်မာနိုင်ငံမှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေး တက်ရောက်ခဲ့ဖူးသည်။


Mizzima
Read more...

စက်မှုဇုန်လုပ်သားများ ခေတ်သစ်ကျွန်ပြုခံနေရဟု အစီရင်ခံစာထုတ်ပြန်

0 comments


31.10.2013

ဆန္ဒပြတောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် လုပ်ကိုင်နေ သည့် လုပ်သားများမှာ ခေတ်သစ်ကျွန်ပြုမှု ခံနေရကြောင်း လုပ်သားနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံ စင်တာ (LRC) က အစီရင်ခံ စာတစ်စောင်ကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

လုပ်သားများသည် လုပ်အားခ နည်းပါးစွာဖြင့် အလုပ်ချိန် နာရီပေါင်းများစွာ လုပ်ကိုင်နေရပြီး ပုံမှန်အလုပ်ချိန်အတွင်း ရရှိသည့် လုပ်အားခဖြင့် ကြွေးမြီများပင် မဆပ်နိုင်သဖြင့် လုပ်သား အများစုမှာ အချိန်ပို မဖြစ်မနေ လုပ်ကိုင်နေရကြောင်း၊ လုပ်သားတစ်ဦး၏ အချိန်များစွာကို အလုပ်ထဲတွင် ပေးဆပ်နေ ရခြင်း၊ လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းများသည် ခေတ်သစ် ကျွန်ပြုမှု ခံနေရခြင်း ဖြစ်ကြောင်း LRC ရုံးခွဲ (၂) မှ တာဝန်ခံဖြစ်သူ ဦးနေလင်းထွေးက ပြောကြားသည်။

ခေတ်သစ်ကျွန်သဘောက် အမည်ရ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

လုပ်သားများသည် လုပ်ငန်းခွင်ကို ၇ နာရီရောက် ရန် နှစ်နာရီခန့် စောပြင်ဆင်ရပြီး ည ၁၁ နာရီခန့်အထိ ပျမ်းမျှအလုပ် လုပ်နေရကြောင်း၊ အလုပ်ချိန် အလွန်အကျွံ လုပ်ကိုင်နေရသဖြင့် လုပ်သားအများစု၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဝလုံခြုံမှု၊ လူ့အခွင့်အရေး များစွာဆုံးရှုံးနေကြောင်း ဦးနေလင်းထွေးက ဆိုသည်။
“အလုပ်သမားတွေက ရှစ်သုံးလုံး (ရှစ်နာရီလုပ်၊ ရှစ်နာရီနား၊ ရှစ်နာရီပျော်) ဆို အိပ်မက်တောင် မမက်ရဲဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

ကျွန်စနစ် ထွန်းကားခဲ့သည့် အချိန်ကာလကဲ့သို့ ငွေကြေးဖြင့် ဝယ်ယူကာ ကျွန်ပြုခြင်း မဟုတ်သော်လည်း လုပ်သားများသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် ငွေကြေးဖြင့် ချုပ်နှောင်ကာ အလုပ်ရှင်များ ၏ ခေတ်သစ် ကျွန်ပြုခြင်း ခံနေရကြောင်း ဦးနေလင်းထွေးက သုံးသပ်သည်။“ရောမခေတ် ကလို ကျွန်တော့ မဟုတ်ဘူး။ ခေတ်သစ်ကျွန်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အစီရင်ခံစာတွင် လုပ်သားအများစုသည် ရရှိသည့် လုပ်အားခဖြင့် မလုံလောက်ခြင်း၊ လုပ်ခများ ကို ခေါင်းစဉ်အမျိုးမျိုး တပ်ကာ ခိုင်းစေခြင်း၊ ညဥ့်နက်သည်အထိ လုပ်ကိုင်ရသဖြင့် အမျိုးသမီးလုပ်သား အများစု သွားလာရေးတွင် လုံခြုံမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ စက်ရုံအများစု လုပ်ငန်း ခွင် ဘေး အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး စံနှုန်းများ (လေဝင်လေထွက်ပေါက်၊ အရေးပေါ် ထွက်ပေါက် စသည့်) နှင့် မညီညွတ်ခြင်း၊ ဥပဒေ ပြဋ္ဌာန်းချက်များတွင် အလုပ်သမားများ၏ အခွင့်အရေးကို ဟန့်တားနေ သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေမှုများကို ထည့်သွင်း ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ပေါင်း ၁၃ ခု ရှိ လုပ်သားအများစုကို ကိုယ်စားပြုနိုင်သည့် လုပ်သား ၁၀၀၀ ကျော်ကို မေးမြန်းထားချက်များ၊ စစ်တမ်းများကို အခြေခံရေး သားထားခြင်း ဖြစ်ကြောင်း LRC ထံမှသိရှိရသည်။

လုပ်သားတွေကို တည်ဆဲဥပဒေများအရလည်း အကာအကွယ် ပေးထားပြီး အချိန်ပို အလုပ်ချိန်များနှင့် ပတ်သက်၍လည်း မဖြစ်မနေ လုပ်ကိုင်ရမည်ဟု တင်းကျပ်ထားခြင်းမရှိဘဲ လုပ်သားများ၏ စိတ်ဆန္ဒ အရသာ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောကြားသည်။“ဆန္ဒမပါဘဲ လုပ်တာမှ ကျေးကျွန်လို့ ပြောတာ။ အခုဟာက နှစ်ဦးသဘောတူ လုပ်ကြတာ။ ခေတ်သစ်ကျေးကျွန် လို့ ပြောလို့မရဘူး” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ခေတ်သစ်ကျွန်သဘောက် အစီရင်ခံစာတွင် လုပ်သားများ အခွင့်အရေးများနှင့် ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား အဖွဲ့အစည်းများ၊ လုပ်သားအရေး ဆောင်ရွက် သူများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများကို အကြံပြုထားသည့် အချက်များ ပါဝင်သည်။

သြစတြေးလျနိုင်ငံ အခြေစိုက် လွတ်လပ်စွာ လျှောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန် ညွှန်းကိန်းတွင် မြန်မာနိုင်ငံ၌ လူပေါင်း ၃ ဒသမ ၅သိန်းမှ လေးသိန်းအထိ ခေတ်သစ် ကျေးကျွန် ဘဝကို ရောက်ရှိနေကြောင်း ဖော်ပြထားသည်။

LRC ကို ၂၀၁၂ ခုနှစ် မေလတွင် အလုပ်သမားအရေး ကျွမ်းကျင်သူများ၊ အလုပ်သမား အရေး ဆောင်ရွက်သူ များဖြင့် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော်တွင် ရုံးနှစ်ရုံး ဖွင့်လှစ်ထားသည်။

The Voice Weekly
Read more...

ထားဝယ်ယဉ်ကျေးမှုပြတိုက် စတင်တည်ဆောက်

0 comments

31/10/2013

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့၊ကမ်းနားလမ်းတွင်ထားဝယ်ယဉ်ကျေးမှုပြတိုက် ကို ယခုရက်ပိုင်းအတွင်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။အဆိုပါ ပြတိုက်ကို F22 Sunny Construction ကုမ္ပဏီက တည်ဆောက်လျက်ရှိသည်။အဆိုပါပြတိုက်အဆောက်အဦပြီးစီးပါက ဘုရားကြီးဝင်းအတွင်းရှိထားဝယ်ယဉ်ကျေးမှုပြတိုက်မှပစ္စည်းများပြောင်းရွှေ့ပြသခြင်းပြု၊မပြုမသိရသေးချေ။
လက်ရှိတွင် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌လည်း ဘုရားကြီးပြတိုက်ကိုတည်ဆောက်ပြီး
စီးနေပြီဖြစ်ကာ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်နေသည်။


သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)


Popular Myanmar News Journal
Read more...

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထည့်သွင်း သတ်မှတ်လိုက်ပြီ

0 comments
31.10.2013
တိရစ္ဆာန်ဥယျာဉ်အား ရွှေတိဂုံ ကန့်သတ်ဧရိယာအတွင်း ထည့်သွင်း သတ်မှတ်လိုက်ပြီဟု ရန်ကုန်စည်ပင်မှ သိရသည်။ရွှေတိဂုံကန့်သတ်ဧရိယာကို ၁၉၉၄ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင်ထပ်မံ၍ တိုးချဲ့သတ်မှတ် ခဲ့ကြောင်း ယခု ၂ဝ၁၃ ခုနှစ် စက်တင် ဘာလတွင် တိရစ္ဆာန်ဥယျာဉ်ကိုပါ ထည့် သွင်း၍ သတ်မှတ်လိုက်ပြီဟု သိရသည်။”ကန်တော်ကြီးနဲ့ တစ်ဆက်တည်း Green Area ဖြစ်ချင်လို့ ထည့်သွင်း လိုက်တာပါ”ဟု ရန်ကုန်စည်ပင် အ ဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင် မောင်ဇော်က ပြော သည်။ရွှေတိဂုံ ကန့်သတ်ဧရိယာမှာ ဘုရားမြောက်ဘက်တွင် ဓမ္မစေတီလမ်း နှင့် ရှင်စောပုလမ်း၊ အရှေ့ဘက်တွင် ဗိုလ်မင်းရောင်လမ်းနှင့် အထက်ပန်းဆိုး တန်းလမ်း၊ ကန်ရိပ်သာလမ်း၊ နတ် မောက်လမ်း၊ တောင်ဘက်တွင် မင်းရဲ ကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ယောမင်းကြီး ဦး ဖိုးလှိုင်လမ်း၊ အနောက်ဘက်တွင် ဗဟို လမ်းစသည့် ဧရိယာအတွင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဧရိယာကိုပါ ထည့်သွင်းသတ်မှတ်လိုက် ခြင်း ဖြစ်သည်။ရွှေတိဂုံဘုရားကန့်သတ်ဧရိယာကို ဇုန် ၁ နှင့် ဇုန် ၂ ဟု နှစ်ပိုင်းခွဲခြားထား ပြီး ဇုန် ၁ တွင် အမြင့်ပေ ၆၂ ပေအထိ (ဓာတ်လှေကား ပါပါက ၇၈ ပေ)အထိ သာ ဆောက် လုပ်ခွင့်ရှိပြီး ဇုန် ၂ တွင် အမြင့်ပေ ၁၉ဝ အထိသာ ဆောက်လုပ် ခွင့်ရှိကြောင်း ရန်ကုန်စည်ပင်မှ သိရ သည်။ သို့သော် ရွှေတိဂုံဘုရား ကန့် သတ်ဧရိယာအတွင်း ဝင်ရောက် သွားပါ က ဘုရားစေတီတော်အား ကွယ်ကာ ထားနိုင်သည့် လမ်းကြောင်းများ၌ အ ဆောက်အအုံ ဆောက်လုပ်ခွင့် ပြုတော့ မည် မဟုတ်ပေ။
ဝေမာထွန်း
Popular Myanmar News Journal
Read more...

စတိဗ်ဂျော့ဘ်၏ နေအိမ်ဟောင်းကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်

0 comments

Thursday, October 31, 2013

ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။

စတိဗ်ဂျော့ဘ် နေထိုင်ခဲ့သည့် နေအိမ်ကို သမိုင်းဝင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် သတ်မှတ် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာ သည်။ နောင်တစ်ချိန်တွင် ကမ္ဘာကျော် နည်းပညာ ဖခင်ကြီးတစ်ဦး ဖြစ်လာမည့် ဂျော့ဘ်သည် ပထမဆုံး Apple ကွန်ပျူတာလေးများကို ယင်းနေအိမ်တွင် ဒီဇိုင်းထုတ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လယ်တောအိမ်လေး တစ်ခုနှင့် ဆင်တူသည့် နေအိမ်ဟောင်းလေးသည် ယခင်ကတည်းက ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လည်ပတ်သည့် နေရာလေးတစ်ခု ဖြစ်နေခဲ့သည်။

ဂျော့ဘ်သည် Appleကို (၁၉၇၆)ခုနှစ်တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်သည် Appleကို (၁၉၇၆) ခုနှစ် တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်အနေဖြင့် ၎င်းအလွန် ချစ်မြတ်နိုးသည့် လုပ်ငန်းကြီးကို ကမ္ဘာ့အထည်ဝါဆုံး နည်းပညာ ကုမ္ပဏီကြီးအဖြစ် ဆွဲတင်ပေးခဲ့ပြီးနောက် (၂၀၁၁)ခုနှစ်က အသက် (၅၆)နှစ် အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ လော့စ်အေလ်တို့စ်ရှိ အဆိုပါ နေအိမ်ကို ပိုင်ဆိုင်သည့် ဂျော့ဘ်၏ အစ်မက ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်၏ ပန်ကြားမှုအတွက် လိုလိုလားလား သဘောတူ ကူညီခဲ့ကြောင်း သိရသည်။

"ဂျော့ဘ်ဟာ ဆီလီကွန်တောင်ကြား လူ့အဖွဲ့အစည်းရဲ့ ဂုဏ်အယူရဆုံး ပြယုဂ်တစ်ခုပါ"ဟု ကော်မရှင်မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဇာချာရီဒါးလ်က မှတ်ချက်ပြုခဲ့သည်။ ဂျော့ဘ်၊ စတိဗ်ဝေါ့ဇ်နီရက်ခ်နှင့် အခြားသော ပထမဆုံး Apple ဝန်ထမ်းများသည် Apple I ကွန်ပျူတာ အလုံး(၁၀၀)ကို ပထမဆုံး အကြိမ်အဖြစ် ယင်းနေအိမ် ဧည့်ခန်းလေးတွင် တပ်ဆင်ခဲ့ကြသည်။ Apple ကုမ္ပဏီသည် နောက်ပိုင်းတွင် ကူပါတီနိုသို့ ပြောင်းရွှေ့ အခြေစိုက်ဖြစ်ခဲ့သည်။ ထိုနေအိမ်လေးတွင် လတ်တလော၌ ဂျော့ဘ်၏ မိထွေးက နေထိုင်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
Read more...

အာဖဂန်ညှိနိုင်းဆွေးနွေးရေးအဖွဲ့သည် အဓိကသူပုန်ခေါင်းဆောင်ကို တွေ့ဆုံရန်စီစဉ်

0 comments


31.10.2013
အာဖဂန်ညှိနိုင်းရေးအဖွဲ့သည် တာလီဘန်သူပုန်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် အလို့ငှာ
အဓိက သူပုန်ခေါင်းဆောင် မူရာဘာရာဒါနှင့် ပထမဆုံးတွေ့ဆုံရန် မကြာမီပါကစ္စတန်နိုင်ငံသို့
လာရောက်မည်ဖြစ်ကြောင်း အရာရှိများ၏ ဗုဒ္ဓဟူးနေ့က ပြောကြားချက်ကို The interna
tional News သတင်းစာကဖော်ပြထားသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ အာဖဂန်သမ္မတ ဟမစ်
ကာဇိုင်းသည် ပါကစ္စတန်သမ္မတ န၀တ်ရှရစ်နှင့် ပြီးခဲ့သော အင်္ဂါနေ့က လန်ဒန်မြို့တွင် ဆွေးနွေး
ခဲ့ပြီးဖြစ်ကြောင်း န၀တ်ရှရစ်သည် အာဖဂန်ညှိနိုင်းဆွေးနွေးရေး အဖွဲ့ ပါကစ္စတန်သို့ လာရောက်
မည့် ကိစ္စကို လက်ခံခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။မူလာဘာရာဒါသည် လွတ်လပ်မှုကိုမြတ်နိုးသောသူဖြစ်လျှင် အာဖဂန်နိုင်ငံအတွင်း ၁၂ နှစ်ကြာသောင်းကျန်းမှုကို အဆုံးသတ်မည်။ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာလီဘန်သူပုန်ခေါင်းဆောင်များက လက်ခံလာအောင် တိုက်တွန်းမှာဖြစ်ကြောင်း အာဖဂန်အရာရှိများက ယုံကြည်ထားသည်။

စပြည့်ဖြိုးဝင်း
Read more...

နိုင်ငံခြားသားများအတွက် တခါသုံးမိုဘိုင်းလ်ဖုန်းဆင်းကတ်များ ရောင်းချမည်

0 comments
31.10.2013

ဆီးဂိမ်ပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံခြားသားများအတွက် ငွေကျပ် ၂၀၀၀၀ တန် တခါသုံးမိုဘိုင်းလ် ဖုန်းကတ်များထုတ်ရောင်းမည်ဖြစ်ကြောင်း၊ ယင်းမိုဘိုင်းလ်ဆင်းကတ်များသည် ပြည်တွင်းခေါ်ဆိုမှု မိနစ် ၅၀ ၊ ပြည်ပ ခေါ်ဆိုမှု ၁၉ မိနစ် ခေါ်ယူသုံးစွဲနိုင်မည်ဖြစ်ပြီး သက်တမ်း ၁ လဖြစ်ကြောင်း၊ သက်တမ်း ကာလ ၁ လ အတွင်း ထပ်မံ ငွေဖြည့်တင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၊ နိုင်ငံခြားသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် ပြသ၍ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။


Irrawaddy
Read more...

ဖြေလျှော့ပေးလိုက်ပြီဖြစ်သည့် မြန်မာကုမ္ပဏီများမှတ်ပုံတင်ရာတွင် မတည် ငွေရင်းနှင့် ကနဦးထည့်ဝင်ရမည့် ငွေပမာဏများ

0 comments

31.10.2013


ပြည်တွင်းမှာ ဆောင်ရွက်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုမ္ပဏီများ အဖြစ် ဖွဲ့စည်းမှတ်ပုံတင်ရာမှာ လုပ်ငန်းအမျိုးအစားပေါ်မူ တည်ပြီးမတည်ရင်းနှီးငွေနဲ့ ကနဦး ထည့်ဝင်ငွေတို့ကို သက်ဆိုင်ရာလုပ်ငန်း အလိုက် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။အဆိုပါ သတ်မှတ်မှုကို ဖြေလျှော့ပေး လိုက်ပြီဖြစ်တယ်လို့ ပြည်တွင်းရှိ ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီမှ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ယခင်က ရောင်းဝယ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းအစရှိတဲ့ ပြည်တွင်း ကုမ္ပဏီများမှတ်ပုံတင်ရာမှာ မတည်ရင်းနှီး ငွေရင်း ကျပ်သန်း(၁၀၀)နဲ့ ကနဦးထည့်ဝင်မှုငွေကျပ်(၅)သန်း ထားရှိရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟိုတယ်လုပ်ငန်း၊ စက်မှုလက်မှုနဲ့ ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး အစရှိတဲ့ လုပ်ငန်းများ အတွက် မြန်မာ ကုမ္ပဏီများမှတ်ပုံတင်ရာမှာ မတည်ရင်းနှီးငွေအနေနဲ့ ကျပ်သန်း(၅၀၀) အပြင် ကနဦးထည့်ဝင်ငွေအနေနဲ့ ကျပ်သန်း(၅၀)စီ ထားရှိရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုအခါမှာတော့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအ တွက် ကုမ္ပဏီများ ဖွဲ့စည်း မှတ်ပုံတင်ရာမှာ မတည်ငွေရင်းပမာဏနဲ့ ကနဦး ထည့်ဝင်ငွေပမာဏကန့်သတ်ထားခြင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယအပတ်မှာ ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးရဲ့ အတည်ပြုချက်နဲ့ ပယ်ဖျက်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

MRTV- 4
Read more...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား

0 comments
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည် ဖြစ်သည် (ကာတွန်း – စိုင်းစိုးကြည်)
31.10.2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က  ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ဖြစ်လာပြီး သမ္မတဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယ တိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “တိုင်းပြည် အတွက် အလုပ်ကြိုးစားသူ” ဖြစ်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုမည့်နေရာတွင် ပါဝင်လိမ့်မည် ဟု ထင်မြင်ကြောင်း၊ အသက် ၆၀ ပြည့်ပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

“အသက်  ၆၀ ပြည့်သွားရင် ဖြစ်နိုင်ခြေရှိတယ်လို့ မှန်းကြည့်နေကြတာပေါ့။ ကာယကံရှင် လုပ်မယ်၊ မလုပ်ဘူး ဆိုတာလည်း ဒါမျိုးတွေလည်း ပါဦးမှာပေါ့။ တွက်ရင်တော့ မှန်းလို့ရပါတယ်။ လူကြီးတွေ အားလုံးက အလုပ်ကို ကြိုးစားကြတဲ့သူတွေ ဆိုတော့၊ တိုင်းပြည်အတွက် အသက်ငယ်တုန်းမှာ အထောက်အကူပြုတဲ့နေရာမှာ ကြိုးစားကြမယ့် သူတွေဆိုရင်တော့ သူလည်းပါမယ်” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ဆိုသည်။လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ် ၁၉ ကျောင်းဆင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည်ဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အနိုင်ရရှိရေး အသည်းအသန် ကြိုးပမ်းရဦးမည်ဖြစ်ပြီး ယခု ထိပ်ပိုင်းခေါင်းဆောင် များ၏ပုဂ္ဂိုလ်ရေးအာဏာပြိုင်ဆိုင်မှု နှင့်အကွဲအပြဲများကြောင့် နိုင်ငံရေးရှုပ်ထွေးနိုင်ကြောင်း
 နိုင်ငံရေးစောင့်ကြည့် သုံးသပ်သူများက ယူဆနေကြသည်။လတ်တလော အနေအထားတွင်ပင် မဲဆန္ဒရှင် ပြည်သူများအကြား အသိအမှတ်ပြုခံလာနေရသည့် သမ္မတဦးသိန်းစိန် ဆက်လက်တာဝန်ထမ်းဆောင်မည် မထမ်းဆောင်မည်မှာ မရေရာသေးဘဲ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သော သူရဦးရွှေမန်းကလည်း သမ္မတရာထူး ထမ်းရွက်ချင်သည်ကို လူသိရှင်ကြား ဗြောင်ထုတ်ပြောထားသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက လုံလောက်သော အမတ်နေရာများ အနိုင်ရရှိလျှင်သော်မျှ မည်သူ ဒု သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခံရမည်မှာ မသေချာပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နေရာအများစုတွင် အနိုင်ရရှိနိုင်မည်ဟု ထင်မြင်ယူဆရပြီး သမ္မတရာထူးကို ယှဉ်ပြိုင်ရွေးချယ်ခံရန် ဒု သမ္မတရာထူးအတွက် မဲဆန္ဒရှင်အများအပြားက ထောက်ခံနှစ်သက်ကြသော ဒေါ်အောင်ဆန်းစုကြည်ကို အမည်စာရင်း တင်သွင်းနိုင်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မိသားစုအတွင်း နိုင်ငံခြားသား ခံယူထားသူများ နိုင်ငံတော်အကြီးအကဲ ဖြစ်ပိုင်ခွင့်မရှိဟု ပြဌာန်း ထားသောကြောင့် နိုင်ငံခြားသား သား ၂ ဦး၏ မိခင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခြေ မသေချာပေ။ထို့ကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယသမ္မတ မှာ သမ္မတဖြစ်နိုင်ခြေ အများဆုံးဖြစ်နေသောကြောင့် အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆန္ဒရှိပြီး လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရွေးကောက်တင်မြှောက်မခံရဘဲ အလိုအလျောက် နေရာရပြီးဖြစ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းမည်ဆိုပါက အကောင်းဆုံး အခြေအနေဖြစ်နေ သည်ဟု တပ်တွင်းအသိုင်းအဝိုင်းက ယူဆနေကြကြောင်း ဧရာဝတီက မေးမြန်းပြောဆိုခဲ့သောသူများ အရ သိရှိရသည်။အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း အထက်ပါ သုံးသပ်ချက်ကို သဘောတူသည်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်မတော်ဘက်က တင်မယ်ဆိုရင်တော့ သမ္မတဖြစ်နိုင်ခြေ များတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မဟုတ်ပါဘူး၊ တပ်မတော်က တင်မယ့် ဒုတိယသမ္မတက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ အလားအလာ အများဆုံးပဲ။ သူက သမ္မတဖြစ်ဖို့ ထောက်ခံမဲ ၂၅ ရာခိုင်နှုန်းက အလိုအလျောက်ရထားပြီးသား´´ဟု ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တပ်မတော်အရာရှိဟောင်းလည်းဖြစ်သူ ဦးလှဆွေကမူ အငြိမ်းစား တပ်မတော်အရာရှိများ သမ္မတ၊ ၀န်ကြီးကဲ့သို့သော နိုင်ငံရေးရာထူးရယူမည့်  အစဉ်အလာတရပ် ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ကတင်မြှောက်မယ့် ဒုတိယသမ္မတဖြစ်ဖို့ အလားအလာ မြင်နေရတယ်။ ကျနော့်အမြင်ကတော့ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ၊ လေချုပ်တွေ၊ ရေချုပ်တွေကို ပြည်ထဲရေး၊ ကာကွယ်ရေးတို့လောက်ပဲ ကောင်းတယ်။ ကျန်တာတွေက အရပ်သားပညာရှင်တွေကို ခန့်သင့်တယ်။ ပေးသင့်တယ်။ အဲလိုမြင်တယ်။ တပ်မတော်ဘက်က ဒုတိယသမ္မတကိုယ်စားလှယ် တယောက်အဆိုပြုခွင့်ရှိနေတယ်။ တဖက်မှာလည်း သမ္မတကလည်း တပ်မတော်ဘက် အရာရှိတွေကို ၀န်ကြီးတွေအဖြစ် ခန့်ခွင့်ရှိတယ်။ ကျနော် အဲဒါကို သဘောမကျဘူး” ဟု ဦးလှဆွေက ဆိုသည်။

The Irrawaddy (Burmese Version) 
Read more...

လက်နက်ကိုင် အတိုက်အခံများကို ကူညီမှုရပ်တန့်ရန် အာဆပ်ပြော

0 comments

31.10.2013
ဆီးရီးယားသမ္မတ အာဆပ်သည် ဆော်ဒီကို နိုင်ငံရေးအရအဖြေရှာရမည့် ဆီးရီးယားနိုင်ငံ၏ ပဋိပက္ခ ကို အောင်မြင်စေလိုလျှင် လက်နက်ကိုင် အတိုက်အခံများကို ငွေကြေး မထောက်ပံ့ရန် ပြည်တွင်း TV သတင်းအစီ အစဉ်တစ်ခုတွင်ပြောကြားခဲ့ကြောင်း AP သတင်းစာက ဖော်ပြ ထားသည်။

ဗုဒ္ဓဟူးနေ့က အာဆပ်သည် ကုလ- ဆီးရီးကိုယ်စားလှယ် လခါဘရက်ဟီမီနှင့် ဒမတ်စကတ်မြို့ တွင် တွေ့ဆုံရာ၌ ဆီးရီးယားပြည်သူများသည် နိုင်ငံအနာဂတ်ကို ၎င်းတို့ကိုယ်တိုင် ပုံဆောင်ရန် အခွင့်ရှိပြီး မည်သည့် ဖြေရှင်းချက်များကိုမဆို၎င်းတို့ထောက်ခံမှုရှိရမည် ဖြစ်ကြောင်းအာစပ်၏ ပြောကြားချက်ကို

 ပြည်တွင်း T.V သတင်းအစီအစဉ်က ထုတ်လွှင့်ခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်နှင့် စပ်လျဉ်း၍ နိုင်ငံရေးအရအဖြေရှာရန် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အစည်း အဝေးကို ပြုလုပ်နိုင်ရန်အတွက် မတည်ငြိမ်သေးသည့် ဆီးရီးယားသံတမန် ဆက်ဆံမှုများ ကို ဖော်ဆောင်ရန် ဘရာဟီမီသည် ဒမတ်စကတ်မြို့တွင် ရှိနေကြောင်း သိရသည်။

အစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးရန်ငြင်းဆန်နေစဉ် ဆီးရီးယားအတိုက်အခံများသည် ငြိမ်းချမ်းရေးအစည်းအဝေးကို တက်ရောက်ရန် သဘော ထားကွဲလွဲနေသေးသောကြောင့် ယင်းအစည်း အဝေးပြုလုပ်ခြင်းသည် မှေးမှိန်နေသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

စပြည့်ဖြိုးဝင်း

People Power
Read more...

မလေးရှားတပ်မတော်အသင်းနှင့် မြန်မာဘောလုံး အသင်းနှစ်သင်း နေပြည်တော်တွင် ခြေစမ်းမည်

0 comments
31.10.2013

ရဲရင့်ဌေး

လာမည့်နိုဝင်ဘာလ (၁၃) ရက်နှင့် (၁၅) ရက်များတွင် နေပြည်တော်၊ ဇေယျာသီရိကွင်း၌ မလေးရှား တပ်မတော် ဘောလုံးအသင်းနှင့် မြန်မာနိုင်ငံမှ အသင်းနှစ်သင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

မလေးရှား တပ်မတော်အသင်းသည် MNL-2 ကလပ်အသင်း မြ၀တီအက်ဖ်စီ၊ မြန်မာ ယူ-၁၉ လက်ရွေး စင်အသင်းတို့နှင့် ကစားမည် ဖြစ်သည်။ မလေးရှား တပ်မတော်အသင်း အခြေအနေနှင့် ပတ်သက်ပြီး မြ၀တီအသင်း စီအီးအို ဦးမြတ်စိုးက “သိရသလောက်တော့ မလေးရှားအသင်းမှာ တပ်မတော်သား ကစား သမားလေးငါးယောက်လောက်ပဲ ပါတယ်။ ပရော်ဖက်ရှင်နယ် ကစား သမားတွေပါဝင်တဲ့ အသင်းလို့လည်း သိရပါတယ်။ အကြိတ်အနယ် ပွဲကောင်းတွေ ဖြစ်လာမှာပါ” ဟု ရှင်းလင်း ပြောကြားသည်။

ကနဦးက မလေးရှား တပ်မတော်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရန် မြ၀တီအသင်းမှ စီစဉ်ထားသော်လည်း မလေးရှားအသင်း၏ တောင်းဆိုချက်အရ ယူ-၁၉အသင်းနှင့် ခြေစမ်းပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသော အသင်းဖြစ်ပြီး နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယား ဖိတ်ခေါ်ပြိုင် ပွဲ BIDC Cup ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မလေးရှားအသင်းနှင့် ကစားမည့် မြ၀တီအက်ဖ်စီအသင်းမှာ တပ်မတော်ကိုယ်စားပြုအသင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်မှစတင်ကာMNL-2 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


Mizzima
Read more...

ရုပ်ရှင်စတူဒီယိုကို ပြင်ဦးလွင်မြို့ ၀က်ဝံကျေးရွာတွင် ၂၀၁၄ ဧပြီလ၌ စတင်တည်ဆောက်မည်

0 comments
31.10.2013

ရုပ်ရှင်စတူဒီယိုကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ၀က်ဝံကျေးရွာတွင် ၂၀၁၄ ခုနှစ်ဧပြီလတွင် စတင်တည် ဆောက်မည်ဖြစ်ကြောင်း ရုပ်ရှင်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

၎င်းစတူဒီယိုမှာ မြေဧက ၂၀ ကျယ်ဝန်းမည်ဖြစ်ပြီး ယင်းမြေနေရာအား မန္တလေးတိုင်းဒေသကြီး အစိုးရက အောက်တိုဘာ ၃၀ ရက်တွင်နှစ် ၇၀ ငှားရမ်းရန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဇာတ်ကားများ ရိုက်ကူးရာတွင် အိမ်များ၊ သတ်မှတ်ထားသည့် နေရာများတွင်သာ ငှားရမ်းရိုက်ကူးရခြင်း ကြောင့် ကုန်ကျစရိတ်များပြားကြောင်း၊ ဒါ့အပြင် အချို့သောနေရာများတွင် ရိုက်ကူးရန် ခွင့်ပြုခြင်းမရှိ သည့်အတွက် ဇာတ်ဝင်ခန်းများအား ပေါ်လွင်အောင်တင်ပြနိုင်မှု အားနည်းခြင်းများကြောင့် ကိုယ်ပိုင်စတူ ဒီယို တည်ဆောက်ရန်အတွက် ယခုရုပ်ရှင် အစည်းအရုံးသက်တမ်းတွင် သက်ဆိုင်ရာသို့ တင်ပြတောင်းခံ ခဲ့ခြင်းဖြစ်သည်။

“နောင်နှစ်ဧပြီမှာ စဆောက်ဖို့ ရည်ရွယ်ထားတယ်။ မလေးရှား၊ ဂျပန်၊ အိန်္ဒိယကကုမ္ပဏီတွေ နဲ့ ဆွေးနွေးညှိ နှိုင်းဆဲဖြစ်တယ်။ ဒီနေ့တော့ မြေနေရာကိုသွားကြည့်ပြီး ဘယ်လိုဒီဇိုင်းနဲ့ တည်ဆောက်မယ်ဆိုတာတွေကို စပြီးလေ့လာမယ်။ အဓိကကတော့ အသံလုံပြီး နိုင်ငံတကာအဆင့်မီတဲ့ ရုပ်ရှင်စတူဒီယိုဖြစ်ဖို့ ကြိုးစားမှာ ပါ” ဟု တာဝန်ရှိသူကဆိုသည်။

“ဒီလိုစတူဒီယိုကြီးရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ ရိုက်ကူးရေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ လက်ခံမလဲမ သိတော့ ကျွန်တော်တို့ ပါဝင်ရိုက်ကူးဖို့ ဖြစ်နိုင်ပါ့မလား။ နောက်ပြီးတော့ ဈေးနှုန်းတွေအနေနဲ့ အခုရိုက် ကူးနေတာနဲ့ ဘယ်လိုကွာဟချက်ဖြစ်လာနိုင်မလဲ မသိသေးတော့ ပြောပြဖို့စောပါသေးတယ်” ဟု ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က သုံးသပ်ပြောပြခဲ့သည်။

ယခုအခါတွင် မြန်မာရုပ်ရှင်ဇာတ်ကားများကို ပွင့်လင်းရာသီတွင် ရိုက်ကူးနေကျဖြစ်သော ရန်ကုန်ရှိအိမ် များတွင် တစ်နေ့ရိုက်ကူးခနှုန်းဖြင့် ဇာတ်ဝင်ခန်းတည်ကာ ရိုက်ကူးကြပြီး မိုးရာသီတွင် ပြင်ဦးလွင်မြို့၌ ဇာတ်ကားများစွာကို တစ်စုတစ်ပေါင်းတည်း ရိုက်ကူးလေ့ရှိကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လည်း အချုပ်ခန်း၊ ဆေးရုံအစရှိသော စတူဒီယိုငယ်များဆောက်ကာ ရိုက်ကူးလျက်ရှိသည်။


Mizzima
Read more...

အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည့် သက်တမ်းကုန်ဆုံးရက် မပါဝင် သည့် အစားအသောက်များ ရောင်းချမှု

0 comments


31.10.2013

ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ကိတ်မုန့်၊ ပေါင်မုန့်၊ အအေးစတဲ့ အစား အသောက်များ ရောင်းချ ပါက သက်တမ်းကုန်ဆုံးရက်မပါဝင်တဲ့ အစား အသောက်များရောင်းချပါက အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ပြည်တွင်းရဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ကိတ်မုန့်၊ ပေါင်မုန့်နဲ့ အအေး စတဲ့ အစား အသောက်များ သက်တမ်းကုန်ဆုံးရက်မပါဝင်ဘဲ ရောင်းချမှုတွေ တွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စားသုံးသူကာကွယ်ရေး ဥပဒေမထွက် ရှိသေးတဲ့အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း အနေနဲ့ ဈေးကွက် အတွင်းရှိ မုန့်ဆိုင်များ၊ ကျောင်းမုန့်ဈေးတန်းများကို သွားရောက်စစ်ဆေးမှုတွေ သန့်ရှင်း လတ်ဆတ်တဲ့ အစားအသောက်များ ရောင်းချဖို့စတာတွေကို အသိပညာပေးမှုတွေပြုလုပ် လျက်ရှိ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ အခုလို ဈေးကွက်ထဲက မုန့်ဆိုင်များနဲ့ ကျောင်းမုန့် ဈေးတန်းများမှာ အစားအသောက်များ သန့်ရှင်းမှု၊ ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အအေးအချို့မှာ သက်တမ်းကုန် ဆုံးရက်တွေ မပါဝင်တာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲ့ဒီလို သက်တမ်းကုန်ဆုံးရက်မပါဝင်တဲ့ အစားအသောက်များ မရောင်း ချဖို့ကို အသိပညာပေးပြော ကြားခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို စစ်ဆေးမှုများကို အသိပညာပေး ကနဦးဆုံးအနေနဲ့ လှိုင်မြို့နယ်နဲ့ အင်းစိန်မြို့နယ် အတွင်းရှိ မုန့်ဆိုင်များ၊ အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်း တချို့မှာ ၀င်ရောက်စစ်ဆေးမှုတွေ ကို အောက်တိုဘာလ (၃၀)ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံစားသုံးကာကွယ်ရေးအသင်းဟာ လမ်းဘေးစားသောက်ဆိုင်များ၊ ကျောင်းမုန့်ဈေး တန်းများ၊ မြို့နယ်များမှ မုန့်ဆိုင်များရှိ ရောင်းချနေတဲ့ အစားအသောက်များကို စစ်ဆေးအသိ ပညာပေးမှုများကို အပတ်စဉ်ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


MRTV-4
Read more...

မင်္ဂလာဂုဏ်ကျက်သရေပြည့်ဝစေသည့် မင်္ဂလာအခါတော်ပေးသီချင်းနှင့် မြန်မာမင်္ဂလာဆောင်အခမ်းအနား

0 comments

31.10.2013

မြန်မာလူမျိုးတို့၏ မိရိုးဖလာယဉ်ကျေးမှုအစဉ်အလာထုံးတမ်းဓလေ့တစ်ခုဖြစ်သည့် လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာဧည့်ခံပွဲတို့တွင် မင်္ဂလာ အခါတော်ပေး တေး သီချင်း တို့ဖြင့် သီကျူး၍ အခမ်းအနားဖွင့်လှစ်ကြလေ့ရှိသည်။ သတို့သား ၊သတို့သမီး တို့၏ ဘိုးဘွားမိဘဆရာသမား မိဆွေ
သင်္ဂဟ တို့ရှေ့မှောက်၌ ချစ်ခင်စုံမက်ပေါင်း ဖက်ကြ သည့် နှစ်ဦးသားဘဝ တည်ဆောက်မှုအစကို မင်္ဂလာဂုဏ်ကျက်သရေရှိစွာ ဝိဂြိုဟ် ပြုကာညွှန်းဆိုပေးသည်က အခါတော်ပေး သီချင်းများပင်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ဧည့်ခံပွဲအခမ်းအနားတို့တွင် အခါတော်ပေး သီချင်းများတက်ရောက်သီဆိုခဲ့ဖူးကြသည့် အနုပညာရှင်များ၏ ရင်တွင်းစကားသံများကိုမေးမြန်းဖြစ်ခဲ့ပါသည်။

ရန်အောင်

မင်္ဂလာဆောင်တွေမှာ သီချင်းတွေဆိုတာက ငယ်ငယ် ကတည်းက ဆိုဖြစ်တာလည်း ပါတယ်။ သရုပ် ဆောင်ဖြစ်လာ တော့လည်းခင်မင်ရင်းနှီးတဲ့သူတွေကနည်းနည်းလောက်ဆိုပေးဖို့ ပြောလို့ နောက်ပိုင်းမှ ဆိုဖြစ်လာတာ။ မင်္ဂလာ ဆောင်မှာသီချင်းဆိုရင်းနဲ့ အခါတော်ပါပေးဖြစ် လာရော၊ သီချင်းဆို တဲ့အခါမှာ လည်း သီချင်း ချိုချိုေ အးအေးလေးတွေကို ရွေးပြီး ဆိုပေးရတယ်။ မင်္ဂလာရှိရှိလေးပေါ့။ သီချင်း တွေဆိုတဲ့အခါ ရင်းနှီးတဲ့ မိတ် ဆွေတွေက တစ်ဆင့်ဆို ဖြစ် တာ။အခု Royal Star ဆိုင်လေး ဖွင့်ထားတော့ အဲဒီက နေလည်း စီစဉ်ပြီးဆိုဖို့ လုပ်နေတယ်။


စည်သူလွင်


အဓိကကတော့ အလွမ်းသီချင်း၊အဆွေးသီချင်းတွေကိုနည်းနည်းရှောင်ရတယ်။မင်္ဂလာ ဆောင်ကကျတော့ သီချင်းရွေး ချယ်မှုအပြင် အဝတ်အစားဝတ် တာကအစ တချို့မင်္ဂလာဆောင် ရှင်တွေက အနက်ဝတ်တာ မကြိုက်ဘူး။ နောက်တစ်ခါ သူများတွေမင်္ဂလာယူနေတဲ့ အချိန်မှာ ကိုယ်ကသပ်သပ်ရပ် ရပ်လေးနဲ့ သန့်သန့်ရှင်း ရှင်း လေး ဖြစ်အောင်ပေါ့။ သိပ် ဟော့ရှော့ဝတ်လို့မကောင်းဘူး။ မင်္ဂလာယူနေတဲ့ အချိန်ဆိုတော့ တီးဝိုင်းတွေ၊ ဖျော်ဖြေရေးတွေ က သာသာယာ ယာ လေးဖြစ်အောင် Support လုပ်ပေး ရတာပေါ့။ ဒါက တစ်သက်မှာ တစ်ခါဆောင်ကြရတာ ဆိုတော့ လေ။ အထူးသဖြင့် သူများကို ကိုယ်က အလုပ်တစ်ခုတည်း အတွက်သီချင်း လာဆိုပေး တာ မဟုတ်ဘဲနဲ့ သတို့သားနဲ့ သတို့ သမီးကို ဂုဏ်ပြုတာပေါ့။ တစ် ဘဝလုံးစာလက်တွဲမယ့် မင်္ဂလာ မောင် နှံတွေအတွက် ဂုဏ်လည်း ယူပါ တယ်။ပီတိလည်းဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်း


” မင်္ဂလာဆောင်ပွဲတွေ တော့ တအားကြီးသီချင်း မဆို ပေးဖြစ်ဘူး။သိတဲ့ ခင်တဲ့သူ တွေရဲ့ မင်္ဂလာပွဲလောက်ပဲ သီချင်း ဆိုပေးဖြစ်တယ်။ မင်္ဂလာပွဲ မှာလည်း ကိုယ့်သီချင်းပဲ ကိုယ် ဆိုဖြစ်ပါတယ်။ မင်္ဂလာပွဲဆို တော့ မင်္ဂလာနဲ့ ပတ်သက်တဲ့ သီချင်းတစ်ယောက်နဲ့ တစ် ယောက်ချစ်တဲ့ သီချင်းတွေ
ဆို ပေးဖြစ်တယ်။ ဝေးနေတဲ့ သီချင်းတွေ မ ဆိုပေးဖြစ်ဘူး။

အိမ့်ချစ်

” မင်္ဂလာဆောင်မှာ သီချင်း ဆိုတာက သူ့ဓလေ့ထုံးစံလေး တွေရှိတယ်။ မနက်ပိုင်းဟို တယ်မှာဆောင်တဲ့ ပွဲလေး တွေ ကို ၂ပုဒ်၊၂ပုဒ်စီဆိုရတယ်။ ညပိုင်း dinner ကျတော့ ၃ပုဒ်၊ ၃ပုဒ်စီ ဆိုရတယ်။ဒါက သဘော သဘာဝ ပေါ့။မင်္ဂလာဆောင်ဆိုခြင်းအားဖြင့်တစ်ယောက်နဲ့တစ် ယောက်ချစ်ခင်ရင်းနှီးမှုလေး တွေရတယ်။

သီချင်းရွေးချယ်မှုကျေ တာ့ မင်္ဂလာဆောင်နဲ့ လိုက် ဖက်တဲ့ သီချင်းလေးတွေပေါ့။

ဦးသိန်းတန်သီချင်းလေးတွေ ပြန်ဆိုထားတာရှိတယ်။ ” မေတ္တာရေလှိုင်း” တို့။ အချစ်သီချင်းလေး တွေ ဆို တယ်။မင်္ဂလာဆောင်တွေ ကျ တော့ လူကြီးတွေတက်ကြတယ်။အဲဒီတော့ ပရိသတ်အရွယ်စုံမျှ သိတာပေါ့။
မင်္ဂလာဆောင်ပွဲတွေကို ဆိုရတာ ကြည်နူးမိပါတယ်။သတို့ သား၊ သတို့သမီးလျှောက်လှမ်း လာတဲ့အချိန်မှာ ကိုယ် ကသီချင်းနဲ့ support လုပ်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ “

Popular Journal
Read more...

ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို

0 comments
31.10.2013

ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်း ရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံ ရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရသင့်ရထိုက်တဲ့အစုရှယ်ရာငွေသိန်းပေါင်းနှစ်သောင်းကိုသိက္ခာရှိစွာသတင်းစာထဲကနေ ကြော်ငြာပြီး

 တောင်းတာ ပျက်ကွက်ခဲ့တဲ့အတွက် မလွှဲမရှောင်သာလို့ တရားစွဲလိုက်တာပါ”ဟု ဦးရောဘတ်စန်းအောင် မှ ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်စိုးမမမင်းက ပြည်မြို့တွင်သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်ခဲ့သည်ကို မူယာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အထက်ကခိုင်းသည်ဟုဆိုကာ ရပ်ကျေးဥပဒေဖြင့် တရားစွဲ ဆိုခဲ့ပြီး ပြည်မြို့တရားရုံးက စက်တင်ဘာလ ၂၆ရက်တွင် ဒဏ်ငွေသုံးသောင်းအမိန့်ချခဲ့သေးသည်။

“ရပ်ကျေးဥပဒေနဲ့ တရားစွဲခံခဲ့ရတယ်။ ပြည်သူတွေ အကုန်သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းတာ ပါ။ ရပ်ကွက်လူကြီးကလည်း အထက်ကခိုင်းလို့ မလုပ်မဖြစ်လုပ်ရတယ်ဆိုပြီး လာတောင်းပန်တယ်။ ပညာပေးတဲ့ပုံနဲ့ နိုင့်ထက်စီးနင်းလုပ်ပြီးတရားစွဲတယ်”ဟု ဒေါ်စိုးမမမင်းက ပြောသည်။

ဒေါ်စိုးမမမင်းအား တရားရုံးကဒဏ်ငွေသုံးသောင်းချပြီးနောက်ပိုင်း အောက်တိုဘာလ ၁၄ ရက်က ဦးဝင်း မြင့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က ပထမအကြိမ်ရုံးချိန်းတွင် လွှတ်တော် အမတ် ဦးဝင်းမြင့်က လာရောက်ခြင်းမရှိသဖြင့် နိုဝင်ဘာလ ၁၁ ရက်သို့ ထပ်မံချိန်း ဆိုခဲ့သည်ဟု ဒေါ်စိုး မမမင်းက ပြောသည်။

ဦးဝင်းမြင့်အား ယခုကဲ့သို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အခုလွှတ်တော်ရောက်နေတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် STRANDဟိုတယ်နှင့် KTV လုပ်ငန်းကိစ္စကိုလည်း ကိုယ်ရေးကိုယ်တာဖြစ်သောကြောင့် ဖြေကြားလိုခြင်း မရှိဟုဆိုသည်။


Mizzima
Read more...

တောင်ကြီးတန်ဆောင်တိုင်တွင်လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲ အမည်ခံလောင်းကစားမှုများ ခွင့်ပြုမည်မဟုတ်

0 comments
31.10.2013

နိုဝင်ဘာ၁၀ရက်၌စတင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် လောင်းကစားဝိုင်း များ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားမှုများကိုခွင့်ပြုမည်မဟုတ်ကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေးဆပ်မကော် မတီတွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက အောက်တိုဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။

၎င်းက“သည်တစ်နှစ်တော့ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲအမည်ခံ လောင်းကစားတွေ မထည့်ဘူး၊ အရင်နှစ်ကလည်း ကျွန်တော်တို့ လောင်းကစားပွဲအနေနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ပါဘူး၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ သတ်မှတ်ပေးတာကို သတ်မှတ်ချက်ဘောင်ကျော်ပြီးတော့ လောင်းကစားဝိုင်းတွေက ပုံစံပြောင်းပြီး လုပ် ဆောင်လာတာတွေရှိခဲ့တယ်”ဟုဆိုသည်

ပြီးခဲ့သည့်နှစ်ကယင်းကဲ့သို့သတ်မှတ်ချက်ဘောင်ကျော်ပြီးလုပ်ကိုင်သည့် လောင်းကစားဝိုင်းများ ကို ပြည်နယ်အစိုးရကပွဲမပြီးခင် ပိတ်သိမ်းခိုင်းခဲ့သည်ဟုလည်း ဦးတင်ဝင်းကဆိုသည်။ ယခုနှစ်တွင် လောင်းကစားမှုများကို လုံးဝခွင့်ပြုမည်မဟုတ်ဘဲ၊ ကုမ္ပဏီဆိုင်ခန်းများ၊ ဈေးရောင်းပွဲတော်၊ အစားအသောက် ဆိုင်တန်းများ၊ အ၀တ်အထည် ဆိုင်တန်းများသာပါဝင်မည်ဖြစ်သည်ဟု လည်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်မကော်မတီက သိရသည်။

လောင်းကစားဝိုင်းများပါဝင်ခွင့်မပြုခြင်းနှင့်ပတ်သက်ပြီးတောင်ကြီးဒေသခံ ဒီမိုအရပ်ဘက်လူ့အဖွဲ့အစည်း မှကိုခွန်ခမ်းကောင်က “ကျွန်တော့် အမြင်ကို ပြောရမယ်ဆိုရင်တော့ လောင်းကစားဝိုင်းတွေ လုံးဝမပါဝင် သင့်ပါဘူး၊အဝေးမှာရှိတဲ့ရွာက တောင်သူတွေ၊ တောင်ကြီးမြို့ပေါ်ကသူတွေအတော်များများက

သူတို့စုဆောင်းထားတဲ့ ငွေကြေးတွေယူလာပြီး လာလည်တတ်ကြတယ်၊ လည်ရာကနေ ပြီးတော့ လောင်း ကစားဝိုင်းတွေကြောင့်အိမ်ပေါင်၊ယာပေါင်တွေဖြစ်နေတာနှစ်စဉ်ကြားနေရပါတယ်” ဟု မဇ္ဈိမကိုပြော သည်။

ယင်းသို့ လောင်းကစားဝိုင်းများ ခွင့်ပြုမပေးခြင်းကြောင့် ရန်ပုံငွေရရှိမှုအခက်အခဲအနည်းငယ်ရှိသည်ဟု မီးပုံးပျံ ပုံသဏ္ဍာန်အကဲဖြတ်အမှတ်ပေးဒိုင်ဖြစ်သူ ဦးသန်းဇော်က ဆိုသည်။

၎င်းက “သည်တစ်နှစ်က လောင်းကစားဝိုင်းတွေပေးမထည့်တော့ ရန်ပုံငွေအင်အားအနေအထားအရ အခက်အခဲတော့ရှိတာပေါ့၊ ဒါပေမဲ့လည်း လူကြီးတွေကမဖြစ်ဖြစ်အောင် လုပ်ဆောင်မယ် ဆိုပြီးတော့ သနိ္နဋ္ဌာန်ချထားတယ်” ဟု ဆိုသည်။

၂၀၁၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဘဏ္ဍာရေးလုပ်ငန်းကော်မတီမှ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူမှုတွင် လုပ်ငန်းခြောက် မျိုးပါဝင်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ငန်း တင်ဒါမပါ ၀င်ပေ။

Mizzima - News in Burmese
Read more...

ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ

0 comments

Thursday, October 31, 2013

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။

မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်နေတဲ့ Doing Business Report ခေါ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး အခြေပြနိုင်ငံများ စာရင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီနှစ်ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့ အခြေအနေတွေ အပေါ်မုတည်ပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဖို့၊ စရိတ်စက ကြီးမားလွန်းပြီး၊ လုပ်ငန်းထူထောင်ဖို့ အဆင့်တွေက လည်း ခက်ခဲကြာမြင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ဖို့ ၇၂ ရက်လောက်ကြာမြင့်ပေမယ့် စင်္ကာပူနိုင်ငံမှာ သုံးရက်တောင် မကြာဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် ဥပဒေဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးရဦးမှာဖြစ်သလို လုပ်ငန်းကန်ထရိုက်ဆိုင်ရာ ကိစ္စတွေမှာလည်း တီမောနိုင်ငံထက် နည်းနည်းပဲသာတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

RFA
Read more...

စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး

0 comments

Thursday, October 31, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ် အရောင်းဆိုင် ၁၀ ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

ယင်းဆေးလိပ် အရောင်းဆိုင်များသည် စာသင်ကျောင်း၏ ကိုက်တစ်ရာ ပတ်လည်တွင် တည်ရှိသော ဆိုင်များဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် သတိပေး ပိတ်သိမ်းမှုပြီးပါက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအတိုင်း အရေးယူသည်အထိ ဆောင်ရွက်ရန် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ပိတ်သိမ်းခိုင်းသည့် ဆိုင်များတွင် ‘အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို ဆေးလိပ် လုံးဝမရောင်းပါ’၊ ‘ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်’ ဆိုသည့် စာတန်းပါ စတေကာများကို ကပ်ခဲ့ကြောင်း၊ တစ်ပတ်တစ်ကြိမ် လိုက်လံ စစ်ဆေးသွားရန် စီစဉ် ထားကြောင်း ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။“ဥပဒေအရ အရေးယူမယ် ဆိုရင်တော့ ပထမဆုံး ပညာပေးတဲ့အဆင့် အရင်လုပ်သင့်တာပေါ့” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က အကြံပြု ပြောဆိုသည်။

ဆေးလိပ် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ ဆေးလိပ်သောက်ခွင့် မရှိသော နေရာများတွင် ကျောင်း ပတ်ဝန်းကျင်လည်း ပါဝင်သည့်အတွက် ကျောင်းအုပ်များကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များရှိရာ ကျောင်း ပတ်ဝန်းကျင်တွင် ဆေးလိပ်ရောင်းနေသောဆိုင် မရှိစေရန် ကျောင်းအုပ်များကလည်း ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးခန်းမနှင့် ရုံးခန်းများတွင် ဆေးလိပ် သောက် သုံးမှုကို တားမြစ်ထားကြောင်း၊ ပထမအဆင့် ကျူးလွန်ပါက ပညာပေးခြင်း၊ အုပ်ထိန်းသူထံ သတိပေးခြင်းတို့ ပြုလုပ်နိုင်ပြီး ဒုတိယအဆင့် ထပ်မံကျူးလွန်လျှင် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူ ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

The Voice Weekly
Read more...

လက်ချင်းချိတ်လျက် အောင်ပွဲဆက် (ဖြစ်ရပ်မှန်ဆောင်းပါး)

0 comments

31.10.2013

အောက်တိုဘာ(၁)ရက်နေ့ နေ့လည် (၁၁) နာရီခွဲအချိန်၊ ရှမ်း ရှေ့ပိုင်း မိုင်းတုံမြို့နယ်လေးရဲ့ တစ်နေရာ ကုန်းဆင်းလေးအတိုင်း ဆိုင်ကယ် (၂)စီး မောင်းနှင်လာပြီး ရှေ့(၁)စီး မှာ ကျောက်ခဲ ချော်နင်းမိပြီး ဆိုင်ကယ်မှောက်သွားခဲ့ကာ ရေချောင်းထဲကိုကျသွားခဲ့ပါတယ်။ နောက်မှဆိုင်ကယ်မှ ကောင်လေးက
 ရှေ့ကမှောက်သွားတဲ့ ကလေးကို ဆင်းကယ်ပြီး မိုင်းတုံဆေးရုံကို အမြန်ပို့ဆောင်ဆေးကုသမှု ခံခဲ့ရပါတယ်။ ဆိုင်ကယ်စီးဦးထုတ် မဆောင်းတဲ့အတွက် ပြုတ်ကျချိန်မှာ ဦးခေါင်းကို ထိခိုက်မိပြီး နဖူးမှာ(၄)ချက် ချုပ်လိုက်ရပါတယ်။ ဦးခေါင်းထိတဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် သတိလစ်မေ့မျောလို့ နေခဲ့ပါတယ်။



မိုင်းတုံပြည်သူ့ဆေးရုံမှာ (၃)ရက် ဆေးကုပေမယ့် ပြန်လည်သတိမရတဲ့အတွက် မိုင်းဆတ်ဆေးရုံကို ဆက်လက် ပို့ဆောင်ကုသမှုခံယူခဲ့ပါတယ်။ မိုင်းဆတ်မှာလည်း ဆေးဝါး မစုံလင်တဲ့အတွက် မိုင်းဆတ်မြို့ ရှိ မဇ္ဈိမလူမှု့ကူညီရေးအသင်းခွဲနဲ့ ဆက်သွယ်ပြီး (၄.၁၀.၂၀၁၃) ညနေ (၄)နာရီခွဲအချိန် တာချီလိတ်ကို ဆက်လက် ဆေးကုသရန် မိုင်းဆတ် မဇ္ဈိမလူမှု့ကူညီရေးအသင်းသား (၃)ယောက်နဲ့အတူ တာချီလိတ် ကို ဆက်လက် ထွက်လာခဲ့ကြပါတယ်။

တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှာ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ကျွန်မထံ ဆက်သွယ် လာခဲ့ပါတယ်။ လုံးဝသတိမရတဲ့ ကလေးကို ခေါ်ဆောင်လာပါ။ အတတ်နိုင်ဆုံး ကျွန်မတို့ အသင်းမှ ကူညီ ပါ့မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ည (၈)နာရီ အချိန်မှာတော့ တာချီလိတ်ဆေးရုံ ကို ရောက်ခဲ့ ပါတယ်။

တာချီလိတ်ဆေးရုံကို မေတ္တာစေတနာသက်သက်ဖြင့် မိုင်းဆတ်မှ ကားဖြင့် ကူညီပို့ဆောင်ပေးခဲ့သော ကားပိုင်ရှင် မိုင်းဆတ်မြို့ ဝိန်းနေ၊ ဝိန်းကျောက် ရပ်ကွက်နေ ဦးသောင်းဟန် နှင့် ဒေါ်ခင်မေသန်း တို့ရဲ့ စေတနာကလည်း အံ့မခန်းပါဘဲ လေးစားပါတယ်ရှင်။ အခုလို ငွေကြေးလည်း မတတ်နိုင်၊ သွားဖို့လည်း အရမ်းခက်ခဲတဲ့ အချိန်မှာ စာနာစိတ်အပြည့်နဲ့ ကူညီပို့ဆောင်ပေးတဲ့ စိတ်ဓာတ်တွေကို ကျွန်မလေးစားဂုဏ်ယူမိပါတယ်။

တာချီလိတ်ဆေးရုံရောက်ပြီဆိုတော့ ကျွန်မဆေးရုံမှာ ကြိုစောင့်နေပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တာများ ပြုလုပ်ပေးရင်းနဲ့၊ ကျွန်မတို့ ဥက္ကဋ္ဌကို သတင်းပို့ အကြောင်းကြားလိုက်ပါတယ်။ (၁၀)မိနစ်အတွင်း အသင်းရဲ့ဥက္ကဋ္ဌ ဦးတင့်ဆွေ ရောက်လာပြီးလူနာကလေးကိုလိုအပ်တာ ဆောင်ရွက်ပေး ဖို့ ဆေးကုသပေးဖို့ ပြောကြားခဲ့ပါတယ်။

သတိလစ်မေ့မျောနေတဲ့ ကောင်လေးအမည်ကို မေးကြည့်တော့ မောင်ဝင်းထွန်းဝင်း အသက် (၂၇)နှစ် ရှိပြီဖြစ်ကြောင်းနဲ့တကွ ကျိုင်းတုံမြို့အလုပ်သမားကျေးရွာမှာ အမေရယ်၊အဖွားရယ်၊ မောင်နှမ(၆)ယောက် ရှိပြီး သားအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လက်သမား ပညာတတ်တဲ့အတွက် မိုင်းတုံမြို့မှာ ညီအကို(၂)ယောက် အလုပ်သွားလုပ်နေကြောင်း၊ ပါလာတဲ့ ညီဖြစ်သူက ပြောပြပါတယ်။ အမေက ကျပန်းလုပ်ပြီး၊ အဖွားက ကုန်စိမ်းရောင်းတယ်လို့ သိရပါတယ်။ တစ်နေ့လုပ် တစ်နေ့စားရတဲ့ မိသားစုအတွက် ဆေးကုသဖို့ ဘယ်တတ်နိုင်ပါ့မလဲရှင်။ ဆေးကုသစရိတ်မရှိရင်တော့ အသက်ဆက်ရှင်ဖို့ ဘယ်လွယ်နိုင်ပါ့မလဲ။

(၅)ရက်မြောက်ထိ သတိရခြင်းမရှိသေးပါဘူး။ သိတချက် မသိတချက်နဲ့ ဝေဒနာကို ခံစားနေရ တဲ့ မောင်ဝင်းထွန်းဝင်းကို ကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ မိခင်နဲ့ ဝေးတဲ့အရပ်မှာ အလုပ်သွားလုပ်ပြီး ယခုလို ဝေဒနာပြင်းထန်စွာ ခံစားနေရတာကို အမေနဲ့ အဖွားတွေ့ရင် ဘယ်လောက်သောကတွေ ခံစားရမလဲလို့ တွေးမိပါတယ်။ သတိလစ်မေ့မျောနေတဲ့ ကောင်လေးကို ကျွန်မတို့ အသင်းမှ တာဝန်ယူဆေးကုသပေးခဲ့ပါတယ်။ သူရဲ့ အမေနဲ့ အဖွားကိုလည်း အကြောင်းကြားခဲ့ပါတယ်။

၆.၁၀.၂၀၁၃ နေ့မှာတော့ (၅)ရက်လုံးလုံး မေ့မျောနေတဲ့ မောင်ဝင်းထွန်းဝင်းဟာ သေဆုံးခြင်းကို ကျော်လွန်ပြီး ပြန်လည်သတိရလာခဲ့ပါတယ်။ သူ့ကံတရားကတော့ ဝမ်းသာစရာပါဘဲ။ စွန့်ပစ်ရတော့မလားလို့ စောင့်ကြည့်နေကြတဲ့ ညီလေးနဲ့ သူငယ်ချင်း၊ ကျွန်မတို့အသင်းသားတွေ အတွက် ဝမ်းသာစရာသတင်းပါဘဲ။ အဖွားနဲ့အမေရဲ့ မေတ္တာတွေ ပို့လွတ်လို့ သတိပြန်ရလာသလားလို့ ထင်မိပါတယ်။ မကြာခင် အချိန်မှာဘဲ အဖွားနဲ့အမေ ရောက်လာခဲ့ပါတယ်။

သတိရစကလေးကို တွေ့ရင်ဘဲ အဖွားနဲ့အမေ ဖက်ငိုလိုက်တော့ ကျွန်မဖြင့် စိတ်ထဲမှာ သနားမိပါတယ်။ နောက်တော့ တစ်ဆင့်တိုးလို့ ရေနဲ့နို့ တိုက်ကျွေးတာ သောက်လာတဲ့ အဆင့်ဖြစ်လာပါတယ်။ ဒါဟာလည်း တာချီလိတ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိဆရာဝန်၊ ဆရာမများရဲ့ ကူညီဆေးကုသပေးမှုကြောင့်လည်း အမြန်ဆုံးကောင်းလာရခြင်းပါဘဲ။ ကောင်လေး သတိရလာတာ သိရတော့ ကုသပေးနေတဲ့ ဆရာဝန်ကြီးနဲ့တကွ ဆရာမတွေလည်း ဝမ်းသာနေကြ တာတွေ့ရပါတယ်။ ကောင်လေးကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

၇.၁၀.၂၀၁၃ နေ့မှာတော့ မိဘအိမ်က ကျိုင်းတုံမှာရှိတဲ့အတွက် ဆေးကုသမှုကို ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆက်လက်ဆေးကုသလိုက်ကြောင်း လူနာရှင်ဖြစ်တဲ့ အဖွား နဲ့ အမေက ပြောလာတဲ့အတွက် ဆရာဝန်များနဲ့ တိုင်ပင်ပြီး ကျွန်မတို့ နေ့လည် (၁၁) နာရီ အချိန်မှာ အသင်းရဲ့ကားနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်နိုင်ရန် ကျွန်မတို့ ဥက္ကဋ္ဌ ဦးတင့်ဆွေ မှ အစစအရာရာ ဆေးကုသရိတ်၊ စားစရိတ်နဲ့ လိုအပ်တဲ့ အောက်စီဂျင်ဘူး အရေးပေါ်သုံးရန်က အစ စီစဉ်ပေးပြီး ကျိုင်းတုံမြို့သို့ ကျွန်မနဲ့တကွ အသင်းသူ(၂)ယောက်၊ အသင်းသား(၂)ယောက် လိုက်ပါပို့ဆောင် ပေးခဲ့ကြပါတယ်။ ကျိုင်းတုံပြည်သူ့ဆေးရုံကို ညနေ (၃)နာရီအချိန်မှာ ရောက်ခဲ့ပါတယ်။

ကျိုင်းတုံရောက်တယ်ဆိုရင်ဘဲ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များလူမှု့ကူညီရေးအသင်းမှ ဦးကျော်သူအောင် ကိုယ်တိုင် လာရောက်စောင့်နေပြီး ဆေးရုံတက်နိုင်ရန် ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ ကျိုင်းတုံဆေးရုံ၌ လိုအပ်တဲ့ ဆေးကုသမှုခံယူရန်အတွက် ဆရာဝန်များထံ အပ်နှံပေးပြီး လိုအပ်သော ဆေးများဝယ်ပေးခဲ့ပြီး ဆက်လက်ဆေးကုသနိုင်ရန်လည်း အသင်းမှ ဆေးကုသစရိတ်ကို အဖွားထံမှာ လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းပေးတဲ့ ငွေကိုကိုင်ပြီး မျက်ရည်ကျ ဝမ်းသာစွာ လက်ခံခဲ့တဲ့အဖွားက ပြောလိုက်တဲ့ စကားကြောင့် ပင်ပန်းသမျှတွေ အမောပြေသွားခဲ့ပါတယ်။

အဖွားက ဘာပြောလဲဆိုတော့ အဖွားတို့မှာ ဆေးကုသစရိတ်မရှိတဲ့အတွက် ဒီကလေးခုလို အသက်ရှင်မှာ မဟုတ်ပါဘူးတဲ့၊ ဆရာတို့ ဆရာမတို့ မဇ္ဈိမလူမှုကူညီရေးအသင်းကသာ ကူညီဆေးကုသ၊ ကူညီစောင့်ရှောက်ပေးလို့ သူ့မြေးလေး ယခုလို အသက်ရှင်ခွင့်ရတာမို့ ကျေးဇူးတင်လွန်းလို့ ဘယ်တော့မှ မမေ့ကြောင်း ပြောပါတယ်။ ဒီစကားကြားရတော့ ကျွန်မရင်ထဲ ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ ဥက္ကဋ္ဌနဲ့ အသင်းကြီးရဲ့ ကူညီစောင့်ရှောက်မှု့ကြောင့် လူတစ်ယောက် အသက်ရှင်သွားရပြန်ပြီဆိုတဲ့ ဝမ်းသာပီတိဟာ ရင်ထဲမှာ စဉ်းစားတိုင်း သာဓုခေါ်မိပါတယ်။ ညနေ(၄)နာရီ (၁၅)မိနစ်မှာတော့ ကျွန်မတို့ ကျိုင်းတုံဆေးရုံမှ တာချီလိတ်ကို ပြန်ဖို့ နှုတ်ဆက်တဲ့အချိန်၊ လူနာဖြစ်တဲ့မောင်ဝင်းထွန်းဝင်း ရဲ့ နှုတ်မှ ကျေးဇူးတင်ပါတယ်ဗျာလို့ ပြောလိုက်တဲ့ အသံကြားရတော့ပြန်ခါနီး ကျွန်မတို့အသင်းသူ၊ အသင်းသားတွေ အံ့သြသွား စေပါတယ်။ ကောင်လေးရဲ့ အဖွားက ဆရာတို့ ဆရာမတို့တွေ ရဲ့ မေတ္တာကြောင့် ကျွန်မတို့ မြေးလေး အသက်ပြန်ရှင်ပြီတဲ့လေ။ ကျွန်မတို့လည်း ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ လူ့အသက်တစ်ချောင်းကို သေတွင်းမှ ကယ်လိုက်နိုင်တဲ့အတွက် တာချီလိတ်အပြန် ကျွန်မတို့အဖွဲ့ ပေါ့ပါးလန်းဆန်းတက်ကြွ နေခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ပြန်သုံးသပ်မိတယ်ဆိုရင် ပထမအချက် ပြည်သူလူထုအားလုံး ဆိုင်ကယ်စီးရင် ဦးထုတ်ဆောင်းပါလို့ ကြေငြာနေတဲ့ ယာဉ်ထိန်းရဲတွေကို ကျေးဇူးတင်ရမှာပါ။ ဦးထုတ်မဆောင်းဘဲ ဆိုင်ကယ်စီးခဲ့တဲ့အတွက် ဆိုင်ကယ်မှောက်ချိန်မှာ မောင်ဝင်းထွန်းဝင်း တစ်ယောက် ဦးခေါင်း မှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအားလုံး ဒီဖြစ်ရပ်လေးကို ကြည့်ပြီး သင်ခန်းစာ ယူလို့ ဆိုင်ကယ်ဦးထုတ်လေးတွေ ဆိုင်ကယ်စီးတိုင်း ဆောင်းစေချင်ပါတယ်။

နောက်တစ်ချက်ကတော့ ကားလမ်းတလျှောက် လူနာရဲ့ လက်ကလေးကို ကိုင်ပြီး နှုတ်မှ တဖွဖွ တရားတော်တွေရွှတ် မေတ္တာတွေပို့နေတဲ့ အမေနဲ့ အဖွားအိုတို့ရဲ့မေတ္တာတွေ၊ သားအချစ် မြေးအနှစ် ဆိုတဲ့အတိုင်း အဖွားတစ်ယောက်ရဲ့ တုန်ရီနေတဲ့ လက်တွေဟာ မြေးအတွက် အားဆေးသဖွယ် ဆုတ်ကိုင်ယုယပေးနေတဲ့ မေတ္တာအကြင်နာတွေကို တွေ့ရပြန်ပါတယ်။

မောင်ဝင်းထွန်းဝင်း ယခုလိုသတိရ ပြန်လည်ကောင်းမွန်လာခြင်းဟာ ကျွန်မတို့ ပရဟိတလုပ်ကြတဲ့ အသင်းတွေ တစ်သင်းနဲ့တစ်သင်း ချိတ်ဆက်မိနေကြလို့ ပိုပြီး အောင်မြင်တာကိုလည်း ကျွန်မကိုယ်တိုင် မြင်တွေ့နေရပါတယ်။ မိုင်းဆတ်မဇ္ဈိမလူမှု့ကူညီရေးအသင်းမှ  တာချီလိတ်မဇ္ဈိမလူမှု့ကူညီရေးအသင်းကို လွှဲအပ်ပြီး ကျိုင်းတုံနှလုံးလှပိုင်ရှင်များလူမှုကူညီရေး အသင်းတို့ တသွေးထဲ တသားထဲ စိတ်ဓာတ်တူညီစွာ ချိတ်ဆက်ကူညီခဲ့ကြလို့ အသက်တစ်ချောင်း ရှင်သန်ခွင့်ရသွားတာဟာ ကျွန်မတို့ ပရဟိတ လုပ်ဆောင်မှုရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုပါဘဲ။

ကျိုင်းတုံမြို့ အပြန်လမ်းမှာတော့ ပီတိတွေကိုယ်စီနဲ့ ကျွန်မတို့ အသင်းသူ၊ အသင်းသားတွေ ပျော် ရွှင်နေကြပါတယ်။ မောင်ဝင်းထွန်းဝင်း တစ်ယောက် ဒီထက်ပိုပြီး အမြန်ဆုံး ကျန်းမာ၍ ဒီအမေ၊ ဒီအဖွားတွေနဲ့ ပျော်ရွှင်စွာ ကျန်းမာပြီး အလုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေး အသင်းရဲ့ မေတ္တာဂရုဏာတွေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
ဆောင်းပါးရှင်။     ။ ဒေါ်သန်းသန်းဌေး ( မဇ္ဈိမလူမှုကူညီရေးအသင်း )
Read more...

ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ရပ်တန့်ရေး ချင်းအဖွဲ့ အစည်း များ ပူးပေါင်း ဆောင်ရွက်ရန်ဆွေးနွေးမည်

0 comments
31.10.2013

ချင်း ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုများ ရပ်တန့်ရေးအ တွက် ချင်းအဖွဲ့အစည်းများအား လုံး ပူးပေါင်းဆောင်ရွက်ပေးနိုင် ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇို ဇမ် က ပြောသည်။

နိုဝင်ဘာ၁၂ရက်မှ၁၅ရက်အထိချင်းပြည်နယ်ဟားခါးမြို့၌ ပြုလုပ်မည်ဖြစ်သော ချင်းအဖွဲ့ အစည်းများ အားလုံး တက်ရောက် မည့် ချင်းအမျိုးသား ညီလာခံတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

''၂၀၀၄ ခုနှစ်လောက်ကစပြီး ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ် မဏိပူရနဲ့ ထိစပ်နေတဲ့နေရာတွေ မှာ ဘိန်းစိုက်ပျိုးမှုတွေ မြင့်လာ ပါတယ်။ ဘိန်းကုန်ကူးတာတွေက လဲများလာပါတယ်။အမျိုးသား ရေးအတွက် ဘိန်းနဲ့ပတ်သက်ပြီး အားလုံး ဝိုင်းဝန်းဖြေရှင်းပေးကြ ဖို့ဆွေးနွေးသွားမှာပါ''ဟု ဦးဇို ဇမ်က ပြောသည်။

နယ်စပ်လုံခြုံရေး အားနည်း မှုများကြောင့် ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ် ထိစပ်နေသော မြို့များတွင် ဘိန်းစိုက်ပျိုးဧက ၅၀၀ ကျော်ခန့်ရှိပြီး မူးယစ်ဆေး ဝါးကုန်သွယ်မှုမှာလည်း အလွန် ပင်များပြားနေကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးသူ ချင်းအမျိုး သားတစ်ဦးက ''အဓိကကတော့ ဝင်ငွေပေါ့ဗျာ။ ဘာမှလုပ်စားလို့ အဆင် မပြေတော့ မြေလွတ်တွေ မှာ ဘိန်းတွေစိုက်တယ်။ တချို့က ဘိန်းကုန်ကူးတယ်။ ဆင်းရဲလွန်း တာကနေ ဒီလိုတွေဖြစ်လာတာ ပါ''ဟု ပြောသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အားနည်းမှုများ ကြောင့် ချင်းပြည်နယ်နှင့် ကဘော် ချိုင့်ဝှမ်းဒေသများ ဖြစ်ကြသော ကလေးမြို့နှင့် တမူးမြို့များတွင်လူငယ်အများစု၏မူးယစ်ဆေးဝါး သုံးစွဲမှုအရေအတွက်မှာ မြင့်မား လာကြောင်း အဆိုပါဒေသမှလူမှု ရေးအဖွဲ့အစည်းများနှင့် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များက ပြောကြားနေကြသည်။

ငယ်ထွေး(ကလေး)
Yangon Media Group
Read more...

မေမြို့မှာလုပ်နေတဲ့ အာဆီယံကြည်းတပ်များ သေနတ်ပစ်ပြိုင်ပွဲ

0 comments















31.10.2013

ဒီနှစ်အတွက် အာဆီယံ ကြည်းတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ (AARM) ကို ကျင်းပဖို့ အလှည့်ကျ တာကတော့ မြန်မာနိုင်ငံဖြစ်ပါတယ်။ဒါဟာ AARM ကို မြန်မာပြည်က အိမ်ရှင် နိုင်ငံအဖြစ် ပထမဦးဆုံး အကြိမ် လက်ခံ ကျင်းပခြင်းပါပဲ။ အကြိမ်အားဖြင့် ဆိုရင် ၂၃) ကြိမ်မြောက် AARM ပါ။ ခါတိုင်းတော့ တခြားသော အာဆီယံတိုင်းပြည်များမှာပဲ ကျင်းပခဲ့တာပါ။

မနေ့က အစပြုတဲ့ ဒီပွဲကို ပြင်ဦးလွင်မြို့ (မေမြို့) မှာ ၁၁ ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

AARM ကို အောက်ဖော်ပြပါ နိုင်ငံများမှာ ကျင်းခဲ့ပါတယ်။

မလေးရှား - ၁၉၉၁၊ ၁၉၉၇၊ ၂ဝဝ၃၊ ၂ဝ၁ဝ (၄) ကြိမ်
အင်ဒိုနီးရှား - ၁၉၉၂၊ ၁၉၉၈၊ ၂ဝဝ၄၊ ၂ဝ၁၁ (၄) ကြိမ်

ဘရူနိုင်း - ၁၉၉၃၊ ၁၉၉၉၊ ၂ဝဝ၅၊ ၂ဝ၁၂ (၄) ကြိမ်
ထိုင်း - ၁၉၉၄၊ ၂ဝဝဝ၊ ၂ဝဝ၇ (၃) ကြိမ်

ဖိလစ်ပိုင် - ၁၉၉၅၊ ၂ဝဝ၁၊ ၂ဝဝ၈ (၃) ကြိမ်
စင်ကာပူ - ၁၉၉၆၊ ၂ဝဝ၂၊ ၂ဝဝ၉ (၃) ကြိမ်
ဗီယက်နမ် - ၂ဝဝ၆ (၁) ကြိမ်

ဒါကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့က လော၊ ကမ္ဘောဒီယားတို့ပဲ ကျန်ပါတော့တယ်။
သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ မြင်ကွင်းများကို AARM စာမျက်နှာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

Irrwaddy
Read more...

ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ

0 comments

Thursday, October 31, 2013

အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။

အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://jenniferdewalt.com/
အောင်ခမ်း (TSJ Team)
Read more...

အစိုးရထုတ် သတင်းစာကာတွန်းများသည် အဆင့်မမှီဟု ကာတွန်းအသိုင်းဝိုင်း ဝေဖန်

0 comments
 31.10.2013

 အစိုးရထုတ်သတင်းစာများတွင် ပါရှိသည့် ကာတွန်း များသည် အဆင့်မမီသော ကာတွန်းများဖြစ်ကြောင်း ကာတွန်းအသိုင်းအဝိုင်းက ဝေဖန်ပြောကြားသည်။အစိုးရသတင်းစာများတွင် ဖော်ပြပါရှိသည့် ကာတွန်း
များသည် ပုဂ္ဂလိက သတင်းစာများတွင် ပါနေသည့် ကာတွန်းများထက် အများကြီး အဆင့်နိမ့်နေကြောင်း၊
၎င်းတို့သည် ပုဂ္ဂလိကသတင်းစာများလောက် ပွင့်လင်းမှု မရှိသေးကြောင်း ယခင်အစိုးရလက်ထက်ကဲ့သို့ အစိုးရအာဘော် သက်သက်မဟုတ်သော်လည်း ကာတွန်းများက အနှစ်သာရမရှိကြောင်း ကာတွန်း ဝင်းအောင်ကပြောကြားသည်။

မဆလနှောင်းပိုင်းနှင့် န၀တ၊ နရဖစသော ယခင်အစိုးရ လက်ထက်တွင်ဖော်ပြခဲ့သည့် သတင်းစာ
ကာတွန်းများသည် အစိုးရ၏ပေါ်လစီများကို ၀ါဒဖြန့်ချီသည့် ပိုစတာအဆင့်သာရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။“အဲဒီကာလက သတင်းစာမှာလည်း တကယ့် ကာတွန်းဆရာစစ်တွေ က ၀င်မရေးဘူး။ တကယ့်ခံယူ ချက်နဲ့ရေးတဲ့ ကာတွန်းဆရာတွေက ၀င်မရေးတော့ဘူး။ အဲဒီကာလမှာပေါ့”ဟု ကာတွန်းဝင်းအောင်က ပြောကြားသည်။၁၉၇၀ အစောပိုင်းကာလများတွင် ကာတွန်းဆရာများသည် သတင်းစာများတွင်သာအဓိကရေးဆွဲခဲ့ပြီးယင်းအချိန်ယင်းအချိန်ကမဂ္ဂဇင်းများတွင်မူ နိုင်ငံရေးနှင့်ခေတ်ကို ထင်ဟပ်သည့် ကာတွန်းများကို ဖော်ပြမှု နည်းပါးသေးကြောင်း ကာတွန်းမောင်မောင်အောင် က ပြောကြားသည်။

ယခင်အစိုးရလက်ထက် အစိုးရပိုင်သတင်းစာများတွင် အစိုးရအာဘော်များနှင့် အတိုက်အခံများအား ပုဂ္ဂိုလ်ရေး အရ လှောင်ပြောင်တိုက် ခိုက်သည့် ကာတွန်းများကိုသာ အစဉ်တစိုက်ဖော်ပြခဲ့ကြောင်း ကာတွန်း ဆရာအချို့ကပြောကြားသည်။“ ကာတွန်းဆရာ တစ်ယောက်ထဲတောင်မှ အစိုးရ
သတင်းစာနဲ့ ပုဂ္ဂလိက သတင်းစာမှာ ရေးတာမတူဘူး’’ဟု ကာတွန်းဝင်းအောင်က ဆိုသည်။
လက်ရှိအစိုးရလက်ထက်တွင် ပုဂ္ဂလိကပိုင်သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့ခြင်းကြောင့် ပုဂ္ဂလိကပိုင် သတင်းစာများ ထုတ်ဝေခွင့်ပြု ခဲ့ခြင်း ကြောင့် ပုဂ္ဂလိကပိုင်သတင်းစာအချို့ထွက်ရှိ လာပြီး ယခင်ထက် ပိုမိုလွတ် လပ်စွာ ကာတွန်းရေး ဆွဲခွင့်များရရှိလာကြောင်း နေ့စဉ် သတင်းစာများတွင်ရေးသားနေသည့် ကာတွန်းဆရာ အချို့က ပြောကြားသည်။

ရေးသားသူ-ထွဏ်းထွဏ်းဝင်း
Read more...

ချောင်းသာ၌ မြန်မာ့အကြီးဆုံး နဂါးရုံဘုရား တည်ဆောက်

0 comments


ချောင်းသာ-ငွေသောင်ယံလမ်းပေါ်ရှိ အမှတ် ၆ ရပ်ကွက်တွင်မြန်မာနိုင်ငံ၏ အကြီးဆုံး ဒီပါအေးမြ မဟာ နဂါးရုံဘုရားကို တည်ဆောက်လျက် ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း နဂါးရုံဘုရား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့က People Power သတင်းစာသို့ပြော ကြား သည်။ ယင်းနဂါးရုံဘုရားကြီးကို စတင်တည်ဆောက်စဉ်က နဂါးရုပ်တစ်ရုပ်တည်းဖြင့် တည်ဆောက် ထားသော်လည်းနောက်ပိုင်းတွင် နဂါးခုနှစ် ကောင်ကို ထည့်သွင်းတည်ဆောက် ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့်ရှိကြောင်း ယင်းဘုရားကိုတာဝန်ယူတည်ဆောက်သည့် ပန်းရံဆရာ ဦးအာနိုးက ပြော ကြားသည်။

“ဒီဘုရားကြီး ပြီးသွားရင် မြန်မနိုင်ငံမာရှိတဲ့ နဂါးရုံးတွေထဲမှာ အကြီးဆုံးဖြစ်လာမယ်” ဟု ၎င်းကပြော ကြားသည်။ဘုရားကြီးပြီးစီးသွားပါက ချောင်းသာကမ်းခြေသည် အပန်းဖြေစရာနေရာသာမက ဘုရားဖူး များပါ စည်ကား လာနိုင်ကြောင်း ချောင်းသာရွာတွင် ဆိုင်ကယ်ကယ်ရီသမား ဦးအောင်လေး က ဆိုသည်။အဆိုပါ နဂါးရုံဘုရားကြီးကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပြီး ပထမတည်ထား စဉ်က နဂါးမှာ ကျိုးကျသွားသဖြင့်၂၀၁၂ ခုနှစ်တွင် ကတည်းကပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း ဘုရားဂေါပကထံမှသိရှိရသည်။

အေးငြိမ်းသူ
People power
Read more...

ငွေစက္ကူအတုနှင့် အတုထုတ်သည့် စက်နှစ်လုံးဖမ်းဆီးရမိသည့်အမှုမှ ကျူးလွန်သူများကို CID မှ တရားစွဲရန် စီစဉ်

0 comments

တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် အောက်တိုဘာလအတွင်း ငွေစက္ကူအတုကျပ်သိန်းငါးဆယ်နှင့် ငွေစက္ကူအတု ထုတ်သည့် စက်နှစ်လုံး ဖမ်းဆီးရမိသည့်အမှုတွင် ကျူးလွန်သူများကို တရားရုံးသို့ တရား စွဲဆိုတင်ပို့နိုင်ရန် စီစဉ်နေကြောင်း အင်းစိန် CID ရဲတပ်ဖွဲ့မှ သိရှိရသည်။ယင်းအမှုတွင် ကျူးလွန်သူများကို အောက်တိုဘာ ၁၃ ရက်တွင် တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို CID ရဲတပ်ဖွဲ့မှ ကိုင်တွယ် စစ်ဆေးလျက်ရှိသည်။ ဖြစ်စဉ်မှာ တာမွေမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် တောင်ဒဂုံမြို့နယ်နေ မလွင်လွင်ခိုင်(ခ) သိမ့်သိမ့်ထံမှ တစ်ထောင်ကျပ်တန် ငွေစက္ကူအတု(၄၁၀)ရွက်ကိုဖမ်းဆီးရမိခဲ့ပြီး၎င်းမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မျိုးသူရထံမှ ငွေကျပ် ၄သိန်းဖြင့်ဝယ်ယူခဲ့ကြောင်းထွက်ဆိုခဲ့သည်။ထို့နောက် တောင်ဥက္ကလာပမြို့နယ်နေ မျိုးသူရနေအိမ်ကို ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတမ်းပါ တစ်ထောင်တန်ငွေစက္ကူအတု (၁၉၉၇)ရွက်ကို စစ်ဆေးတွေ့ရှိခဲ့သည်။အင်းစိန် CID ရဲတပ်ဖွဲ့မှ တောင်ဥက္ကလာပမြို့နယ်နေ ကွင်းဆက်တရားခံ မျိုးသူရနှင့် ခင်ဇော်ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ထောင်တန်ငွေစက္ကူအတု (၂၆၃၄) ရွက်၊ ငွေစက္ကူအတုပြုလုပ်သည့် စက်နှစ်လုံးနှင့်အတူ ဆက်စပ်ပစ္စည်းများကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ငွေစက္ကူအတုစုစုပေါင်း (၅၀၄၃) ရွက်ဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ယင်းအမှုကို တာမွေမြို့မရဲစခန်းမှ (ပ) ၄၅၁/၁၃ ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၁၀၅/၁၀၆ ဖြင့်အမှုဖွင့်ခဲ့ပြီး အင်းစိန် CID ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။

EMG
Read more...

ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ တရားမျှတစွာ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

0 comments
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ လာရောက်လေ့လာသော ပါတီဝင်များအား ရှင်းလင်းပြောကြားနေစဉ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ဥပဒေနှင့်အညီ တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာ ၃၀ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ခိုင်ဖြိုး ပါတီဝင်များသည် အခြားပါတီဝင်များကို ရန်သူဟု သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်ဟု သဘောထား ဆက်ဆံရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ အကျိုးစီးပွား ကိစ္စများ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အဖြစ် သဘောထား ရမည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် တရားမျှတသောနည်းဖြင့် ပြိုင်ဆိုင်ရမည်ဖြစ်ပြီး မတရားသဖြင့် ယှဉ်ပြိုင်မှုကို လက်ခံမည် မဟုတ်ကြောင်း ပါတီဝင်များကို သတိပေး ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ ပါတီအနေနဲ့ ခံယူထားပါတယ်။ တရားသဖြင့် ယှဉ်ပြိုင် ရမယ်။ မတရားနည်းနဲ့ ယှဉ်ပြိုင်ခွင့်မရှိဘူး။ မဖြစ်စေရဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မျှမျှတတ၊ ဥပဒေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်စေရမယ်" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များကို ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါတီအနေဖြင့် လေ့လာသုံးသပ်ရာတွင် လည်း နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရန်အတွက်လည်း မှာကြား ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ ပါတီအနေနဲ့ ခံယူထားပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ရမယ်။ မတရားနည်းနဲ့ ယှဉ်ပြိုင်ခွင့်မရှိဘူး။ မဖြစ်စေရဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မျှမျှတတ၊ ဥပဒေနဲ့အညီ  ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်စေရမယ် . . . 
ထို့အပြင် ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်ရာ၌ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းများကို လွှတ်တော်သို့ ရောက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံရေး ပါတီတစ်ခု ရပ်တည် ရှင်သန်နိုင်ရေးအတွက် ပြည်သူလူထု၏ ထောက်ခံမှုမပါရှိဘဲ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ သဘောထား၊ လိုလားချက်၊ အခွင့်အရေးတို့ကို ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူချစ်သော ပါတီ၊ ပြည်သူ လိုလားသော ပါတီဖြစ်မည် ဖြစ်ကြောင်း လည်း သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ဦးဆောင်ဆောင်ရွက်ခဲ့သကဲ့သို့ ပါတီတွင်း၌လည်း ဒီမိုကရေစီ ကျင့်စဉ်များ ကျင့်သုံးလျှက်ရှိကြောင်း၊ လွှတ်တော်တွင်းသို့ ရောက်ရှိ ခဲ့ပြီး နောက်ပိုင်းလည်း ပြည်သူတို့၏ လိုလားချက်များအတွက် လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပါတီအား တိုက်ခိုက် ပြောဆိုမှုများ ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်ခိုင်ဖြိုး ပါတီဝင်များက ၎င်းတို့၏ လုပ်ဆောင်နေမှုများကို တင်ပြခဲ့ကြကြောင်း သိရသည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပါတီဝင်များ တွေ့ဆုံပွဲသို့ ပါတီဝင် ၆၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ၀င်ရောက် အရွေးချယ်ခံခဲ့သည်။

EMG
Read more...

စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းများ၏ နောက်ဝယ်

0 comments
31.10.2013

အဖွဲ့အစည်း၊ အစုအဖွဲ့မှသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှု တိုးတက်မှုအတွက် ကောင်းမွန် မှန်ကန်သော စီမံခန့်ခွဲမှုက အရေးပါသည်။ စီမံခန့်ခွဲမှု အလွဲများကြောင့် ကျရှုံးခဲ့ရသော၊  ပြဿနာများစွာနှင့် ရင်ဆိုင်နေရသော အဖွဲ့အစည်းများ၊ နိုင်ငံများက ဥပမာယူစရာ အများအပြား ရှိနေသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း အစိုးရသစ်နှင့်အတူ ပြောင်းလဲမှုများအတွက် နိုင်ငံတကာက အသိအမှတ်ပြုခဲ့သော်လည်း မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု အလွဲများ၏ အကျိုးဆက် သင်ခန်းစာများစွာ ရှိနေသည်။စီမံခန့်ခွဲမှုညံ့ဖျင်းမှု ပြဿနာ(Mismanagement) ကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသည်က အဂတိလိုက်စားမှု ပြဿနာ (Corruption) ပင် ဖြစ်သည်။ Corruption ကြောင့်Mismanagement ဖြစ်ရပြီး Mismanagement ကြောင့်ပင် Corruption ပြဿနာ ပိုမိုကြီးထွား ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့် ခရိုနီစီးပွားရေး လက်ဝါးကြီး အုပ်မှုနှင့်အတူ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားကာ အကျိုးစီးပွားထိပ်တိုက်တိုးမှု ပြဿနာများ ပေါ်ပေါက်လာရသည်။ ထို့နောက် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများနှင့်အတူလူမှုရေး ပေါက်ကွဲမှုများကြောင့်ဆန္ဒပြမှုများ၊အခွင့်အရေး တောင်းဆိုမှုများ ဖြစ်လာတော့သည်။ ထို့နောက်တွင် မတည်ငြိမ်သော နိုင်ငံများအတွက် တရားဥပဒေ စိုးမိုးရေးနှင့်အတူ လက်နက်ကိုင်တို့၏ အခန်းကဏ္ဍများနှင့်အတူ  ပြည်တွင်းစစ်သို့ ဦးတည်တတ်သော သဘောတရားများကို သတိပြုရန် လိုမည်ဖြစ်သည်။ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော နိုင်ငံတစ်နိုင်ငံအတွက်  နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာ များနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်။ သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဓိက အကျဆုံးသော တာဝန်ခံခြင်း၊ တာဝန်ယူစေခြင်းနှင့် ပွင့်လင်းမြင်သာမှု ရှိခြင်းတို့အတွက် အများယုံကြည်နိုင်သော လုပ်ဆောင်မှုတို့ မရှိသောအခါ အကျိုးစီးပွား ထိပ်တိုက်တိုးမှုများ၊ ဆန္ဒပြပွဲများနှင့်အတူ မတည်ငြိမ်သော နိုင်ငံတစ်ခုအဖြစ် သံသရာ လည်နေဦးမည် ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် Transparency International က ထုတ်ပြန်သည့် ၂၀၁၂ ခုနှစ် Corruption Perceptions Index တွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၂ ၌ ရှိနေပြီး မြန်မာနိုင်ငံ၏ အောက်တွင် ဆူဒန်၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီနိုင်ငံတို့သာ ရှိတော့သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံက အဆင့် ၈၀၊ အိန္ဒိယက ၉၄ နှင့် ထိုင်းက ၈၈ နေရာများ၌ ရှိသည်။ ရှီကျင်ပင်း ခေါင်းဆောင်သော တရုတ်အစိုးရ အဖွဲ့သစ် တက်လာသည့်အခါ အကျင့်ပျက် ခြစားမှုသည် တရုတ် ကွန်မြူနစ်ပါတီကို ပြိုလဲသွားစေနိုင်သည်ဟု ဆိုကာ လာဘ်စားမှုကို အပြင်းအထန်တိုက် ဖျက်မည်ဟု ကတိပြုခဲ့သည်။ သို့သော် ဝေဖန်သူများက တရုတ်ခေါင်းဆောင်သစ်များ၏ လာဘ်စားမှု တိုက်ဖျက်ရေး အစီအစဉ်သည် ယခုအထိ ရာထူးနိမ့် အရာရှိများကိုသာ အဓိက ပစ်မှတ်ထားနေပြီး အကြီးတန်းအရာရှိ လက်တစ်ဆုပ်စာမျှကိုသာ အရေးယူမှု ပြုလုပ်သည့်အပြင် လာဘ်စားမှု တိုက်ဖျက်ရေးကို အထောက်အကူပြုမည့် ပွင့်လင်းမြင်သာမှု မြင့်မားလာစေမည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၌ဆိုလျှင် မည်သူမဆို လာဘ်စားမှုများကို ဖွင့်ချ ရေးသားနိုင်ရန် Paid A bribe ဟူသည့် ၀က်ဘ်ဆိုက် တစ်ခုကိုပင် ဖွင့်ပေးထားသည်။
ထို့ကြောင့် လာဘ်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ရေရှည်ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးမှု တည်ဆောက်ရေး စသည့် ပြည်သူတို့၏အကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် စီမံခန့်ခွဲမှု အလွဲများ၏ သက်ရောက်မှုကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven တိုက်တွန်းအပ်ပါသည်။

EMG အယ်ဒီတာ အာဘော်
Read more...

အစွယ်လိုသူ ခရိုနီ၊ စေခိုင်းသူ မင်းတရားကြီး၊ မြားပစ်သူ EPC... သေပေတော့ ပြည်သူတွေ

0 comments

w1-30-6
ပြည်သူတွေရဲ့ နေရေးစားရေး ပိုကျပ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်တွေ ပိုအခက်တွေ့စေမယ့် အသိပေးချက်တစ်ခုကို အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်က ဘာလဲ။ အဲဒီရဲ့နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။အကန့်အသတ်နှင့်သာ မီးရနေသော၊ လျှပ်စစ်မီး အပြည့်အ၀ မရရှိသော စက်မှုဇုန်များက ဇာတ်လမ်းစသည်ဟု ပြောလိုက်ချင်တော့သည်။ မီးမရ တစ်ချက်၊ ရတစ်ချက် စက်မှုဇုန်များကို အစိုးရအနေဖြင့် အစိုးရဈေးဖြင့် မီးမပေးဘဲ ပုဂ္ဂလိက အနေဖြင့်သာ ပေးရန် စီစဉ်ထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစွယ်လိုသူ ခရိုနီတို့ ပြုံးပြီ

စက်မှုဇုန်များ မီးအပြည့်အ၀မရ၊ အစိုးရကလည်း မပေး၊ ပုဂ္ဂလိကသို့ လုပ်ခွင့်ပြုမည့် သတင်းသည် အစွယ်လိုသူ ခရိုနီတို့အတွက် ငွေတွင်းအဖြစ်မြင်စေမည့်သတင်း ဖြစ်သွားသည်။ အကြောင်းက ရှင်းသည်။ လျှပ်စစ်မီး အမြောက်အမြားသုံးရပြီး မီတာခ ကျပ်ဘီလျံပေါင်းများစွာ ပေးဆောင်နေရမှုက ခရိုနီတို့ကို သွားရည်ယိုစေသည်။ချက်ချင်းပင် စက်မှုဇုန်များကို ပုဂ္ဂလိကအနေနဲ့ မီးပေးခွင့်ရဖို့ ခရိုနီကုမ္ပဏီများက ဇုန်တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေး ကမ်းလှမ်းကြတော့သည်။ ကိုယ့်အတွက်လည်း အမြတ် အစွန်းကြီး၊ နိုင်ငံတကာ စံချိန်လည်းမီသည့် (ရမည့်အတွက်ဆို နိုင်ငံတကာ ဈေးအမီ တက်တောင်း ကြသည်) တစ်ယူနစ် ကျပ် ၂၅၀ လောက်အထိဖြင့် ကမ်းလှမ်းခဲ့ကြသည်။ စက်မှုဇုန်ဆိုသည်မှာ လျှပ်စစ်မီး ပေးခွင့်ရှိသူတို့အတွက် ငွေတွင်းကြီး ဖြစ်နေရာ တစ်ယူနစ် ကျပ် ၂၅၀သာ ရလိုက်လျင်ပြီးပြီဟု တွက်ထားပုံရသည်။

ခရိုနီတို့ ခေတ္တ အကျပ်ရိုက်ခြင်း

သို့သော် စက်မှုဇုန်များက ယနေ့အထိ လုံးဝ လက်မခံပေ။ အစိုးရဈေးဖြင့် အစိုးရမီး ရရှိရန်အတွက် စက်မှုဇုန်များက ထရန်စဖော်မာဖိုးမှအစ မီးကြိုးအဆုံး အစစအရာရာအတွက် ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံထားကြပြီးဖြစ်ရာ ခရိုနီများပေးသည့် ဈေးဖြင့် လုပ်ကိုင်လိုခြင်းမရှိသည်က အဓိက အချက် ဖြစ်နေသည်။ခရိုနီများတောင်းသည့် တစ်ယူနစ် ကျပ် ၂၅၀ ဆိုသည်မှာ စက်မှုဇုန်များ၏ လက်ရှိ အနေအထားပေါ်တွက်ကာ ရနိုင်သမျှ ဆွဲတင်တောင်းထားကြခြင်းလည်း ဖြစ်သည်။မီးအပြည့် မရသည့်အတွက် စက်မှုဇုန်များ မီးစက်ဖြင့် လည်ပတ်သည့်အခါတွင် တစ်ယူနစ် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျနေမှုအပေါ် ခရိုနီတို့က အကွက်မြင်ကာ ထပ်နင်းလိုက်ခြင်းဖြစ်သည်။

စေခိုင်းသူ မင်းတရားကြီးနဲ့ မြားပစ်သူ EPC  ဖြစ်နေမလား

ခရိုနီဟူသည် မင်းပေါက်စိုးပေါက် အိမ်တော်ပေါက်တွေ ဖြစ်လေတော့ ခရိုနီတို့၏ ခေတ္တအကျပ်ရိုက်နေမှု သည် မင်းတရားကြီးများ (လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်း ခံထားရသူများ) ရွှေနားတော် သို့ ရောက် ကာ စေခိုင်းလိုက်လေသည်လား မသိပါ။


တည့်တည့်ဆိုရသော် မီးမှန်မှန်မရတဲ့ စက်မှုဇုန်တွေကို ခရိုနီတွေက ကျပ် ၂၅၀-ကျပ် ၃၀၀ နဲ့ ဓာတ်အားရောင်းနိုင်အောင် ကျပ် ၁၅၀ အထိ ဈေးဆွဲတင်ပြီး ၀င်ခုပေးလိုက်သလားလို့
မေးခွန်းထုတ်ရမလိုပင်  .  .  .

အောက်တိုဘာ ၂၉ ရက်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စ၍ ဓာတ်အား ခနှုန်းထား များ ပြင်ဆင်သတ်မှတ်လိုက်သည်ဆိုကာ မတိုးမီ နှစ်ရက်အလိုကပ်၍ ပြည်သူသို့ အသိပေးလိုက်သည်။ အများပြည်သူသုံးအတွက် ယခင်ကထက် ၄၂ ရာခိုင်နှုန်း၊ စီးပွားရေးသုံးအတွက် ယခင်ကထက် နှစ်ဆ တိုးမြှင့်လိုက်သည့် သတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။မင်းတရားများ စကား ရှေ့နောက်မညီတာလား ခရိုနီတို့ဘက် ယိမ်းတာလား၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးစရိတ်နှင့် ပြန်ရသည့် ဓာတ်အားခ မကာမိ၍ ကိုက်ညီစေရန်အတွက်၊ အရှုံးမပေါ်စေရန်အတွက် မီတာခများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစကာ နှစ်ဆတက်မည်ဟု အသိပေးခဲ့သည်။

အိမ်သုံး တစ်ယူနစ် ၂၅ ကျပ်မှ ကျပ် ၅၀၊ လုပ်ငန်းသုံး တစ်ယူနစ် ကျပ် ၅၀ မှ ကျပ် ၁၀၀ သို့ တိုးမြှင့်မည်ဖြစ်ပြီး ၀န်ကြီးဌာနကိုယ်တိုင် တွက်ချက်ပြထားသည့် ဈေးဖြစ်သည်။သို့သော် တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းအခြေအနေ၊ အများပြည်သူ၏ ၀င်ငွေအရပ်ရပ်တို့ကို ပြန်လည်တွက်ချက်ပြီး အိမ်သုံးအား တစ်ယူနစ် ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းများအား ၇၅ ကျပ်အထိသာ တိုးမြှင့်ခဲ့သည်။
ယခု အိမ်သုံးအား ကျပ် ၅၀ ဟုဆိုသည့်အတွက် ရှေ့စကားနောက်စကား ညီသော်လည်း အများပြည်သူ ကို ပြန်လည် ၀န်ပိစေမည့် စီးပွားရေးလုပ်ငန်းများအပေါ်တွင်မူ ကျပ် ၁၅၀ အထိ ခုန်တိုးလိုက်ခြင်းမှာမူ မည်သည့်အတွက်ကြောင့်လည်း စဉ်းစားစရာ ဖြစ်နေသည်။မကိုက်လျင် တိုးရမည် ။ သို့သော် ရှေ့စကား နောက်စကားညီစေရန် စီးပွားရေး လုပ်ငန်းသုံးအား ကျပ် ၁၀၀ အထိ တိုးမည်ဆိုက လက်ခံစရာရှိသည်။ယခင် မီတာခများ တိုးမြှင့်စဉ်က ပြည်သူလူထုအား အသေးစိတ် တွက်ချက်ပြခြင်း၊ တစ်လနီးပါး ကြိုတင် အသိပေးခြင်းများ ပြုလုပ်ပြီးမှ တိုးမြှင့်ခြင်းဖြစ်သည်။ယခုတွင်မူ ဆိုင်းမဆင့် ဗုံမဆင့် နှစ်ရက်အလိုမှ ကပ်၍အသိပေးကာ ထုတ်ပြန်လိုက်ခြင်းမှာလည်း ယခင်လုပ်နည်းလုပ်ဟန်များဖြင့် ကွဲလွဲနေရာ သတင်းထွက်လာသည့်အတိုင်း ခရိုနီများဘက် ယိမ်းသလားဟုပင် ထင်စရာဖြစ်လာသည်။

ခရိုနီတို့ ပျော်လေပြီ

တစ်ဖက်မှ စဉ်းစားလျင် ယခု EPC ၏ ထုတ်ပြန်ချက်သည် ခရိုနီတို့ ပျော်စေမည့်ထုတ်ပြန်ချက်လို ပင် ဖြစ်နေသည်။ ရှင်းရသော် အစိုးရက တစ်ယူနစ် ၇၅ ကျပ်ဖြင့် ဆက်ကောက်လျင် ခရိုနီတို့ စက်မှု ဇုန်များဖြင့် ဆက်ညှိနှိုင်း၍ ရမည်မဟုတ်ပေ။ ယခင် တရားဝင် တိုးမြှင့်ရန် အသေးစိတ်တွက်ချက် ထုတ်ပြန်ထားသည့် ကျပ် ၁၀၀ အထိ တိုးမြှင့်သည့်တိုင် စက်မှုဇုန်များက အစိုးရ လျှပ်စစ်မီးဖြင့်သာ ထုတ်လုပ်ကြဦးမည်ဖြစ်သည့်အတွက် ခရိုနီတို့ အနားကပ်၍ ရဦးမည် မဟုတ်သေးပေ။ တစ်ယူနစ် ကျပ် ၁၅၀ သို့ တိုးမြှင့်လိုက်သည့်အခါတွင်မူ ခရိုနီတို့ လက်ဝယ် စက်မှုဇုန် လျှပ်စစ်မီးဖြန့်ဖြူးခွင့်ကြီး ရနိုင်စရာ လမ်းစကြီး ပေါ်လာပြီဖြစ်သည်။မီးစက်သုံးရသည့်အခါတွင် တစ်ယူနစ် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျမည်ဖြစ်ပြီး မရတစ်ချက်ရတစ်ချက် အစိုးရမီးကိုသုံးလျင် ကျပ် ၁၅၀ ပေးရမည်ဖြစ်သည်။ သို့သော် မီတာခတိုးမြှင့်ရာတွင် သတိချပ်သင့်သည့်စကားဖြင့် ထုတ်ပြန်လာသည်ကို တွေ့ရပြီး ၎င်းမှာ မီးအပြည့်အ၀ပေးမည်ဟု အာမမခံနိုင်ဟု ပြော၍ တိုးလိုက်ခြင်းဖြစ်သည်။စက်မှုဇုန်များကို အစိုးရအနေဖြင့် မီးမပေးဘဲ ပုဂ္ဂလိကလွှဲရန် လေသံပစ်ထား၍ ရှေ့ဆက်မီးရရှိရန် မသေချာမှု၊ ယခုအစိုးရမှ တိုးလိုက်သည့် ဈေးမှာလည်း ပုဂ္ဂလိကမှ လိုချင်နေသည့် ကျပ် ၂၀၀-၂၅၀ဈေးများနှင့် မကွာမှု၊ ကိုယ်တိုင် မီးစက်မောင်းသုံးရလျင် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျနိုင်မှုများအရ စက်မှုလုပ်ငန်း ရှင်များအားလုံး မဖြစ်မနေ ဦးတည်ရမည်က ပုဂ္ဂလိက မီးပေးလိုသူ အစွယ်လိုသူ ခရိုနီ များဖြင့် ဈေးဆက်ညှိကာ လုပ်ကိုင်ခွင့်ပေးလိုက်ရန်သာ ရှိတော့ရာ အစွယ်လိုသူများ ပျော်ကြလေ ပြီဟုပင် ပြောရတော့မည်ဖြစ်သည်။ တည့်တည့်ဆိုရသော် မီးမှန်မှန်မရသည့် စက်မှုဇုန်တွေကို ခရိုနီတွေက ကျပ် ၂၅၀ - ကျပ် ၃၀၀ နှင့် ဓာတ်အားရောင်းနိုင်အောင် ကျပ် ၁၅၀ အထိဈေးဆွဲတင်ပြီး ၀င်ခုပေးလိုက်သလားလို့ မေးခွန်းထုတ်ရမလိုပင် ဖြစ်နေသည်။

သေပေတော့  ပြည်သူတွေ

အများပြည်သူသုံးအတွက် ကျပ် ၅၀ သို့ ဓာတ်အားခတိုးမြှင့်လိုက်ခြင်းသည် ယေ ဘုယျအားဖြင့် လက်ခံနိုင်စရာဖြစ်သည်။(လက်ရှိ ပြည်သူ့မျက်နှာကြည့်လျင်မူ အချိန်မတန်သေး)။စီးပွားရေး လုပ်ငန်းသုံးများကို တိုးမြှင့်ရမည့် ကျပ် ၁၀၀ အစား ကျပ် ၁၅၀ အထိ တိုးလိုက်ခြင်းက စီးပွားရေးလုပ်ငန်းရှင်အပေါ်သာ ကျမည်ဟု စဉ်းစား၍ တိုးလိုက်ခြင်းဆိုလျင် လွန်စွာ လွဲမှားသည်ဟု ပြောရမည်။စီးပွားရေးလုပ်ငန်းရှင်က အဆိုပါ မီတာခကို ၀င်ထမ်းမည်မဟုတ်ပေ။ ထုတ်ကုန်နှင့် လုပ်အားခ အပါအ၀င် ကုန်ထုတ်လုပ်စရိတ် ကာမိမည့်နည်းလမ်းကိုသာ ရွေးချယ်မည်ဖြစ်ရာ အခြေခံလုပ်သားများကိုပုံမှန်တိုးပေးနေသည့်လုပ်အားခများရပ်သွားနိုင်ပြီးစိုက်ပျိုးမွေးမြူ တောင်သူများထံမှ ကုန်ကြမ်းဝယ်ယူရာတွင်လည်း ဈေးလျော့ဝယ်မည်သာဖြစ်ရာ စီးပွားရေးလုပ်ငန်းများသို့ တိုးလိုက်သည့် မီတာခကို အများပြည်သူကသာ ၀င်ထမ်းပေးရမည်ဖြစ်သည်။အများပြည်သူသုံးအတွက် တိုးလိုက်သည့် တစ်ယူနစ် ကျပ် ၅၀ ကိုလည်း ပြည်သူသာခံ၊ စီးပွားရေးလုပ်ငန်းများသို့ တိုး လိုက်သည့် ကျပ် ၁၅၀ ကိုလည်း ပြည်သူသာခံခြင်းဖြင့်အစွယ်လိုသူ၊ စေခိုင်းသူ၊ မြားပစ်သူဇာတ်ပေါင်းထုပ်လျှင် သေရမည်မှာ
 ပြည်သူသာဖြစ်တော့မည်။

ပြည်သူတွေရဲ့ ပစ္စက္ခ

အောက်တိုဘာ ၂၉ ရက်။ လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ တိုင်ကွန်အထည်ချုပ်စက်ရုံ အလုပ်သမားများ လစာကျပ် တစ်သောင်းခွဲတိုးရဖို့ (တစ်ရက် ကျပ် ၅၀၀ လုပ် အားခ တိုးရဖို့)၊ တစ်ရက် အလုပ်ပျက် ကျပ် ၅၀၀၀ ဖြတ်နေတာကို ကျပ် ၃၀၀၀ ပဲ ဖြတ်ဖို့၊ နေမကောင်းလို့ ခွင့်ယူရင် ဆုကြေးလေး မဖြတ်ဖို့အတွက် အလုပ်သမား ၈၀၀ မှ ဆန္ဒပြ တောင်းဆိုနေရသည်။ တစ်လ ကျပ်တစ်သောင်းခွဲ ပိုရဖို့ရန် နိုဝင်ဘာ ၂၆ ရက်မှစကာ လေးရက်ကြာသည်အထိ ဆန္ဒပြနေကြခြင်းဖြစ်သည်။ဆန္ဒပြနေသည်ဟု ဆိုသော်လည်း ၎င်းတို့ ဒုက္ခခံတောင်းဆိုနေသည့် ကျပ်တစ်သောင်းခွဲ ရမည် မရမည်က မရေရာ မသေချာသေး။
ဆိုလိုချင်သည်က ယခုအချိန်အထိ အများပြည်သူမှာ နေမှုစားမှုစရိတ်ဖြင့် ကိုက်ညီသည့် ၀င်ငွေ မရရှိသေးခြင်းကို ပြဆိုလိုခြင်း ဖြစ်သည်။စီးပွားရေး လုပ်ငန်းများတွင်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ယခု အချိန်အထိ ရပ်တည်နိုင်ရန် အနိုင်နိုင် ကြိုးပမ်းနေရဆဲဖြစ်ပြီး အစိုးရအနေဖြင့် အချိန်ပေး ထောက်ပံ့ရမည့် အနေအထားအဖြစ် ရှိနေဆဲဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် မီတာခ တက်လိုက်ခြင်းမှာ လှိုင်သာယာတွင် လစာကျပ်တစ်သောင်းခွဲ တိုးရရေး ဆန္ဒပြနေရသော လုပ်သားများကဲ့သို့ ၀င်ငွေနည်း ပြည်သူများ၏ ရင်ဘတ်ကို ဆောင့်တွန်း လိုက်သည် ဟုပင် ပြောရမလို ဖြစ်နေသည်။

လွှတ်တော်ကို မေးလိုက်ချင်ပါသည်

အများပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ယခု မီတာခ တိုးမြှင့်ခြင်းမျိုးသည် လွှတ်တော်သို့တင်ကာ အဆုံးအဖြတ်ရယူ အချေအတင်ဆွေးနွေးပြီး ပြည်သူကိုချပြပြီးမှ ဆုံးဖြတ်ကာ ထုတ်ပြန်သင့်သည်။
ပုဂ္ဂလိကသို့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် ပေးမည်ဆိုပါကလည်း စံသတ်မှတ်ထားသည့်ဈေးနှုန်း၊ အချက်အလက်များပါသည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြီးမှ ချထားပေးရမည်ဖြစ်သည်။

ယခု လွှတ်တော်မှပင် မသိလိုက်ဘဲ အများပြည်သူသို့ ပြင်ဆင်ချိန်ရရှိစေရန် အချိန်လုံလောက်စွာ ကြိုတင်အသိပေးမှုမရှိဘဲ ထုတ်ပြန်ခြင်း၊ သီးသန့် ဥပဒေတစ်ရပ် မရှိသေးဘဲ ပုဂ္ဂလိက သို့ ဈေးအမျိုး မျိုးဖြင့် လုပ်ကိုင်ခွင့်ပြုနေခြင်း၊ အများပြည်သူအနေဖြင့် နေမှုစားမှု စရိတ်များ ထပ်မံမြင့်တက်မည့် အခြေအနေ ဆိုက်ရောက်နေခြင်းမျိုးကို မည်သို့များ ဖြေရှင်းကြမလဲ။ ဖြေရှင်းရန်မရှိဘဲ ယခုအတိုင်း ပြီးသွားမလား။ လွှတ်တော်နှင့် မဆိုင်တော့ဘူးလား ဆိုသည်ကို လွှတ်တော်အမတ်များ အားလုံးထံ မေးခွန်းထုတ်လိုက်ချင်ပါသည်။ပြည်သူ့အတွက် တပ်မတော်ဟုဆိုသော တပ်မတော်မှ ၂၅ ရာခိုင်နှုန်းသောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရောအများပြည်သူအတွက် မေးမြန်းပေးရန် ရှိမရှိ ပြည်သူတို့ကိုယ်စား ထပ်၍ မေးခွန်းထုတ်လိုက်ချင်ပါသည်။အရေးကြီး အဆိုအဖြစ် ခဏခဏတင်ခဲ့ ကြဖူး ရာ ယခု လျှပ်စစ်မီတာခတိုးမြှင့်ခြင်း၊ ပုဂ္ဂလိကလက်ဝယ်သို့ ပွင့်လင်းမြင်သာမှု မရှိသည့်ဈေးများဖြင့် လုပ်ခွင့်ပေးနေခြင်းများသည်အရေးကြီးအဆိုအဖြစ်တင်၍ရမရကိုလည်း နောက်ဆုံး မေးလိုက်ချင်ပါသေးသည်။

နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ ပိုမိုဆင်းရဲသွားပါသလဲ .   .   . ။

အစိုးရကိုလည်း မေးလိုက်ချင်တယ်

၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင်ကတည်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီ များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပေးနေခဲ့ပြီး မြို့နယ်ပေါင်း၈၄မြို့နယ်အထိ ပေးရန်စီစဉ်ခဲ့သည်။ပုဂ္ဂလိကသို့လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd  အမည်ဖြင့်)၊ ဆန်စပါးလုပ်ငန်းဖြင့် အကျိုးအမြတ်ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊လုပ်ငန်းပေါင်းများစွာလုပ်ကိုင်ခွင့်ရရှိထားသည့် ဒေါက်တာ ကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက်လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်ထဲမှ ရယူထားခဲ့ကြသည်။အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd  အမည်ဖြင့်) ဆိုပါက ကုမ္ပဏီတစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီးအရှေ့ရှိ မြို့ နယ်ပေါင်း ၂၇ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူးခွင့် ရရှိသွားခဲ့သည်။အေးရှားဝေါလ်ကုမ္ပဏီ (ရွှေစွမ်းအင် ကုမ္ပဏီ) က BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ခွင့်ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြန်လည်ဝယ်ယူရာတွင် တစ်ယူနစ်လျင် ကျပ် ၇၀ အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန်အတွက်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူစာချုပ်ခဲ့သည့်အတွက် တစ်နှစ်လျင် ကျပ်ဘီလျံ  ၃၀ ကျော်အထိ အများပြည်သူဘဏ္ဍာထဲမှ အေးရှားဝေါလ်ကုမ္ပဏီသို့ ပေးချေရတော့မည်ဖြစ်သည်။
သောက်ရေခပ် (၂) အား BOT စနစ်ဖြင့် ပုဂ္ဂလိကသို့ စိုက်ထုတ်လုပ်ကိုင်ခွင့်ပြုသည် ဆိုသော်လည်း မြန်မာနိုင်ငံအပေါ် တရုတ်မှ ထုတ်ချေးသည့် ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၇၂ သန်းကျော်ကိုပင် ထည့်သွင်း အသုံးပြုခဲ့သေးသည်။သမ္မတကြီးလက်ထက် အစွမ်းအရှိဆုံး၊ ပါလေရာ အခွင့်အရေးရသူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရင်းနှီးသူ ရွှေတောင်ကုမ္ပဏီသည်လည်း ဘီလူးချောင်း (၃) စီမံကိန်းကို လုပ်ဆောင်ခွင့်ရထားပြီး အောက်တိုဘာလကုန်တွင် ပြီးစီးတော့မည်ဖြစ်သည်။ဘီလူးချောင်း (၃) စီမံကိန်းအား တည်ဆောက်ရာတွင် မြန်မာနိုင်ငံအပေါ် တရုတ်က ထုတ်ချေးသော ချေးငွေထဲမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော်ကို ထည့်သွင်း အသုံးပြုခွင့်ကိုပါ ပေးလိုက်သေးသည်။လုပ်ကိုင်ခွင့်ရရှိပါက အကျိုးအမြတ်များစွာ ရနိုင်သည့် လှိုင်သာယာစက်မှုဇုန်အား မီးပေးခွင့်ကိုလည်း ရွှေတောင်ကုမ္ပဏီလား ဘာလားဟု အသံထွက်နေသေးသည်။ မြို့နယ်ပေါင်း ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်အား လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပေးခဲ့ခြင်း၊ ချပေးရာတွင် ဈေးနှုန်းအမျိုးမျိုးဖြင့် စာချုပ်ချုပ်ဆို ချထားပေးခြင်း၊ ရရှိသွားသည့် ကုမ္ပဏီများထဲတွင်လည်း အစိုးရတာဝန်ရှိသူများနှင့် နီးစပ်သည့် လုပ် ငန်းရှင်များသာ အများဆုံးရရှိသွားခြင်း၊ ထိုသို့ ပုဂ္ဂလိက လွှဲပြောင်းပြီးမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လိုက်ခြင်း၊ တိုးမြှင့်မှုအပေါ် အများပြည်သူ ပြင်ဆင်ခွင့်ရစေရန် အချိန်လုံလောက်စွာ မပေးဘဲ နှစ်ရက်အလို၌ ထုတ်ပြန်ခြင်း၊ ကျပ် ၁၀၀ အထိသာ တိုးရမည့် စီးပွားရေးလုပ်ငန်းသုံး မီတာခကို ကျပ် ၁၅၀ အထိ တိုးလိုက်ခြင်းများသည် မည်သည့်အတွက်ကြောင့်ပါလဲဟု တာဝန်ရှိသူများကို မေးခွန်းထုတ်ချင်မိပါသည်။နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ ပိုမိုဆင်းရဲသွားပါသလဲ . . .။မတတ်နိုင်ပါ...ပြည်သူသန်းပေါင်းများစွာကိုယ်စား ကြားသိရသမျှ မေးသင့်၍ မေးမြန်းလိုက်ပါပြီ။ တရားစွဲဆိုမည်ဆိုလျင်လည်း သမ္မတကြီးနှင့် ငပုတော တစ်နယ်တည်းသား ကျွန်တော် မာန်သူရှိန် အနေဖြင့် ရင်ဆိုင်ရမည်သာဖြစ်သည်။ သမ္မတကြီး ... အမှန်တွေ မြင်နိုင်ကြားနိုင် ပြင်နိုင်ပါစေ ။    ။

EMG
Read more...

ဆွာချောင်း ရေလှောင်တမံ ကျိုးသည့်သတင်းကြောင့် လူ ၁၀၀၀ ကျော် တိမ်းရှောင်

0 comments

31.10.2013

တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၀နာရီက ဆွာချောင်း ရေလှောင် တမံ ကျိုးကျခြင်းမရှိစေရန် ရေပိုလွှဲပေါက်မှ ရေဖောက်ချခဲ့ရာ ရေလှောင်တမံ ကျိုးသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ဆွာမင်းလမ်း တံတားကြီး မျောက်လွှတ်ကုန်း၊ သရက်တောကျေးရွာ တို့မှ အိမ်ထောင်စု ၁၀၀ ကျော်ရှိ လူဦးရေ ၁၀၀၀ ကျော် ဆွာမြို့ပေါ် သို့ ရေဘေးတိမ်းရှောင် လာခဲ့ကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဆွာချောင်း ရေလှောင်တမံ၏ ရေသိုလှောင်နိုင်အားမှာ ၃၃၇ ပေသာ ရှိသော်လည်း သုံးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၃၄၁ ဒသမ ၂ပေ အထိ ရောက်ရှိလာသဖြင့် ရေပို လွှဲပေါက် မှ ရေဖောက် ချခဲ့ခြင်း ဖြစ်ကြောင်း ရေတာရှည် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“လူတစ်ထောင်နီးပါး အတွက် ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်ထားပါတယ်” ဟု ၄င်းကဆိုသည်။
ဆွာမြို့ ချောင်းကမ်းပါးတွင် ရေကြီးရေလျှံမှုကို ဆွာချောင်းတမံ ကျိုးသည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့ရာ ချောင်းကမ်းပါးအနီး နေထိုင်သူ ၇၀၀ ကျော်ခန့်က ဆွာမြို့ပေါ်သို့ ရောက်ရှိလာခဲ့ ကာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း များတွင် နေရာချထားပြီး ဒေသခံများက ထမင်းထုပ် များ ဖြန့်ဝေလျက်ရှိကြောင်း ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးချစ်ထွေးက ပြောကြားသည်။
အောက်တိုဘာလ ၂၈ရက် ညနေ ၆နာရီမှ စတင်ကာ ဆွာမြို့ (ရန်ကုန် – မန္တလေး လမ်းဟောင်းတွင် )ရေတစ်ပေခွဲခန့် မြင့်တက်ခဲ့ပြီး ရေနီ၊ သရက်တော၊ တံတားကြီးကျေးရွာ၊ သဖန်းစင်ကျေးရွာ တို့မှ လူ ၂၀၀ ခန့်ကို စက်ရုံကြီးကျောင်းတိုက်၊ ဥယျာဉ်ကျောင်းတိုက်၊ ရွာဦးကျောင်းတိုက် တို့တွင် နေရာ ချထားပေးလျက် ရှိကြောင်း၊ မူလတန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း အပါအဝင် ကျောင်းသုံးကျောင်းကို ခေတ္တပိတ်ထားရကြောင်း ဆွာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ် အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“မိုးကရွာနေသေးတော့ ရေထပ်တက် မတက်ကို စောင့်ကြည့်နေရပါတယ်၊ ကယ်ဆယ်ရေး လည်း ဆောင် ရွက် နေပါတယ်” ၄င်းက ပြောကြားသည်။အလားတူ တောင်ငူမြို့နယ် အနိမ့် ပိုင်းရပ်ကွက်များ ဖြစ်သော (၉) ရပ်ကွက်၊ ၂၀ရပ်ကွက်နှင့် ကျေးရွာ အုပ်စုနှစ်ခုတို့တွင် အိမ်ခြေ ၆၀၀ ခန့် ရေအနက် လေးပေမှ ခုနစ်ပေအထိ ရေဝင်ရောက်လျက်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။
“ကျွန်တော်တို့ရပ်ကွက်က အနိမ့်ပိုင်းမှာ ရှိနေတာကြောင့် ရေဝင်တဲ့ အိမ်ခြေ က ၃၀၀ ကျော်ပါတယ်။ ကယ်ဆယ်ရေး စခန်းမဖွင့်ထားသေးဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတာတော့ ရှိပါတယ်။ အခုထိ စောင့်ကြည်နေပါတယ်” ဟု တောင်ငူမြို့ (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာထိုက်က ပြောကြားသည်။
တောင်ငူခရိုင်အတွင်း စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မိုးဆက်တိုက် ရွာသွန်းမှု များကြောင့် စစ်တောင်းမြစ်ရေသည် စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် တိုင်းထွာချက် များအရ တောင်ငူမြို့၏ စိုးရိမ်ရေမှတ် အထက် ၆၃၆ စင်တီမီတာကို ကျော်လွန်၍ ၆၄၂ စင်တီမီတာ သို့ ရောက်ရှိနေ သောကြောင့် အထက်ပါမြို့များ၏ အနိမ့်ပိုင်းရပ်ကွက် များတွင် မြစ်ရေဝင်ရောက်ခြင်း ၊ ရေတာရှည် မြို့နယ် ဆွာမြို့တွင် ရန်ကုန်-မန္တလေး လမ်းဟောင်း ရေကျော်ခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်း ဒေသခံများနှင့် တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

စစ်တောင်းမြစ်ရေသည် ၆၄၅ စင်တီမီတာ မကျော်လွန်သရွေ့ တောင်ငူ ခရိုင်တွင်းရှိ မြို့များ တွင် မြစ်ရေကြီးသည့် ဘေးအန္တရာယ် ကြီးကြီးမားမား မကျရောက် နိုင်ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သုံးသပ်ပြောကြား သည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ပထမပတ်က တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်မှတ် ကျော်လွန် ခဲ့သဖြင့် တောင်ငူမြို့နယ် ရပ်ကွက်ပေါင်း ၂၀ ကျော်မှ လူဦးရေ နှစ်သောင်းနီးပါးကို ရေဘေးဒုက္ခသည် စခန်း ၁၉ ခု ဖွင့်လှစ်၍ ရက်ပေါင်း ၂၀ ခန့် နေရာ ချထားပေးခဲ့ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here